ဂုံလူမျိုး (သို့မဟုတ်) ဂုံရှမ်းလူမျိုး (ဂုံရှမ်း: ᨴᩱ᩠ᨿᨡᩨ᩠ᨶ, /taj˧˧.kʰɯːn˧˨˥/; ရှမ်း: တႆးၶိုၼ် ထိုင်း: ไทเขิน; အင်္ဂလိပ်: Tai khun)သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား လူမျိုးတစ်မျိုး ဖြစ်သည်။ ဂုံလူမျိုးကို ခွန်ဟုလည်း ရေးကြ၏။ ထို့ပြင် တိုင်းခင် လူမျိုးများဟုလည်း ခေါ်သည်။ ဂုံလူမျိုးတို့မှာ တိုင်မျိုးနွယ်ဝင်များ ဖြစ်သည်။

ဂုံရှမ်း
လူဦးရေ စုစုပေါင်း
၁၃၈,၀၀၀[]
အများစု နေထိုင်သည့် နေရာ
မြန်မာနိုင်ငံ မြန်မာနိုင်ငံ၁၃၀,၀၀၀ ခန့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်နိုင်ငံ၁၀,၀၀၀ ခန့်
ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ၆,၈၀၀ ခန့်
လာအိုနိုင်ငံ လာအိုနိုင်ငံ၈၀၀ ခန့်
ဘာသာစကား
ဂုံရှမ်းတိုင်ယွမ်ထိုင်းမြန်မာ
ကိုးကွယ်မှု
ထေရဝါဒဗုဒ္ဓဘာသာ
ဂုံရှမ်းလူမျိုး

ဂုံရှမ်းလူမျိုး

ပြင်ဆင်ရန်

တိုင်လူမျိုးများသည် ဗုဒ္ဓမပွင့်မှီ ဘီစီ-၂၁၆ ခန့်တွင် တရုတ်ပြည်တောင်ပိုင်းမှ အရှေ့တောင်အာရှဒေသ သို့ လမ်းကြောင်း ၃ ကြောင်းခွဲ၍ ဆင်းသက်လာကြဆင်းသက်၍ ဂုံရှမ်းလူမျိုးများသည် မဲခေါင်မြစ်ကြောင်းအတိုင်း မြန်မာနိုင်ငံသို့ဝင်ရောက်လာခဲ့၏။ ထိုလူမျိုးများတွင် ထိုင်းနှင့်ရှမ်းဟူ၍ လူမျိုး ၂ စု ကွဲလေသည်။ ထို့ပြင် တဖန်ဒေသကို လိုက်၍ ရှမ်းတို့ကို သုံးမျိုးခွဲနိုင်သေးသည်။ ယင်းတို့မှာ မြောက်ပိုင်းရှမ်း၊ အလယ်ပိုင်းရှမ်းနှင့် တောင်ပိုင်းရှမ်းတို့ ဖြစ်သည်။ ရှေးမြန်မာမင်းတို့ အခေါ်အရ အနောက်ရှမ်း၊ မြောက်ရှမ်းနှင့် အရှေ့ပိုင်းရှမ်းတို့ ဖြစ်သည်။ ထိုရှမ်း ၃ မျိုးတွင် အလယ်ရှမ်း သို့မဟုတ် အရှေ့ရှမ်းလူမျိုးတွင် ဂုံယွန်းနှင့်လူး လူမျိုးတို့ ပါဝင်လေသည်။

