ယုဝတီခင်ဦးကို ဆရာဝန်ကြီး ဦးလှမောင်နှင့် အမိဒေါ်ခင်ရီတို့က ၁၉၃ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။ သားသမီး နှစ်ဦးအနက် အကြီးဆုံး ဖြစ်၍ ငယ်နာမည်များမှာ စန္ဒီလှမောင်နှင့် ကစ်တီ ဖြစ်သည်။ အမည်ရင်းမှာ ရီရီလှ ဖြစ်သည်။ ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းတက်ရောက်ခဲ့သည်။

ယုဝတီခင်ဦး
'
မွေးသက္ကရာဇ် ၂ ဇူလိုင် ၁၉၃၀
အမည်ရင်း ဒေါ်ရီရီလှ
မိဘအမည် ဆရာဝန်ကြီးဦးလှမောင်+ဒေါ်ခင်ရီ
မွေးဖွားရာဒေသ ရန်ကုန်မြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း ဆရာဝန်ဘွဲ့ (အမ်ဘီဘီအက်စ်ဘွဲ့)၊ D.C.H., F.N.C.P. (UNU)
အလုပ်အကိုင် ကလေးအထူးကု ဆရာဝန်ကြီး၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ဗဟို) ဂုဏ်ထူးဆောင် နာယက၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အမျိုးသမီး ဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက၊ မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း နာယက
ကြင်ဖော် ဦးဝင်းဆွေ
သားသမီး မောင်ဇော်ဝင်းဆွေ
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာ
ထင်ရှားသည့်လက်ရာများ သက်လျာဦး (၁၉၅၂)၊ ကလေးများနှင့် ကလေးဆရာဝန် (၁၉၇၃)၊ ဆုထူးငယ်ပန်ရွယ်သွန်းနှင့် မဂ္ဂဇင်းဝတ္ထုရှည်များ (၁၉၉၈)၊ ရောဂါသုတ၊ ဆေးသုတ (၁၉၉၈)၊ ရွှေစင်ဦးနှင့် အခြားဝတ္ထုတိုများ (၁၉၉၉)၊ ရင်သွေး ကျန်းမာရေး ရှုထောင့်အဖြာဖြာ (၂၀၀၀)၊ ရွှေနိုင်ငံ၏ အလှသစ္စာများ (၂၀၀၃)
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ သီဟသုဓမ္မသိင်္ဂီဘွဲ့၊ ယုဝတီ ကလောင်ရှင်ဘွဲ့၊ Fellowship ဘွဲ့
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်



M.B.B.S., D.C.H., F.N.C.P. (UNU) ဘွဲ့များ ရရှိခဲ့ပြီး ကလေးအထူးကု ဆရာဝန်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မိခင်နှင့် ကလေးကျောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန (ငြိမ်း)၊ အကြံပေး ပုဂ္ဂိုလ်၊ ကျန်းမာရေး ဝန်ကြီးဌာန(ငြိမ်း)၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း (ဗဟို) ဂုဏ်ထူးဆောင် နာယက၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အမျိုးသမီး ဆရာဝန်များ အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ လုပ်ငန်း ကော်မတီ (စီးပွားရေး ဆပ်ကော်မတီ) အကြံပေး ပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက၊ မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း နာယကအဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဗဟန်းမြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့တွင်လည်း နာယက တဦး ဖြစ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၀၃) ဖြင့် သီဟသုဓမ္မသိင်္ဂီဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။


ငယ်စဉ်ကပင် စာပေ၊ ဝတ္ထု၊ ဆောင်းပါး ရေးသားခြင်း ဝါသနာပါသောကြောင့် အသက် ၇ နှစ် အရွယ် တတိယတန်းတုန်းကပင် ဗလာစာအုပ် တအုပ်နှင့် စိတ်ကူးယဉ် ရေးသားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မိသားစုနှင့် ကွမ်းခြံကုန်း မြို့နယ်သို့ စစ်ပြေးဘဝနှင့် ရောက်သွားခဲ့သည်။ ထိုမြို့တွင် ဖခင်ကြီးက မြို့နယ် ဆရာဝန် အဖြစ် ဆေးရုံသို့ အလုပ်သွားစဉ် တကောက်ကောက် လိုက်ခဲ့သည်။


