ခပေါင်းရေကြည်ပင်

အပင်မျိုးစိတ်များ
(ခပေါင်းရေကြည် မှ ပြန်ညွှန်းထားသည်)
Strychnos potatorum
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: Loganiaceae
မျိုးစု: Strychnos
မျိုးစိတ်:
S. potatorum
ဒွိနာမ
Strychnos potatorum
Synonyms[၁]
  • Strychnos heterodoxa Gilg
  • Strychnos stuhlmannii Gilg

ခပေါင်းရေကြည်ကို ရုက္ခဗေဒသညာ အားဖြင့် စထရိခနို့ပိုတက်တိုရမ် (Strychnos potatorum) ဟုခေါ်သည်။

ခပေါင်းရေကြည်ပင်သည် ရေကို ကြည်လင်နိုင်စွမ်းသော အစေ့ရှိ အသီးသီးသော အပင်ဖြစ်သည်။ ထိုအပင်မျိုးကို မြန်မာနိုင်ငံ ပဲခူးနှင့် တောင်ငူခရိုင်များတွင် အများအပြား တွေ့ရသည်။ အသီးတွင် အစေ့ တစ်စေ့သာ ပါသည်။

အပင်မှာ ရွက်ကြွေပင်ကြီးမျိုးဖြစ်သည်။ ပေ (၄၀) ခန့် အထိမြင့်သည်။ မီးခိုးရောင်အခေါက်ရှိပြီး အခေါက်တွင် အမြှောင်းများပါသည်။ [၂]

အရွက်မှာ ဘဲဥပုံ ရှည်မျောမျော ရှိ၍ အရွက်ထိပ်ပိုင်းမှာ ချွန်သွယ်ပြီး ရွက်အရင်းပိုင်းမှာ သွယ်သည် သို့ ဝိုင်းသည်။ ရွက်ပြားချော၍ အစိမ်းရင့်ရောင် ရှိပြီး ရွက်အနားတွင် အတွန့်များရှိသည်။[၂]

အပွင့်မှာ ဖြူပြီး မွှေးသည်။ ပွင့်ညှာအလွန်သေးပြီး အပွင့်တွင်း အမွှေးများ ရှိကာ ခေါင်းလောင်းပုံ ဖြစ်သည်။ [၂]

အစေ့မှာ တစ်လက်မ၏ ၄ ပုံ ၁ပုံမှ ၁ လက်မ ၏ ၃ ပုံ ၁ပုံ အထိ ရှိတတ်သည်။ လုံးခြမ်းပုံ ရှိပြီး ရွှေရောင်အမွှေးနုများဖြင့် ဖုံးအုပ်ထားသည်။ [၂]

ရေကြည်အောင် ပြုလုပ်နည်းမှာ ရေထည့်ထားသော အိုးအတွင်းဘက် ဖင်ပိုင်းကို ခပေါင်းရေကြည်စေ့ဖြင့် တိုက်ပေးရသည်။ ထိုအခါ အစေ့မှ အဖတ်ကလေးများသည် ရေထဲသို့ ပါသွားကြသည်။ အဖတ်များများ ထွက်နိုင်အောင် စဉ့်မသုတ်ထားသော ရိုးရိုး မြေအိုးကို သုံးလျှင် ပို၍ ကောင်းမွန်သည်။ အစေ့မှ ထွက်သော အဖတ်ကလေးများသည် ရေထဲရှိ မြူမှုန်၊ ညွန်နှစ်များကို သယ်ယူ၍ အနည်ထိုင်သွားသောအခါ ရေသည် ကြည်လင်သွားသည်။

ခပေါင်းရေကြည်စေ့၏ အခွံကို အမှုန့်ပြုလုပ်၍ အန်ဆေးအဖြစ် သုံးရန်လည်းကောင်း၊ ဝမ်းကိုက် ပျောက်ဆေးအဖြစ် သုံးရန်လည်းကောင်း သင့်လျော်သည်။ ဝမ်းကိုက်ပျောက်ဆေးအဖြစ် သုံးပုံမှာ ခပေါင်းရေကြည်စေ့ခွံကို အမှုန်ပြု၍ ယင်းအမှုန် ၁၀ ဂရမ်မှ ဂရမ် ၂၀ကို ဘိန်းစေ့ တစ်စေ့နှစ်စေ့ဖြင့် ရော၍၊ အလုံးကလေးများ လုံးရသည်။ ထိုဆေးလုံးကို ၃ နာရီ၊ သို့မဟုတ် ၄ နာရီခြားတစ်ခါ တိုက်ကျွေးလျှင် ဝမ်းကို သက်သာသည်။ ခပေါင်းရေကြည်ပင်၏ အနွယ်ကိုလည်း မျက်စဉ်းအဖြစ် အသုံးပြုနိုင်သေး၏။[၃]

ရခိုင်လို ခမောင်းခါးပင်ဟု ခေါ်သည်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. The Plant List: A Working List of All Plant Species၊ 23 February 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး16 February 2016 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ http://arogyamonline.com/herbals/?item=44[လင့်ခ်သေ]
  3. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-၂၊ အတွဲ(ခ)
  4. မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။