 
ကျိုင်းတုံစော်ဘွားကြီး စဝ်စိုင်းလုံခေမာဓိပတိ

မဲခေါင်မြစ်အတိုင်း စုန်ဆင်းလာခဲ့သော ယွန်းရှမ်းများသည် ၁၂ ရာစုအတွင်း ကျိုင်းဆဲင်း၊ ကျိုင်းရိုင်း၊ ကျိုင်းမိုင် တို့ကို ဗဟိုပြုပြီး လန်နာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသည်။အေဒီ ၁၂၄၃ တွင် ယွန်းရှမ်းတို့သည် ကျိုင်းတုံလွင်ပြင်ကို သိမ်းပိုက်ပြီး ခေမာရဋ္ဌခေါ် ကျိုင်းတုံမြို့ ကိုတည်ထောင်ခဲ့သည်။ကျိုင်းတုံဒေသ နမ့်ခင်ချောင်းဘေးတွင် နေထိုင်ကြသော သျှမ်းများဖြစ်သည်နှင့်အညီ နမ့်ခင်ချောင်းကို အစွဲပြု၍ တိုင်းခင် (ခ) ဂုံသျှမ်း ဟုခေါ်ဝေါ်ခဲ့ကြသည်။ ဂုံသျှမ်းလူမျိုးများသည် ရှမ်းကိုးပြည်ဝင် ကျိုင်းတုံမြို့တွင် နေထိုင်လျက် ရှိသည်။ အနောက်ဘက်ကမ်းတွင် လူးလူမျိုးတို့ အနေများလေသည်။ ရှေးအခါက ဂုံလူမျိုးတို့နေထိုင်ရာ ကျိုင်းတုံမြို့နယ်ကို စန္ဒာရကွမ်း၊ ခေမာရဋ္ဌ၊တုံဂပူရိ စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြပြီး ခေမာရဋ္ဌတိုင်း၊ ဂုံပြည်ဟုလည်း ရေးသားလေသည်။ ကဝိလက္ခဏာသတ်ပုံကျမ်းတွင် "ကျိုင်းတောင်းကျိုင်းတုံ၊ မြို့မိုင်းလုံ၊ မော်တုံသျှမ်းတို့ကျေး' ဟူ၍လည်းကောင်း 'ကချင်နှင့် ဂုံ၊ ပြူနှင့်မြုံ၊ သထုံသည်ကဝေး" ဟူ၍ ၎င်းကျိုင်းတုံနှင့် ဂုံတို့ကို ဖော်ပြထားသည်။ခေမာရဋ္ဌ ဟူ၍လည်း အမည်ရသော ကျိုင်းတုံမြို့သည် ဂုံရှမ်းစော်ဘွား အဆက်ဆက် အုပ်ချုပ်ခဲ့သော ဂုံရှမ်းတို့၏ မြို့တော်ဖြစ်သည်။

ကောဇာသက္ကရာဇ် ၆၀၅ အေဒီ-၁၂၄၃ မှစ၍ ကောဇာသက္ကရာဇ် ၁၃၂၄ ခုနှစ် အေဒီ-၁၉၆၂ အထိ အုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ စုစုပေါင်း (၄၉)ပါးရှိသည်။ ဂုံသျှမ်း စာပေ ယဉ်ကျေးမှုမှာ ရှေးယခင်ကပင် ရှိခဲ့သည်။ ဂုံသျှမ်း စာပေများသည် အိန္ဒိယပြည်သုံး ဗြဟ္မီနှင့် သင်္သကရိုက် အက္ခရာတို့မှ တဆင့် ပလ္လဝအက္ခရာအဖြစ်အသုံးပြုပြီး ခမာလူမျိုးများမှ တဆင့် ထိုင်းနိုင်ငံ၊လာအိုနိုင်ငံ၊ဇင်းမယ်(ချင်းမိုင်)၊ကျိုင်းတုံနယ် များအထိအသုံးပြုခဲ့ကြသည်။ ထိုမှတဆင့် ဆစ်ဆောင်ပန်နား (လူးတစ်ဆယ့်နှစ်ပန္နား)ဒေသများ အထိ အသုံးပြုလာခဲ့သည်။ ဂုံလူမျိုးတို့၏ ဘာသာစကားမှာ တောင်ပိုင်း ထိုင်းဘာသာ စကားတွင် ပါဝင်သည်ဟု ဆို၏။ ရှမ်းစာပေအက္ခရာ အရေးအသား ၆ မျိုးရှိ၏။ ယင်းတို့တွင် လူးနှင့်ဂုံ တို့၏ စာပေအရေးအသားကို ခွဲခြား ထားလေသည်။ ထို့ကြောင့် စာပေအရေးအသားတွင် လူးနှင့် ဂုံကို မတူဟု ဆိုနိုင်သော်လည်း မျိုးရိုးနှင့် ဓလေ့ထုံးစံများမှာ များစွာခြားနားခြင်း မရှိလှဟု သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ဝနယ် ဟိုပန်ကွမ်းလုံသိန္နီ နှင့် နမ့်ဆန် တို့တွင် လည်း ထိုစာပေ သုံးစွဲမှုကို တွေ့ရသည်။

ဂုံယဉ်ကျေးမှု

ပြင်ဆင်ရန်

ခုနှစ် သန်းခေါင်စာရင်းအရ လူးနှင့် ဂုံလူမျိုး စုစုပေါင်း ၁၆၂၂၇ ရှိသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း၌မူ ၂၂၅၈၉၄ ရှိသည်ဟု ဆိုသည်။

ဂုံရှမ်းလူမျိုးများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၏။ ဝတ်စား ပုံမှာရှမ်းလူမျိုးများ၏ အဆင်တန်ဆာများဖြစ်သော ရှမ်းအင်္ကျီ၊ ဘောင်းဘီနှင့် ခေါင်းပေါင်းကြီးများကို ယောက်ျား များက ဝတ်ဆင်ကြ၏။ မိန်းမများကမူ လက်ကောက်ဝတ် ကျပ်သော ရင်သိုင်းအင်္ကျီလက်ရှည်ကိုဝတ်၍ ပိုးစခေါင်းပေါင်းများကို ပေါင်းတတ်သည်။