ထို့နောက် မိခင်ဖြစ်သူ စစ်မဖြစ်မီက စုဆောင်းထားသော ဂန္တလောက၊ ကဝိမျက်မှန်၊ ဒဂုန်မဂ္ဂဇင်း၊ မှော်ဘီဆရာသိန်းကြီး၊ ဒဂုန်ခင်ခင်လေး၊ ဒဂုန် ခင်းလေးဆွေ၊ မဟာဆွေ၊ မင်းဆွေနှင့် ရွှေဥဒေါင်းတို့ ရေးသားသော စာအုပ်များ ဖတ်ခဲ့သည်။


၁၉၄၄ ခုနှစ်မှ စ၍ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများကို 'ခင်ဦး' ကလောင်အမည်ဖြင့် ယုဝတီဂျာနယ်၊ တိုင်းရင်းမေ ဂျာနယ်တို့တွင် စတင်ရေးသားခဲ့သည်။ ထို့အပြင် ဒီးဒုတ်ဂျာနယ်၊ ဂျာနယ်ကျော်၊ တိုင်းရင်းမေ၊ တိုင်းရင်းသူ ဂျာနယ်များသို့လည်း ကဗျာ၊ ဝတ္ထုများ ပေးပို့ခဲ့သည်။ ၇ တန်းနှစ်က ယုဝတီဂျာနယ်တွင် အပတ်စဉ် စာရေးခြင်း၊ ကဗျာ ကွန့်မြူးခြင်းတို့ဖြင့် 'ယုဝတီ ကလောင်ရှင်ဘွဲ့' ကို ရရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၊ အသက် ၁၈ နှစ်တွင် ယုဝတီဂျာနယ်မှ 'ယုဝတီဘွဲ့' ထပ်မံ ချီးမြှင့်လိုက်သော အခါ ဆရာဝန် (အမ်ဘီဘီအက်စ်) ဘွဲ့ ရလိုက်သကဲ့သို့ ဝမ်းမြောက် ဝမ်းသာခဲ့ရသည်။


မြဝတီ၊ ရှုမဝ၊ သွေးသောက်၊ ကလောင်စုံ၊ မိုးဝေ၊ စုံထောက် မဂ္ဂဇင်း၊ ဆန်းညွန့်ဦး မဂ္ဂဇင်းတို့တွင် ရွှေစင်ဦး၊ ညီမလေး၊ ပါးမို့နီနီ၊ ဆုထူးငယ် ပန်ရွယ်သွန်း၊ ချစ်သမျှကို၊ ရွှေကြက်သံချို၊ ကျော့လှပဟန်၊ ချစ်ကြသည် ဆိုရာဝယ်၊ သီတာသောင်ခြေဦး၊ မောင့်အသက်လို ချစ်တဲ့ထား စသည့် ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားခဲ့သည်။ အိုးဝေမဂ္ဂဇင်း၊ ကမာရွတ် မဂ္ဂဇင်း၊ ဆေးသိပ္ပံ မဂ္ဂဇင်း၊ မြန်မာအမျိုးသမီး မဂ္ဂဇင်း၊ ရွှေစင် မဂ္ဂဇင်း (အင်းလျားဆောင်) တို့တွင် တွဲဖက်စာတည်း အဖြစ် ဆောင်ရွက်ခဲ့သည်။ သက်လျာဦး (နှစ်ကျပ်တန်) လုံးချင်းဝတ္ထုကို ဆေးတက္ကသိုလ်တွင် တက်ရောက်နေစဉ် ရေးသားခဲ့သည်။


