ခြေနီငှက်
Common Redshank Tringa totanus.jpg
Breeding plumage
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Charadriiformes
မျိုးရင်း: Scolopacidae
မျိုးစု: Tringa
မျိုးစိတ်:
T. totanus
ဒွိနာမ
Tringa totanus
TringaTotanusIUCN2019 2.png
Range of T. totanus     Breeding      Resident      Passage      Non-breeding
Synonyms
  • Totanus totanus (Linnaeus, 1758)
  • Scolopax totanus Linnaeus, 1758
  • Tringa gambetta Linnaeus, 1758

ခြေထောက်နီသည်ကို အစွဲပြု၍ ဤငှက်ကို ခြေနီငှက်ဟုခေါ်သည်။ မြန်မာနိုင်ငံသို့ ဆောင်းရာသီတွင်သာ လာရောက် ကျက်စားတတ်သော ငှက်မျိုးဖြစ်သည်။ ရေတွင်သွားလာ ကျက်စားသော ငှက်မျိုးများ တွင် အလှဆုံးဖြစ်သည်ဟု ဆိုကြသည်။ ဗြိတိသျှကျွန်းစုတွင် ပေါက်ပွား၍ ဆောင်းရာသီတွင် အာဖရိကတိုက်တောင်ပိုင်းမှ ဖိလစ်ပိုင်ကျွန်းစုအထိ ပျံ့နှံ့စွာ နေသည်။

အလျား ၁၁ လက်မခန့်မျှ ရှိသည်။ ခြေထောက်ရှည်၍ နီသည်။ နှုတ်သီးလည်း ရှည်သည်။ ပျံသန်း သည့်အခါ ဖြူဖွေးသောဖင်ပိုင်းနှင့် မြီးတောင်များကို မြင်ရသည်။ တောင်ပံမှာ တစ်ပိုင်းဖြူ၍ တစ်ပိုင်းညိုမည်း နေသည်။ နွေဥတု၌ ကိုယ်အပေါ်ပိုင်း မည်းနက်၍ အောက်ပိုင်းညိုသည်။ ခြေနီငှက်သည် ချောင်းနှင့်လဟာပြင်ရှိရာ အရပ်များတွင် ကျက်စားသည် ရေလွှမ်းသည့်အခါ လယ်ကွင်းများတွင်လည်း ကျက်စားတတ်သည်။ ပျံသန်းရာတွင် လျင်မြန်သည်။ ဘယ်ယိမ်း ညာနွဲ့ ပျံတတ်သည်။ တောင်ပံအနည်းငယ် ရိုက်တတ်သည်။ စိတ်ယနမကင်းသည့်အခါ လည်တညိတ်ညိတ်နှင့် နေတတ်သည်။ မြေသို့ သက်သည့်အခါ အတောင်ကို ကျောပေါ်၌ ထောင်၍ တစ်ခဏမျှ တင်ထားတတ်သည်။ ခြေနီငှက်၏ အစာမှာ ရေပိုးရေမွှားနှင့် ပိုးကောင်မွှားကောင်များ ဖြစ်၍၊ နှစ်ကောင်သုံးကောင် စသည်ဖြင့် အုပ်သင်းကလေးများဖွဲ့ကာ နေလေ့ရှိကြသည်။ ခြေနီငှက်၏အသံမှာ နားထောင်ကောင်းသော လေချွန်သံမျိုး ဖြစ်သည်။ သို့သော် ကြောက်လန့်တကြား ဖြစ်သည့်အခါ ဆူညံစွာအော်၍ တစ်ဟုန်ထိုး ပျံတတ်သည်။[၂]

ကိုးကားပြင်ဆင်

  1. BirdLife International (2013). "Tringa totanus". IUCN Red List of Threatened Species 2013. IUCN. doi:10.2305/IUCN.UK.2013-2.RLTS.T22693211A50404828.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)