ဦးခန္တီ

ဘုရားတည်မှု၊ကျောင်း‌ဆောက်မှုတို့တွင် နာမည်ကြီးခဲ့သော သူတော်စင်ရသေ့ကြီး တပါး
(ခန္တီ၊ ဦး၊ ရသေ့ကြီး မှ ပြန်ညွှန်းထားသည်)
ရသေ့ကြီး ဦးခန္တီ
၈၁ နှစ်
မွေးသက္ကရာဇ် မြန်မာသက္ကရာဇ် ၁၂၂၉ ခု၊ ဝါခေါင် လပြည့်ကျော် ၅ ရက်
အမည်ရင်း မောင်ဖိုးမောင်၊ ဦးကျော်မောင်
မိဘအမည် ဦးရွှေလ + ဒေါ်ခိုဥ
မွေးဖွားရာဒေသ ရမည်းသင်းမြို့နယ် အနောက်တောင်ဘက် ရွာသာရွာဂုံး
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဗုဒ္ဓဘာသာ ပရိယတ္တိ စာပေကျမ်းဂန်
အလုပ်အကိုင် ရသေ့
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု မြန်မာပြည်အနှံ့ ဗုဒ္ဓသာသနိကအဆောက်အအုံများ တည်ဆောက်ခြင်း
ထင်ရှားသည့်လက်ရာများ ရန်ကင်းတောင်မန္တလေးတောင်ရွှေစက်တော်ကျိုက်ထီးရိုးရွှေဥမင်တောင် ဘုရား၊ တန်ဆောင်းဇရပ်များ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ သာသနာ့ဟိတဓဇ နာယက ဘွဲ့တံဆိပ်
ကွယ်လွန်ရက် ၁၃၁ဝ ပြည့်နှစ် ပြာသို လပြည့်ကျော် ၁၄ ရက် ည
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ရသေ့ကြီးဦးခန္တီ ပြင်ဆင်ရန်

အသက်ရှည်စေလို၊ မန်းတောင်ရိပ်ခို ဟူသော စကားနှင့်အတူ မန်းတောင်၏မြင်ကွင်း ရသေ့ကြီးဦးခန္တီ၏ ပုံရိပ်မှန်ကို ပြေးမြင်မိသည်မှာ မလွဲပေ။ ရသေ့ကြီးဦးခန္တီသည် အကျင့်၊ သီလ၊ စရဏနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်သကဲ့သို့ ရွှေမန်းတောင်တော်၏ ခုနစ်ဦးမြောက် ဘုရားဒါယကာအဖြစ် ထင်ရှားသူ ပုဂ္ဂိုလ်ထူး ဖြစ်၏။

ဤကဲ့သို့ပင် ရသေ့ကြီးဦးခန္တီ၏ ဘဝပုံရိပ်များကလည်း အံ့ဩခမန်း ဆန်းကြယ်လှသည်ဟု ဆိုလျှင်လည်း မမှားပေ။

ရသေ့ကြီးဦးခန္တီနှင့် ပတ်သက်သည့် မယ်တော် ဒေါ်ခိုဥ-၏ အိပ်မက်နိမိတ်

လတန်ဆောင် ကထိန်ပွဲပေမို့၊ ချိန်သဲတဲ့ ဤချိန်ခါ၊
မသိုးခေါ် ရွှေသင်္ကန်း တန်းကြစီစရာ၊
ကြတ္တိကာ၊ သာယာလို့ကြည်နူး၊
ဝသန္တာ ဟေမာကူးချိန်မို့၊ ဗြိစ္ဆာခေါ် လအထူးမှာ၊ နက္ခတ်စုံမြူး-

ဟူသော ရာသီဘွဲ့နှင့် ညီမျှသော ၁၂၂၈-ခုနှစ် တန်ဆောင်မုန်းလ၏ ညတညတွင် ရသေ့ဦးခန္တီ၏ မယ်တော် ဒေါ်ခိုဥ ထူးဆန်းသော အိပ်မက်တခု မြင်မက်၏။

ထူးဆန်းသော အိပ်မက်မှာ ပင်လယ်သမုဒ္ဒရာကြီးအတွင်း လှေသမ္ဗန်ဖြင့် ခရီးထွက်ခဲ့ရာ သမုဒ္ဒရာရေကို လက်ခုပ်ဖြင့် ခပ်သောက်ရပြီး နေမင်း လမင်းသည် မိမိရင်ခွင်သို့ အလိုလိုရောက်ရှိလာခဲ့လေသည်။( ရွာသာယာ ကျောက်စာ) ဟု မြင်မက်ကြောင်း ရေးသားဖော်ပြထားသလို မန္တလေး ရွှေမြို့တော်ရှိ တန်ခိုးကြီးဘုရားများ သမိုင်း-စာမျက်နှာ ၇၇-တွင်မူ-