၁၉၅၇ ခုနှစ်တွင် အမ်ဘီဘီအက်စ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဦးဝင်းဆွေ (B.Sc., D.S.I. (Delf), M.S.A.M. (New York) နှင့်၊ လက်ရှိ အလုပ်အကိုင် (ဥက္ကဋ္ဌ WYZ PTE LTD) နှင့် လက်ထပ် ထိမ်းမြားခဲ့သည်။ သားဖြစ်သူ ဇော်ဝင်းဆွေ (M.D., WYZPTE LTD) (Director, Victory Enterprise Ltd., စင်ကာပူ) တဦးတည်းသား ထွန်းကားခဲ့သည်။


၁၉၆၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် လန်ဒန်မြို့သို့ ကလေးသူငယ် ကျန်းမာရေးဆိုင်ရာ အထူးဆေးပညာ၊ မိခင် ကလေး ကျန်းမာရေးဆိုင်ရာ လက်တွေ့ပညာ ဆည်းပူးရန် ပညာတော်သင် အဖြစ် ထွက်ခွာ၍ ပညာဆည်းပူး သင်ကြားခဲ့သည်။


ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ (မနီလာ)၊ ဘင်္ဂလာဒေ့ရှ်၊ ထိုင်းနိုင်ငံ (ဘန်ကောက်)၊ အင်ဒိုနီးရှား (ဂျကာတာ)၊ မလေးရှား၊ အီဂျစ်(ကိုင်ရို) နိုင်ငံများသို့ သွားရောက်၍ ကျန်းမာရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲများ၊ အစည်းအဝေးများကို တက်ရောက်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ (မနီလာ) UNU မှ အာဟာရနှင့် ပတ်သက်သော (Fellowship) ဘွဲ့ကို ရရှိခဲ့သည်။


အတတ်ပညာနှင့် ဝါသနာများမှ ထွက်လာသော မေတ္တာ၊ စေတနာများဖြင့် တိုင်းပြည် အကျိုးပြု စာပေများ ရေးသားခဲ့သည်။ ယခုအခါ ကျန်းမာရေး ပညာပေး ဆောင်းပါးများ၊ ခရီးသွား ဆောင်းပါးနှင့် ဘာသာရေး ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ရေးသား၍ နိုင်ငံဂုဏ်ရည် မဂ္ဂဇင်း၊ အမျိုးသမီးရေးရာ မဂ္ဂဇင်း၊ မေတ္တာစမ်းရေ မဂ္ဂဇင်း၊ ရွှေမောင်းသံ ဂျာနယ်၊ ကလျာ မဂ္ဂဇင်းတို့တွင် ဆောင်းပါးနှင့် ဝတ္ထုတိုများ ရေးသားချက် ရှိသည်။


အငြိမ်းစားယူပြီးနောက် အမျိုးသား ဘာသာ သာသနာ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် သက်ဆိုင်သော ကဗျာ၊ စာပေများကို အဆက်မပြတ် ရေးသား၍ အမှတ် (၂၁)၊ ရွှေတောင်ကြားရိပ်သာ၊ ငွေဝတ်မှုံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် မိသားစုနှင့် နေထိုင်လျက် ရှိသည်။


ရေးသား ထုတ်ဝေပြီးသော စာအုပ်များ ပြင်ဆင်ရန်

  1. သက်လျာဦး ၁၉၅၂
  2. ကလေးများနှင့် ကလေးဆရာဝန် ၁၉၇၃
  3. ဆုထူးငယ်ပန်ရွယ်သွန်းနှင့် မဂ္ဂဇင်းဝတ္ထုရှည်များ ၁၉၉၈
  4. ရောဂါသုတ၊ ဆေးသုတ ၁၉၉၈
  5. ရွှေစင်ဦးနှင့် အခြားဝတ္ထုတိုများ ၁၉၉၉
  6. ရင်သွေး ကျန်းမာရေး ရှုထောင့်အဖြာဖြာ ၂၀၀၀
  7. ရွှေနိုင်ငံ၏ အလှသစ္စာများ ၂၀၀၃

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)