ဂုံရှမ်းအမျိုးသမီးဆံထုံးများကို အဓိကအနေဖြင့် ဦးထိပ်တွင် ထုံးလေ့ရှိသလို နောက်တွဲလည်းထုံးလေ့ရှိသည်။ ဆံထုံးကို ရွှေငွေဆံထိုးများဖြင့် အလှဆင်ကြသလို မူပိုင်ဟန်နှင့် ကိုယ်တိုင်တီထွင်ကြသော ပန်းကနုတ် ပုံစံဆံထိုးကိုလည်း အသုံးပြုကြသည်။ ကျောက်အနေဖြင့် အဖြူ အနီကို အဓိက အသုံးပြုကြပြီး ပုလဲမှာ ဒေသထွက်မဟုတ်သဖြင့် အသုံးပြုမှုနည်းပါးသည်။

ဂုံရှမ်းအမျိုးသမီး ခေါင်းပေါင်းအုပ်ပေါင်းပုံစံနှင့် ပေါင်းကြသည့် ဂုံရှမ်းအမျိုးသမီးခေါင်းပေါင်းမှာ ပိုးစကို အထပ်ထပ်ရစ်ပြီး ခပ်ပြားပြားအလွှာအထပ်ပုံစံဖော်သည်။ ညာဖက်မှ ဘယ်ဖက်သို့ရစ်ပြီးအဆုံးသတ်အနေဖြင့် အရှေ့နဖူးဘက်တွင် ခပ်စောင်းစောင်းပတ်သည်။ ယင်းနောက် ဘယ်ဖက်ထိပ်အပေါ်မှအနားစကို အဆုံးသတ်သည်။ အထည်စနှင့် အရောင်မှာ ရှေးခေတ်က ပိုးစစ်စစ်ကို အသုံးပြုကြသသည်။ ရှေးယခင်က ပိုးအစစ်များသည် အရောင်နုများ ဖြစ်သဖြင့် ပန်းဝါနု လိမ္မော်ရောင်နုများကို သုံးလေ့ရှိသည်။ အရောင်ရင့်ရင့်လုံးဝမသုံးသလို အနီရောင်ကိုလည်း လုံးဝရှောင်သည်။ အနီရောင်မှာ ရှေးယခင်က အာဏာရပါးကွက် သူသတ်များသာ အသုံးပြုခဲ့သည် ။ကျေးလက်နေ အမျိုးသမီးများသည် တိုင်းလုံ (ရှမ်းကြီး)ပုံစံ ပေါင်းလေ့ရှိကြသည်။

ဂုံလူမျိုးတို့၏ နေအိမ်မှာ အထူးသဖြင့် အုတ်ကြွပ်မိုးနှင့် အုတ်အင်္ဂတေအကာအရံဖြင့် ဆောက်လုပ် သောအိမ်များ ဖြစ်သည်။ []

ရိုးရာဓလေ့

ပြင်ဆင်ရန်
 
နန္ဒဘေရီမင်္ဂလာစည်တော်ပို့ခြင်း

သင်္ကြန်အခါကျိုင်းတုံမြို့တွင် နန္ဒဘေရီ မင်္ဂလာစည်တော်ပို့ခြင်းသည်ထင်ရှားသောဂုံယဉ်ကျေးမှုဖြစ်သည်။ ပြည်သူလူထုက တပျော်တပါး လိုက်ပါပို့ဆောင် ပြီး လမ်းခရီးတွင်လည်း ရေပက်ကစားသူများနှင့် စည်ကားလှပါသည်။ နမ့်ခင်ချောင်း လောင့်ကုတ်သို့ ရောက်သောအခါ မင်္ဂလာသုတ် ရွတ်ဆိုပြီး ရွံ့ ဖြင့် ပြုလုပ်သော ဖားရုပ်သင်္ကြန်မင်း ရုပ်တုတို့ကို ချောင်းထဲသို့ မျှောချလိုက်ပါသည်။ မင်္ဂလာစည်တော်တီး အဖွဲ့သည် လာလမ်းအတိုင်း မြို့ထဲသို့ ဝင်ကာ မြို့လယ်ရှိ ဗောဓိပင်ကြီး၌ ခေတ္တ ရပ်နားပါသည်။ ထိုအချိန်တွင် ဆွမ်တောင်း ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတော် ၄ ပါး က အသင့်ပြင်ဆင်ထား သောပရိတ်ရေများဖြင့် ပက်ဖျန်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ သို့ဖြင့် ကျိုင်းတုံမြို့ သင်္ကြန်ပွဲကို ယနေ့အထိကျင်းပဆဲဖြစ်သည်။

  1. Tai KhunJoshua Project။ ၃၀ ဧပြီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)