  1. သမုဒ္ဒရာပြင်ကျယ်၊ ရေပင်လယ်အတွင်း၌ ရွကလှေသင်္ဘောကြီးကို တဦးတည်း တက်စီလျက် လေးစင်းသော သမုဒ္ဒရာတို့သို့ လှည့်လည်နေစဉ် ကြီးမားဆန်းကြယ် အံ့ဖွယ်အတိပြီးသည့် လှိုင်းတံပိုးတို့သည် လှိမ့်လှိမ့်ကာ လာကြကုန်၏။ သို့သော် ဒေါ်ခိုဥ စီးလာသည့် ရွကသင်္ဘောအနီးသို့ ရောက်လျှင် အလိုလို ပျောက်ကွယ်သွားခြင်း။
  2. သမုဒ္ဒရာလေးစင်းကို တခုချင်း၌ လှည့်လည်သွားလာနိုင်ခြင်း။
  3. နေလနှစ်ပါးတို့သည် ကြည့်ရှုနေရင်း မိမိခံတွင်းသို့ ဝင်ရောက်လာခြင်း။ ဟူသော အိပ်မက်ကို မြင်မက်ခဲ့လေသည်။ ယင်းသို့ မြင်မက်ကြောင်းနှင့် သိမ်ကုန်းရွာမှမြင်မက်၍ ရွာသာယာသို့ ပြောင်းရွှေ့ပြီး ရသေ့ကြီးလောင်းလျာကို ဖွာမြင်ကြောင်းကို ရဟန်းပျိုအဖွဲ့ချုပ် အကျိုးတော်ဆောင် ဆရာတော် ဦပဏ္ဍိစ္စ-ပြုစုသည့် မန္တလေး ရွှေမြို့တော်ရှိ တန်ခိုးကြီးဘုရားများသမိုင်း- စာမျက်နှာ ၇၇-(၁၃၂၀ ပြည့် နတ်တော်လထုတ်) တွင် ဖတ်ရှုလေ့လာရသည်။

ရဟန်းတော် ဦးခန္တီ-မှ ရသေ့ကျော် ဦးခန္တီ-သို့ ပြင်ဆင်ရန်

ရသေ့ဦးခန္တီ၏ ငယ်မည်မှာ တနင်္လာသားဖြစ်သည်နှင့်အညီ ကျော်မောင်-ဟု မှည့်ခေါ်ခဲ့သော်လည်း ဖိုးမောင်-ဟု တွင်သည်။ ရှင်ပြုမင်္ဂလာပြုသောအခါ နေ့နံအလိုက် ရှင်ခန္တီ-ဟူ၍ ဘွဲ့မည် ချီးပသည်။ အသက် ၂၀-အရွယ် ၁၂၄၉-ခုနှစ် အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီး တနှစ်အရတွင် ကျောင်းရှိ ကျောင်းဆရာတော်ဘုရား ကြီးကိုပင် ဥပဇ္ဈာယ်တင်လျက် ရဟန်းဘောင်သို့ ဝင်သည်။

ရွာသာယာကျောက်စာ၌-

ဦးခန္တီ အရှင်သူမြတ်သည် ရဟန်းသိက္ခာ ၃-ဝါရသောအခါ အကိုဝမ်းကွဲတော်စပ်သူ ဆရာတော် ဦးကေသရ-၏ စီစဉ် ညွှန်ကြားပေးချက်အရ ပညာတက္ကသိုလ် ခေါ်ဆိုထိုက်သော မန္တလေး ရတနာပုံ နေပြည်တော်သို့ တက်ရောက်ကာ လောကုတ္တရာစာပေများကို သင်ကြားတော်မူသည်။

မန္တလေး ရွှေမြို့တော်တခွင် စာသင်ရာတွင် ရသေ့လောင်းလျာ ဦးခန္တီနှင့် ညောင်လွန့်တောရ ဆရာတော် လောင်းလျာ ဦးမေဓာဝီ-တို့သည် ပညာသင်ဘက်၊ စာလိုက်ဘက်၊ ငယ်ပေါင်းကြီးဖော် (ဝါ)ဆရာတူ တပည့်များ ဖြစ်ကြ၏။ ဦးခန္တီက ဦးမေဓာဝီထက် ၁-ဝါကြီးကြောင်း အမှတ်အသားရှိ၏။ (ရွာသာယာကျောက်စာ)

ထို့အတူ ရမည်းသင်းမြို့ ဆင်ကျုံးတောရ၊ ဆရာတော်ဘုရားကြီး ပြုစုသည့် ရမည်းသင်း သာသနာဝင်ကျမ်း- တွင်လည်း ဦးခန္တီနှင့် ဦးမေဓာဝီတို့ အကြောင်းကို အခိုင်အမာ ဖော်ပြခဲ့၏။ ရဟန်းတော် ဦးခန္တီသည် အရညဝါသီ တောရပ်မှီ၍ ဧကစာရီအကျင့်ကို ခဲယဉ်းပင်ပန်းကြီးစွာ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူလာရာ သမထနှင့် ဝိပဿနာ ကမ္မဋ္ဌာန်းအဖြာဖြာတို့မှာ ခရီးရောက် သင့်သလောက် ရောက်ခဲ့ပြီး သက်တော် ၃၂-နှစ် သိက္ခာတော် ၁၂-ဝါအရောက်တွင် နှလုံးသွင်း ဆင်ခြင်တော်မူသည်မှာ-

ငါသည် သာသနိက အလုပ်တို့ကိုလုပ်ဆောင်ခြင်းငှာစွမ်းမှဖြစ်မည်။ ထိုသို့လုပ်ရာ၌လည်း ငွေအသပြာတို့ကလိုချေပြီ။ ရဟန်းဝတ်နှင့်ငွေအသပြာကိုင်၍ကမရ။ သို့ကြောင့် ရဟန်းအဖြစ်မှကူး၍ ရသေ့အသွင်ကူးမှ တော်ရော့မည်။

