ခင်ခင်ထွေး (လှံတံပစ်)

မြန်မာအားကစားသမား
အ​ပြေးမယ် အတွက် ခင်ခင်ထွေး (အပြေးမယ်) ကို ကြည့်ပါ။

အားကစားသမား ခင်ခင်ထွေးသည် နိုင်ငံ့ဂုဏ်ဆောင် ကျွန်းဆွယ် လှံတံပစ် ချန်ပီယံ တစ်ဦး ဖြစ်ပြီး ၂၅ မေ ၁၉၃၇ တွင် ဗန်းမော်မြို့၊ ကုက္ကိုလ်တောရပ်ကွက်၌ ကျောင်းဆရာကြီး ဦးဖိုးချို၊ ဒေါ်နှင်းယုံတို့က ဖွားမြင်သည်။ မွေးချင်း ညီအစ်ကိုမောင်နှမ ၈ ဦးအနက် အ‌ငယ်ဆုံး ဖြစ်သည်။

လှံတံပစ်ချန်ပီယံ
ခင်ခင်ထွေး
မွေးဖွား၂၅ မေ ၁၉၃၇
ဗန်းမော်မြို့၊ ကုက္ကိုလ်တောရပ်ကွက်
ကွယ်လွန်၃ ဒီဇင်ဘာ၊ ၂၀၂၀(2020-12-03) (အသက် ၈၃)
မြင်းခြံမြို့မန္တလေးတိုင်းဒေသကြီး
မိခင်ကျောင်းဗန်းမော်၊ စိန်ကိုလန်ဘန်အထက်တန်းကျောင်း
အလုပ်အကိုင်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး
ရရှိသည့်ဆုများရွှေ ၂ ဆု၊ ငွေ ၃ ဆု၊ ကြေး ၂ ဆု

ခင်ခင်ထွေးသည် ငယ်စဉ်က ဗန်းမော်မြို့ စိန်ကိုလန်ဘန် အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့ရာ တက္ကသိုလ်ဝင်တန်းအထိ အောင်မြင်ပြီး ၁၉၅၄ တွင် လှံတံပစ်နှင့် သံလုံးပစ် မြန်မာ့လက်ရွေးစင် ဖြစ်လာသည်။ ၁၉၅၉၊ ပထမကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် လှံတံပစ်၌ ပထမရွှေတံဆိပ်ဆု၊ သံလုံးပစ်၌ တတိယကြေးတံဆိပ်ဆု ရသည်။ ၁၉၆၁ ဒုတိယကျွန်းဆွယ် အားကစားပြိုင်ပွဲ၌လည်း လှံတံပစ်တွင် ဒုတိယ ငွေတံဆိပ်ဆု၊ သံလုံးပစ်တွင် တတိယ ကြေးတံဆိပ်ဆု ရသည်။ ၁၉၆၅ တွင် တတိယအကြိမ် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် ၎င်းသည် လှံတံပစ် ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူးသည့်ပြင် ၁၉၆၆ ပဉ္စမအကြိမ် အာရှ အိုလံပစ် အားကစားပြိုင်ပွဲတွင် လှံတံပစ်၌ ဆဋ္ဌမ ရယူသည်။

၁၉၆၇ စတုတ္ထအကြိမ် ကျွန်းဆွယ် အားကစားပြိုင်ပွဲ၊ လှံတံပစ်၌ ပထမရွှေတံဆိပ်၊ ၁၉၆၉ ပဉ္စမကျွန်းဆွယ် အားကစားပြိုင်ပွဲ၌ ဒုတိယ ငွေတံဆိပ်တို့ကို ရရှိသည်။ ယင်းနောက် အားကစားမှ အနားယူခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၌ နည်းစနစ်မှူး တာဝန် ထမ်းဆောင်သည်။[၁]

ဆက်စပ် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဖေဖော်ဝါရီလ၊ ၂၀၁၃)။ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ။ မဇ္ဈိမစာပေ။ p. ၂၆။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)