ကွမ်းရည်တော်ဆိုသည်မှာ ဘုရင်မင်းမြတ်တို့ အပါးတွင် စေပါးတော်မူ၍ နံနက်မျက်နှာသစ်တော်၊ ညနေဘုရား ပူဇော်တော်မူသောအခါ ရွှေဖလားကလာပ်နှင့် ထည့်သော ဆန်ပန်းပေါက်ပေါက်၊ ၎င်းပြင် မွှေးကြိုင်သော ရရာပန်းတို့ကို နံနက်ည အမြဲမပြတ် ဆက်သ၍ ထွက်တော်မူသောအခါ ကွမ်းအစ်တော်၊ ကွမ်းလောင်းတော်၊ ကွမ်းခွက်တော်၊ သောက်တော်ရေ စသော သာမည မင်းခမ်းမင်းနား မင်းသုံးဘဏ္ဍာတော်များကို ကိုင်ဆောင်လိုက်ပါကြရသော သူများကို ခေါ်ဆိုသည်။ ၎င်းတို့ကို မင်းဧကရာဇ်တို့ မပြတ်စေပါးတော် မူသည်။

ကွမ်းရည်တော်များကို အခြားအရာရှိတို့နှင့် ရောနှောလျက် ထွက်ဝင်ခစားခြင်း မပြုရ။ သီးခြားခစား ထမ်းရွက်ခစားစေလျက် လေသာဆောင်၌သာ နေကြရသည်။ ကွမ်းရည်တော်သားများကို သာမန်လူတို့ မခန့်ထားဘဲ ဘုရင့်ဆွေတော်မျိုးတော်များဖြစ်သော မင်းသားကြီးတို့၏ သားများ၊ စော်ဘွား၊ မြို့စားတို့၏ သားတော်ညီတော်များ၊ ဝန်ကြီး၊ အတွင်းဝန်တို့၏ သားတော်ညီတော်များသာ ခစားထမ်းရွက်ရသည်။ ထိုအောက်နိမ့်သော အရာရှိတို့၏ သားညီများကို မထမ်းရွက်ရ။ [၁]


ကိုးကား ပြင်ဆင်ရန်

  1. မြကေတု၏ နန်းဓလေ့ မှတ်တမ်း