သီပေါဘုရင် နှင့် ဦးခန္တီ သတင်း ပြင်ဆင်ရန်

သီပေါဘုရင်နှင့် ရသေ့ဦးခန္တီတို့နှင့် ပတ်သက်သည့် သတင်းတခု ရှိခဲ့သည်။ ထိုသတင်းသည် သီပေါဘုရင် ပါတော်မူပြီးနောက်ပိုင်း ပေါ်ထွက်ခဲ့သည်။ ထိုသတင်းက အခြားမဟုတ်- ရတနာဂီရိတွင် ရှိနေသော သီပေါမင်းသည် အစစ်မဟုတ်၊ ရသေ့အသွင် ကူးပြောင်းပြီး သာသနာပြုနေသော ရသေ့ကြီး ဦးခန္တီသည် သီပေါမင်းဖြစ်သည်။

ဤသတင်းနှင့် ပတ်သက်၍ အင်္ဂလိပ်အစိုးရကလည်း ဒွိဟဖြစ်၍ ရတနာဂီရိတွင် ရှိနေသော သီပေါမင်း စစ်-မစစ်၊ ဘုရင် ဟုတ်-မဟုတ် ကြေးနန်းတွင် ကင်းဝန်မင်းကြီးထံ မေးမြန်းခဲ့ရာ ကင်းဝန်မင်းကြီးက သီပေါ စစ်-မစစ် ကျွန်ုပ် မသိ၊ နန်းတော်တွင် ဘုရင်အဖြစ် အုပ်ချုပ်ခဲ့သူဖြစ်ကြောင်းသာ ကျွန်ုပ်သိသည်-ဟု ခပ်ရွ့ဲရွဲ့ဖြေခဲ့ကြောင်း ဆောင်းပါးတစောင် ရှိခဲ့ဖူး၏။

ထို့အတူ ယခုတိုင် လူအများသည် ရသေ့ကြီးဦးခန္တီအား အသေထွက်-ဖြစ်သည်၊ အရှင်ထွက်-ဖြစ်သည်ဟု အငြင်းပွားနေကြဆဲဖြစ်၏။

ရသေ့ဦးခန္တီ နှင့် ရွှေဖြစ်ငွေဖြစ် သတင်း ပြင်ဆင်ရန်

ရသေ့ဦးခန္တီသည် မန္တလေးတောင်ကို ပြုပြင်ရာ၌ ၄၂၅-နှစ်အတွင်းတွင် ယခုလို အောင်မြင်ပြီးစီးခဲ့သည်မှာ ရွှေဖြစ် ငွေဖြစ်၍သာ ယခုလို ပြီးစီးနိုင်ခြင်းဖြစ်သည်။ အချို့ကလည်း ကိုယ်ထက်သာ မနာလိုသည့် စိတ်ထားဖြင့် ရသေ့ကြီးအား အရိုအသေမဲ့ အပြစ်ဒဏ်ခံရအောင် လုပ်ကြံသတင်းလွှင့်ကြောင်း ရွာသာယာကျောက်စာ-တွင် ဖော်ပြပါရှိ၏။

ရသေ့ကြီး ဦးခန္တီ၏ ရွှေဖြစ်ငွေဖြစ် သတင်းသည် မြန်မာပြည်သာမက အင်္ဂလန်သို့ပင် ရောက်သွားသဖြင့် အင်္ဂလန်ဘုရင်ခံချုပ် လမင်တို-မှ သတင်း မှန်-မမှန် စုံစမ်းပေးရန် မြန်မာနိုင်ငံ ဘုရင်ခံ ဆာသာကေဝှိုက်-အား ထပ်ဆင့်ညွှန်ကြားခဲ့သည်။

ထို့ကြောင့် ဘုရင်ခံက ထိုစဉ်က ရန်ကုန်ရဲမင်းကြီးဖြစ်သူ မစ္စတာစကော့-(နောင်အခါ ဗမာစာအုပ် ရေးသားသူ ဆာဂျိမ်းဂျော့စကော့) အား ဤသတင်း မှန်-မမှန် အမြန်စုံစမ်း အစီရင်ခံရန် ညွှန်ကြားခဲ့၏။ ထိုသတင်းသည် အရေးကြီးသည့် သတင်းဖြစ်သဖြင့် ရန်ကုန်ရဲမင်းကြီး မစ္စတာစကော့ကိုယ်တိုင် ရသေ့ကြီး ဦးခန္တီရှိရာ မန္တလေးတောင်ပေါ်သို့ သွားရောက်၍ စကားပြန် ဦးလှအောင်နှင့် စုံစမ်းမေးရ၏။

ရသေ့ကြီး ရွှေ-ငွေ ဖြစ်နေကြောင်း သတင်းရသည်၊ ဟုတ်-မဟုတ် ကျွန်ုပ်ကို လုပ်ပြပါ။ ဟု စကားပြန် ဦးလှအောင်မှ တဆင့် ရသေ့ကြီးမှ-

ကျွန်ုပ် ရွှေ-ငွေ လုပ်ပြပါမယ်။ ဒါပေမဲ့ ဒီအနားမှာ ခင်ဗျား မနေရဘူး။ ရွှေငွေလုပ်ပြီး၍ ကျွန်ုပ်ခေါ်မှသာ လာကြည့်ပါ။ ဟု မိန့်ရာ မစ္စတာစကော့ ကလည်း သဘောတူ၍ တနေရာသို့ သွားနေ၏။

