ဒေါ်ခင်နွဲ့ဟန်ကြည် (၁၉၄၁-၂၀၁၀) ပြင်ဆင်ရန်

ဒေါ်ခင်နွဲ့ဟန်ကြည်ကို ဦးမြတ်သိန်း (ပါဠိဆရာကြီး)၊ ဒေါ်နှင်းအုံတို့က ၁၉၄၁ ခုနှစ် မေလ ၃ ရက်နေ့တွင်ရန်ကုန်မြို့ ကျောက်မြောင်း တာမွေရပ်ကုသိုလ်ဖြစ်ဆေးရုံ၌ မွေးဖွားသည်။ ဝိဇ္ဇာတွဲ ဥပစာတန်းကို ၁၉၅၉ ခုနှစ် မတ်လတွင် ထီးတန်းကောလိပ်မှလည်းကောင်း၊ ဝိဇ္ဇာဘွဲ့ကို ၁၉၆၁ ခုနှစ် မတ်လတွင် ရန်ကုန်တက္ကသိုလ်မှလည်းကောင်း အောင်မြင်ခဲ့သည်။ ၁၉၆၂-၆၆ ခုနှစ်တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရုံး၌ သင်တန်းဆရာအဖြစ် လည်းကောင်း၊ ၁၉၆၆-၇၉ ခုနှစ်တွင် သာသနာရေးဦးစီးဌာန၌ သုတေသနအရာရှိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ သုတေသနအရာရှိအဖြစ်နှင့် စာကြည့်တိုက်လုပ်ငန်းများကိုလည်း တွဲဖက်တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

၁၉၇၂-၇၆ ခုနှစ်တွင် မရမ်းကုန်းမြို့နယ် မြန်မာစာအဖွဲ့၌ အဖွဲ့ဝင်အဖြစ်ပါရှိ၍ စာပေရေးရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ သင်္ဃန်းကျွန်းမြို့နယ် လူငယ်ရေးရာညကျောင်းတွင် အချိန်ပိုင်းအထက်တန်းပြဆရာမအဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၇၉-၈၅ ခုနှစ်တွင် သင်္ဃန်းကျွန်းမြို့နယ် ပါတီယူနစ်ကော်မတီဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် စာကြည့်တိုက်ပညာဒီပလိုမာကို ဂုဏ်ထူးဖြင့်ပထမရရှိခဲ့သည်။ ၁၉၉၀-၉၅ ခုနှစ်တွင် သာသနာရေး ဝန်ကြီးဌာန သာသနာရေးဦးစီးဌာန၌ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၉ မှ ၂၀၀၄ ခုနှစ်အထိ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ညွှန်ကြားရေးမှူးအဖြစ်ဆောင်ရွက်စဉ် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနရှိ သုတေသန စာကြည့်တိုက်၊ ပြတိုက်၊ ပေစာဌာနတို့တွင် ကူညီဆောင်ရွက်ပေးခဲ့သည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ သာသနာရေးဦးစီးဌာနတွင် အကြံပေးအရာရှိအဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ကွယ်လွန်ချိန်အထိ သာသနာရေးဦးစီးဌာနတွင် ကျွမ်းကျင်သူအဖြစ်လည်းကောင်း လုပ်ငန်းတာဝန်များထမ်းဆောင်ခဲ့သည်။ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ပေးအပ်သော ရုပ်ရှင်၊ ဗီဒီယိုဆင်ဆာအဖွဲ့တွင် ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၀ ပြည့်နှစ်အထိ လည်းကောင်း၊ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီဆု) အတွက် ရုပ်ရှင်အကယ်ဒမီဆင်ဆာအဖွဲ့တွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် ကွယ်လွန်ချိန်အထိလည်းကောင်း စိစစ်ကြည့်ရှု အကဲဖြတ်ဆောင်ရွက်ပေးခဲ့သည်။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် အဘိဓမ္မတ္ထသင်္ဂဟသင်္ဂြိုဟ်ကိုးပိုင်းသင်တန်းလေ့လာချက်များကို ပထမ၊ ဒုတိယ၊ တတိယ အတွဲသုံးတွဲဖြင့် ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၆၆ ခုနှစ်မှစ၍ သာသနာရေးဆိုင်ရာ စာတမ်းများ၊ ဆောင်းပါးများ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်တွင် အထူးဆောင်းပါးများစသည်တို့ကို ကွယ်လွန်ချိန်အထိ သစ္စာ၊ ဖြူစင်၊ ဒေါ်ခင်နွဲ့ဟန်ကြည်ကလောင်အမည်များဖြင့် ရေးသားခဲ့သည်။

ဆရာမကြီးသည် တာဝန်များကိုထမ်းဆောင်ရင်း ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)