ရသေ့ကြီး ဦးခန္တီ၏ ရွှေငွေလုပ်နည်း ပြင်ဆင်ရန်

ရသေ့ကြီး ဦးခန္တီသည် တပည့်ကျောင်းသား တဦးကို ခေါ်၍ လင်ဗန်းတချပ် သူ့ရှေ့တွင် ချခိုင်းသည်။ ထိုနောက် တရားနှလုံးသွင်း၍ ရွတ်ဖတ်သရဇ္ဈာယ်မှုတွေ ပြုလုပ်တော်မူသည်။ ဘာတွေနှလုံးသွင်းသည်၊ ဘာတွေ ရွတ်ဆိုသည်ကို နတ်သိကြားတို့သာ သိပေမည်။

သို့သော် ဆရာစန္ဒြေ၏ ဘဝခရီးနှင့် အတွေ့အကြုံများ စာအုပ် စာမျက်နှာ-၃၈၆-၌ ရသေ့ကြီး ဦးခန္တီသည် ရွှေငွေဖြစ်ရေးအတွက် ဒိဝါ တပတိ ဂါထာကို လိုတရ ဂါထာအဖြစ် သုံးသွားကြောင်း ဆိုထားသည်ကို တွေ့ရ၏။

သို့နှင့်ပင် ပြတိုက်တွင်းရှိ သံဒေါက်ချာ-၌ ပုံသွင်းထားသည့် ရတနာရွှေချိုင့်မှ တဏှာကရဒဟောဗုဒ္ဓါ-ဂါထာအပြင် အခြားနှလုံးသွင်းမှုများလည်း ပါနိုင်သည်ဟု ဦးအေးမောင်(အငြိမ်းစား ရဲတပ်ကြပ်ကြီး) ရေးသားပူဇော်သည့် သာသနာဟိတဓဇ နာယက ရသေ့ကြီး ဦးခန္တီ-၏ ထေရုပ္ပတ္တိနှင့် ရွှေမန်းတောင်သမိုင်း အကျဉ်း စာမျက်နှာ ၂၁-တွင် ခန့်မှန်းထားသည်ကို မှတ်သားရ၏။

ထိုသို့ ရသေ့ကြီး ပြုလုပ်နေစဉ် ဘုရားဖူးများ ရောက်ရှိလာကြပြီး ရွှေငွေများ လှူဒါန်းကြရာ လင်ဗန်းတချပ် အပြည့်အမောက် ဖြစ်လာ၏။ လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ကြယ်သီး၊ ဆွဲကြိုး စသော ရွှေထည်ပစ္စည်းများနှင့် ငွေများ စေတီပုံကို ပြည့်မောက်လာသောအခါ ရန်ကုန်ရဲမင်းကြီးအားခေါ်၍ ပြ၏။

ရဲမင်းကြီး မစ္စတာစကော့သည် သဲပုံစေတီသို့ ကြည့်လိုက် မောက်နေသော ရွှေ-ငွေများကို ကြည့်လိုက် ရသေ့ကြီး၏ တည်ငြိမ်တော်မူလှသော မျက်နှာတော်ကို ကြည့်လိုက်နှင့် အချိန်အတန်ကြာ ရင်သပ်ရှုမောဖြစ်ပြီးနောက် လူမျိုး၊ ဘာသာ၊ သာသနာချင်း မတူညီသော်လည်း ရသေ့ကြီး၏ အောင်မြင်မှုကို ချီးကျူးဩဘာ ဂုဏ်ပြုသောအားဖြင့် ရသေ့ကြီးနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် အခွင့်တောင်းခံရာ ရသေ့ကြီးဦးခန္တီက အောက်ခြေ မိုးထိကျောင်းတိုက် မုခ်ဦး စောင်းတန်းအနီးတွင် ဓာတ်ပုံ ရိုက်ခဲ့၏။

ရွာသာယာကျောက်စာ-တွင်လည်း စုံစမ်းရန်သာ သူ့မည်မပါ၊ နေရာမပါ၊ မြသပိတ်ပိုက်၍ လမ်းဘေးအလှူခံကြရာ ရွှေ-ငွေများရကြောင်း ရေးထိုးမှတ်တမ်းပြထြားသည်ကို တွေ့ရ၏။

ထို့နောက် ရန်ကုန်ရဲမင်းကြီး ရန်ကုန်ပြန်ရောက်ပြီး မကြာခင် ရသေ့ကြီး ဦးခန္တီ ကိုယ်တော်ကြီးကို နှောင့်ယှက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ စစ်ဆေးခြင်း၊ မည်သူမျှ မပြုရ-ဟု သဘောဆောင်သည့်အနေနဲ့ သာသနာ့ဟိတဓဇ နာယက ရသေ့ကြီးဦးခန္တီ (သာသနာ့အကျိုးတော်ဆောင်၊ အောင်လံတော် ပုဂ္ဂိုလ်ကြီး ဦးခန္တီ) ဟူသည့် ဘွဲ့တံဆိပ်တော်အား အင်္ဂလိပ်အစိုးရက တောင်ခွင် သာသနာပိုင်မှ တဆင့် ချီးမြှင့်လှူဒါန်းခဲ့၏။

ရွာသာယာ ကျောက်စာတွင်မူ

အင်္ဂလိပ် ဝိတိုရိယ ဘုရင်မကြီးနှင့် ဘုရင်အဆက်ဆက်က ရသေ့ကြီးအား အာဇာနီ အရှင်သူမြတ် (REVERENCE)ဘွဲ့ကို ပေးပြီး မီးရထား၊ သင်္ဘောများကို အထူးတန်း အခမဲ့လက်မှတ် ဆက်ကပ်ထားကြောင်း ညောင်လွန့်ဆရာတော် ဦးနာယကမှ မိန့်ဆိုကြောင်း ဖော်ပြထား၏။

ရသေ့ကြီး ဦးခန္တီ၏ ဘဝနိဂုံး ပြင်ဆင်ရန်

ရသေ့ကြီး ဦးခန္တီသည် မြို့ပေါင်း ၂၂-မြို့၊ ဌာနပေါင်း ၅၁-ဌာနတို့တွင် သာသနိက အဆောက်အအုံများကို ပြုလုပ်ပြီး ပြုလုပ်ဆဲ ပြုလတံ့အတွင်း ၁၃၀၇-ခုနှစ်တွင် ကိုယ်တခြမ်းလေဖြတ်ခံရသဖြင့် ဝေါကုလားထိုင်ဖြင့် တောင်ပေါ်တက်၍ အလှူခံပြီး စစ်ဘေးစစ်ဒဏ် ခံထားရသည့် အဆောက်အဦတို့ကို ပြုပြင်နေစဉ် ၁၃၁၀-ခုနှစ် ပြာသိုလ်လပြည့်ကျော် ၁၄-ရက် (၂၈-၁-၄၉) သောကြာနေ့ နံနက် ၃-နာရီအချိန် သက်တော် ၈၂-နှစ်အရွယ်တော်၌ ဘဝနတ်ထံ ပျံလွန်တော်မူလေသည်။

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ ထွန်းလင်းစေသောဝ်။[၁][၂][၃][၄]


ရသေ့ကြီး ဦးခန္တီ (မြန်မာ ၁၂၂၉-၁၃၁၂) ပြင်ဆင်ရန်

ဗုဒ္ဓဘာသာ သာသနာရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို မြန်မာပြည်အနှံ့ အများအပြား ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့သော ရသေ့ကြီး ဦးခန္တီကား မြန်မာ သက္ကရာဇ် ၁၂၂၉ ခု၊ ဝါခေါင် လပြည့်ကျော် ၅ ရက်၊ တနင်္လာနေ့တွင် ရမည်းသင်းခရိုင်၊ တပ်ကုန်းမြို့နယ် အနောက်တောင်၊ ညောင်လွန့်ဘူတာ အနောက်ဘက် သုံးမိုင်ခန့်အကွာ ကြိုးကြာအင်းအုပ်စု၊ ရွာသာရွာဂုံး(ရွာသာရွာ)၌ ဖွားမြင်၏။ ရှေးက အုန်း၊ ငှက်ပျော၊ မာလကာ၊ သရက်၊ ပိန္နဲစသော သဘာဝဥယျာဉ်များနှင့် စိမ်းလန်းစိုပြေလျက် နေထိုင်စရာ ကောင်းသောကြောင့် ရွာသာယာဟု ခေါ်ဆိုကြောင်း သိရသည်။

အဘကား ဦးရွှေလှ၊ အမိကား ဒေါ်ကံ(ခ) ဒေါ်ခိုဥတို့ ဖြစ်၏။ (အချို့ကား အမိ၏ အမည်ကို ဒေါ်ကန်ဟု အမှတ်အသား ပြု၏။) ဦးခန္တီ၏ ငယ်နာမည်မှာ မောင်ဖိုးမောင် ဖြစ်သည်။ မောင်ဖိုးမောင်ကို ပဋိသန္ဓေစွဲကပ်စဉ်ကာလမှာပင် မယ်တော်ကြီး ဒေါ်ခိုဥတွင် ထူးခြားသော နိမိတ်အိပ်မက်ထူးများ၊ မကြာခဏ မက်ခဲ့သည်ဆို၏။ မွေးဖွားစဉ်ကာလမှာလည်း ဆရာများမှ ဇာတာကိုတွက်စစ်ကာ 'ဘုန်းတော်ကြီးသော်လည်းကောင်း၊ မင်းသော်လည်းကောင်း'ဖြစ်မည်ဟု အတပ်ဟောခဲ့ကြသည်ဆို၏။

ငယ်ဘဝ ပြင်ဆင်ရန်

မောင်ဖိုးမောင် ၉ နှစ်သားအရွယ်သို့ရောက်ရှိခဲ့ချိန်တွင် လောကီလောကုတ္တရာဘက်၌ ပညာရည်ကြွယ်ဝသောသိမ်ကုန်းကျောင်းတိုက် ဆရာတော်ဘုရားကြီးထံ အပ်နှံခဲ့၍ ပညာသင် ကြားစေခဲ့လေ၏။ ထိုအခါ မောင်ဖိုးမောင်၏ ဉာဏ်ရည်မှာအတူ နေကျောင်းသားများထက် ပိုတတ်ခဲ့သည်ဆို၏။ မောင်ဖိုးမောင် ၁၃ နှစ်သားအရွယ် ရောက်ချိန်တွင် သိမ်ကုန်းဆရာတော်ဘုရားကြီးကိုပင်ဥပဇ္ဈာယ်ပြုလျက်သာမဏေ ဘဝသို့ရောက်ရှိခဲ့လေ၏။ ဆရာတော်ကြီးမှ သာမဏေဘွဲ့ကို 'ခန္တီ'ဟု မှည့်ခေါ်ခဲ့လေ၏။ ရှင်ခန္တီ။ ရှင်ခန္တီသည် သာသနာ့ဘောင်တွင် ပျော်မွေ့စွာဖြင့် ပရိယတ်ကို ဆက်လက်သင်ကြားခဲ့ရာ စာပေကျမ်းဂန်အတော် ပင်တတ်မြောက်ခဲ့ပြီး ရဟန်းခံနိုင်ချိန် ၁၂၄၉ခုနှစ်တွင်သိမ်ကုန်း ဆရာတော်ကြီးကိုပင် ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့ လေသည်။ ရဟန်း ဘွဲ့တော်မှာ ဦးခန္တီဖြစ်၏။ ရဟန်းဝါ ၁၂ ဝါတိုင်တိုင် စာပေ ကျမ်းဂန် များကို သင်ကြား တတ်မြောက် ခဲ့ပြီးနောက်၊ ၁၂၆၁ ခုနှစ်တွင် ရသေ့ အသွင်သို့ ကူးပြောင်း သွားသည်။ ရသေ့ အသွင်ဖြင့် ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး၊ စသော ဥပုသ် သီလများကို စောင့်ထိန်းရင်း မန္တလေးမြို့ သာခိုတောင်၊ ရွှေမြင်တင် တောင်များ၌ ကမ္မဋ္ဌာန်း အားထုတ် နေသည်။

ထိုသို့ ရဟန်းဘဝရောက်ရှိခဲ့ချိန်မှစ၍ပရိယတ်စာပေ၌ တွင်မက သမထ၊ ဝိပဿနာတို့ကိုလည်း လေ့လာသင်ယူခဲ့ရာ တွင် သစ်ဆိမ့်ဆရာတော်၊ ဘုရားကြီးဆရာတော်၊ စစ်ကိုင်းထွဋ် ခေါင်ဆရာတော်တို့ထံ နည်းနာခံသင်ကြားခဲ့သည်ဆို၏။ ဆရာ တော်ကြီး ဦးသီလထံ၌လည်း နည်းနာယ ခံယူခဲ့သည်ဟုဆိုကြ ၏။ ထိုမှ ရမည်းသင်း ကံမြင့်ဆရာတော်ထံမှ ဘာဝနာနှင့် ဝိပဿနာ ကမဋ္ဌာန်းနည်းအဖြာဖြာကို သင်ယူခဲ့၍ပါရမီအခံဖြင့် ဦးခန္တီသည် ရွှေဂူ ကန်ပေါက်တောရ၊ နဝင်းတောရ၊ ပင်စုရွှေဆံ တော်တောရများ၌ တစ်ပါးတည်း တရားအားထုတ်တော်မူခဲ့ သည်ဆို၏။ ထိုကဲ့သို့ လှည့်လည်ကျင့်ကြံအားထုတ်နေရင်းမှ ၁၂ ဝါအရတွင် ဦးခန္တီသည် တရားဒေသနာနှင့် အများဝေနေယျာ ကယ်ယူချီးမြှောက်နိုင်မည့် အခွင့်အလမ်းသစ်များကိုတွေးတော ကြံဆမိသဖြင့် ရသေ့အသွင် ပြောင်းလဲခဲ့သည်ဆို၏။ ထူးခြား သော၊ ဆုံးဖြတ်ရဲသော၊ စွန့်လွှတ်ရဲသော အသိအမြင်ထူးဟု မှတ်တမ်းတင်ကြရလေ၏။ ထိုသို့ဖြင့် ရသေ့ဘဝရောက်ကာ သားခိုတောင်တွင်နေ ထိုင်ပြီးနောက် ၁၂၆၁ ခုနှစ်တွင် ရွှေမြင်တင်တောင်သို့ထွက်ခွာ ခဲ့သည်ဆို၏။ ရွှေမြင်တင်တောင်တွင်နေစဉ် ဦးခန္တီ၏အကျင့် သီလပြည့်စုံမှုကြောင့် ဒကာ၊ ဒကာမများ ပို၍ပို၍ များလာခဲ့ သည်ဆို၏။

သာသနာပြု လုပ်ငန်းများ ပြင်ဆင်ရန်

ရသေ့ ဦးခန္တီအား တောင်ခွင် သာသနာပိုင် ဆရာတော်ကြီးက 'သာသနာ့ ဟိတ ဓဇ နာယက' ဟူသော ဘွဲ့တံဆိပ်ဖြင့် ချီးမြှင့်ခဲ့သည်။ ယင်းသို့ ချီးမြှင့်သည်နှင့် လျော်စွာ ဦးခန္တီသည် ရွှေမြင်တင်တောင် အဝန်း၌ စေတီ ၄၉ ဆူ၊ ကျောင်းပေါင်း ၃၄ ကျောင်း၊ တန်ဆောင်ပေါင်း ၁၆၊ ရုပ်ပွားတော်ကြီး ၁၅ ဆူ တို့နှင့် အခြား အဆောက်အအုံ များကို ၈ နှစ် ကာလ အတွင်း တည်ဆောက် ခဲ့သည်။ တောင်ပခြုပ် ၌လည်း ချမ်းသာရ စေတီ၊ ဆုတောင်းပြည့် စေတီ၊ ကျိုက်ထီးရိုး စေတီ၊ ကျောက်ဆင် စေတီ တို့ကို တည်ထား ပြုစုခဲ့သည်။ ၁၂၆၂ ခုနှစ်၌ ပျဉ်းမနား ဆင်ဖြူတောင်သို့ ကြွရောက်၍ လည်းကောင်း၊ ထိုမှ လယ်ဝေးသို့ ကြွရောက်၍ လည်းကောင်း၊ ဘုရား ပုထိုး အဆောက်အအုံ စသည် များစွာ တို့ကို တည်ဆောက် ခဲ့သည်။


ထိုနောက် ၁၂၇၅ ခုနှစ်တွင် ရန်ကင်းတောင်ကို ပြုပြင်သည်။ မန္တလေး တောင်ခြေ စန္ဒမုနိ ဘုရားနှင့် သထုံမြို့ ရွှေစာရံ ဘုရား များတွင် ကျောက်ချပ်ရေ ၃၀၀ဝ ကျော်ရှိ ပိဋကတ်တော် အဋ္ဌကထာများကို ကျောက်ထက် အက္ခရာ တင်ခဲ့သည်။ အခြားသော ဦးခန္တီ၏ ကောင်းမှု ကုသိုလ်တော်ကား မန္တလေး ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော်ဘုရား၊ အာနန္ဒာဘုရား တို့၌ အာရုဏ်ခံ တန်ဆောင်းများ ၊ အုတ်ဆောင်းတန်းများ၊ ရုပ်ပွားတော်များ တည်ဆောက်ခြင်း၊ တောင်ပြုံး ဆုတောင်းပြည့် စေတီနှင့် စောင်းတန်းများ တည်ဆောက်ခြင်း၊ မယ်ဥတောင်၌ စေတီပုထိုးများ တည်ခြင်း၊ အမရပူရမြို့ ပုထိုးတော်ကြီး အတွင်းရှိ ခေါင်းလောင်းကြီးနှင့် တန်ဆောင်းများ တည်ခြင်း၊ စစ်ကိုင်း၊ ဆင်များရှင်စေတီ ထီးတင်ခြင်း၊ ရွှေစာရံဘုရား မွမ်မံခြင်း၊ မေမြို့ ညံတောဘုရားကြီး(ပြင်ဦးလွင်)၌ ရုပ်ပွားတော်ကြီးများ တည်ခြင်း၊ ပဲခူးမြို့ ရွှေမော်ဓောဘုရားမှသည် ဟင်္သာကုန်းဘုရား အထိ စောင်းတန်းနှင့် တန်ဆောင်းများ တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့သည်။


ယင်းအပြင် မင်းဘူးနယ် ရွှေစက်တော် ဘုရား၌ စေတီ၊ ရုပ်ပွားတော် တန်ဆောင်းများ တည်ခြင်း၊ ရှမ်းပြည်နယ် ရွှေဥမင်တောင်၊ သိန္နီမြို့နယ် ရွှေမြင်တင် တောင်များ၌ တန်ဆောင်း၊ ရုပ်ပွားတော်နှင့် စောင်းတန်းများ တည်ဆောက်ခြင်း၊ မော်လမြိုင်မြို့ သံလွင် တောင်ရိုးပေါ်၌ ရုပ်ပွားတော်နှင့် တန်ဆောင်း တည်ဆောက်ခြင်း စသည်များ ပြုလုပ် ခဲ့သည်။ ဤကဲ့သို့ သာမန် လူတို့ စိတ်ကူးရန် မဝံ့သည့် အဆောက်အအုံကြီး များကို တောင်ထိပ်များပေါ်၌ တည်ဆောက် ရသည့် တာဝန်မှာ ကြီးလေး လှသော်လည်း ဦးခန္တီ၏ စေတနာ အစွမ်းသတ္တိကြောင့် လွယ်ကူစွာ ပြီးစီးခဲ့သည်သာ ဖြစ်သည်။


ထိုစဉ် အခါက ဦးခန္တီ၏ စေတနာနှင့် လုပ်ငန်းကို မြန်မာနိုင်ငံ တဝန်းလုံး သိရှိ နှစ်သက် ကြသဖြင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် များသည် အလှူငွေ များကို ရက်ရောစွာ ထည့်ဝင် လှူဒါန်း ကြသည်။ ဦးခန္တီ ဆိုလျှင် စိတ်ချစွာဖြင့် သဒ္ဓါ ယုံကြည် ကြသည်။ ဗြိတိသျှ အစိုးရ ကလည်း ဦးခန္တီအား သွားလိုရာ ရေကြောင်း၊ ကုန်းကြောင်း ခရီးလမ်း များကို လွယ်တကူ သွားလာနိုင်ရန် ခွင့်ပြု လက်မှတ်များ ဆက်ကပ် လှူဒါန်း ထားသည်။ ဦးခန္တီ ပြုစုတည်ထားသော ဘုရား ပွဲတော် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပလိုက အစိုးရ ထံ၌ အမိန့် ခံယူရန် မလိုခြင်း စသော အထူး အခွင့်အရေးများ ကိုလည်း ပေးထားခြင်း ခံခဲ့ရသည်။


ဦးခန္တီ ကြီးမှူး နှိုးဆော်၍ ပြုလုပ်သည့် ကောင်းမှုများမှာ အလွန်ပင် များပြား လှ၍ တန်ဖိုး ဖြတ်ရန်ပင် မလွယ်ကူ လှချေ။ အချို့က သန်း ၂ဝ ကျော်ဖိုး ရှိသည်ဟု ခန့်မှန်း ကြသည်။ အနှစ် ၄ဝ ကျော် အတွင်း မြို့ပေါင်း၂၀၊ ဌာနပေါင်း ၄၇ ဌာန တို့တွင် အမျိုးမျိုးသော အဆောက်အအုံ တို့ကို တည်စိုက်ခဲ့ရာ ဒုတိယ ကမ္ဘာစစ် အတွင်းက ပျက်စီး သွားသော အဆောက်အအုံ အချို့ပင် သိန်း ၂ဝ ကျော် တန်ဖိုးမျှ ရှိမည်ဟု ခန့်မှန်း ကြသည်။


ဦးခန္တီသည် မြန်မာနိုင်ငံတွင် သာသနာရေး ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ များစွာကို ဒေသအနှံ့အပြား၌ ဦးစီးဆောင်ရွက် တည်ထားပေးခြင်းကြာင့် နိုင်ငံနှင့်အဝန်း ထင်ရှားခဲ့သော ရသေ့ကြီးဖြစ်သည်။ အထူးသဖြင့် မန္တလေးတောင်ကို မွမ်းမံသူ ဖြစ်သောကြောင့် မန္တလေးတောင် ရသေ့ကြီးဟု ပို၍ လူသိများလာသည်။

ဦးခန္တီသည် အရပ်အမောင်း ၆ ပေကျော် ရှိသည်။ သေးသွယ်သော မျက်နှာ၊ ဖြောင့်စင်းသော နှာတံ၊ ကျယ်ပြန့်သော နဖူး၊ ရှည်၍ ကားသော နားရွက်၊ ချွန်သော ဦးခေါင်းနှင့် သွယ်ပျောင်းသော လက်တံခြေတံများ ရှိသည်။ တည်ငြိမ်သော အသွင်၊ အေးမြသော အမှုအရာများ ရှိသည်။ စကား ပြောရာတွင် ဖြည်းဖြည်းနှင့် အေးဆေးစွာ တလုံးချင်း ပြောလေ့ရှိသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ဒုတိယကမ္ဘာစစ်ကြီး အပြီး၌ ရသေ့ကြီး ဦးခန္တီသည် စစ်ဒဏ်ကြောင့် မိမိကောင်းမှုများ ပျက်စီးသည်ကို အသစ် ပြန်လည် ပြင်ဆင်မွမ်းမံခဲ့သည်။ ဤသို့ ပြင်ဆင် မွမ်းမံရင်းပင် အဆောက်အအုံ အသစ်များကိုလည်း ထပ်မံတည်ဆောက်ရန် စီမံ စိုင်းပြင်းခဲ့သည်။ ယင်းသို့ စီမံဆဲ၌ပင် ၁၃၀၇-ခုနှစ် လောက်က စွဲကပ်သော လေငန်းရောဂါ ဝေဒနာကြောင့် ကိုယ်တခြမ်း အနည်းငယ် သေနေရာမှ ၁၃၁ဝ-ပြည့်နှစ် ပြာသို လပြည့်ကျော် ၁၄ ရက် ည အသက် ၈၁ နှစ် အရွယ်တွင် ဥတုဇရုပ် ကလာပ် ချုပ်ငြိမ်းခြင်းသို့ ရောက်သည်။ ရသေ့ကြီး၏ ရုပ်ကလာပ်ကို ၂ နှစ်တိုင်တိုင် ပူဇော်ကန်တော့ကြ၍ နိုင်ငံတော်အစိုးရက ထောက်ပံ့ အလှူတော်ငွေ ၅၀၀ဝ-ကျပ် အရပ်ရပ် ဈာပန အလှူတော် ရန်ပုံငွေများ စုပေါင်းလျက် ၁၃၁၂-ခုနှစ်၊ တပို့တွဲ လဆန်း ၈ ရက်နေ့မှ တပို့တွဲ လပြည့်နေ့အထိ ခမ်းနားသိုက်မြိုက်စွာ သင်္ဂြိုဟ်ခြင်း ပြုခဲ့ကြ၏။ [၅]

ကိုးကား ပြင်ဆင်ရန်

  1. ရဟန်းပျိုအဖွဲ့ချုပ် အကျိုးတော်ဆောင် ဆရာတော် ဦးပဏ္ဍိစ္စ မန္တလေးမြို့တော်ရှိ တန်ခိုးကြီးဘုရားများသမိုင်း။
  2. ရမည်းသင်းမြို့ ဆင်ကျုံးတောရ ဆရာတော်ဘုရားကြီး ရမည်သင်း သာသနာဝင်ကျမ်း။
  3. ဦးအေးမင်း (အငြိမ်းစား ရဲတပ်ကြပ်ကြီး) သာသနဟိတဓဇ နာယကရသေ့ကြီး ဦးခန္တီ၏ ထေရုပ္ပတ္တိနှင့်ရွှေမန်းတောင်သမိုင်းအကျဉ်း။
  4. ဆရာစန္ဒြ ဘဝခရီးနှင့် အတွေ့အကြုံများ။<><>ရွာသာယာကျောက်စာ။
  5. ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချိရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩ ပြုစုတဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ'