ဂျိုက်သိုးရောဂါကာကွယ်ဆေး

ဂျိုက်သိုးရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Mumps vaccine)သည် ဂျိုက်သိုးရောဂါကို စိတ်ချစွာကာကွယ်နိုင်သော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။ လူထုတစ်ရပ်အတွင်းရှိ လူအများစုကို ဤကာကွယ်ဆေးပေးပါက ထိုလူထုထဲတွင် ဂျိုက်သိုးရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။[၁] အကယ်၍ လူထုတစ်ရပ်အတွင်းရှိ လူပေါင်း(၉၀)ရာခိုင်နှုန်းခန့်ကို ဤကာကွယ်ဆေးပေးပါက (၈၅)ရာခိုင်နှုန်းခန့် အကျိုးသက်ရောက်မှုရှိနိုင်သည်။[၂] အချိန်ကြာရှည်စွာ ကာကွယ်မှုပေးနိုင်ရန် နှစ်ကြိမ်ထိုးပေးရသည်။ ပထမအကြိမ်ကို ကလေးအသက်(၁၂-၁၈)လအတွင်းတွင် ပေးရပြီး ဒုတိယအကြိမ်ကို ပုံမှန်အားဖြင့် အသက်(၂-၆) နှစ်အတွင်းတွင် ပေးရသည်။[၁] ခုခံအားအပြည့်အဝမရသေးသူများသည် ဂျိုက်သိုးရောဂါရှိသူနှင့် ထိတွေ့မှုရှိပါက ဤကာကွယ်ဆေးကို ထိုးထားသင့်သည်။[၃]

ဂျိုက်သိုးရောဂါကာကွယ်ဆေးသည် အလွန်စိတ်ချရသောဆေးဖြစ်ပြီး[၁][၃] ဆေးထိုးသည့်နေရာတွင် အနည်းငယ်နာကျဉ်ခြင်း၊ ရောင်ရမ်းခြင်း၊ ကိုယ်ပူခြင်းစသော ဘေးထွက်ဆိုးကျိုးများသာ ဖြစ်တတ်သည်။ ပို၍သိသာထင်ရှားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။[၁] ဤကာကွယ်ဆေးကြောင့် အာရုံကြောနှင့်ဆိုင်သော ဆိုးကျိုးများဖြစ်သည်ဆိုသည့်အယူအဆမှာ လုံလောက်သော သက်သေအထောက်အထားမရှိပါ။[၃] ကိုယ်ဝန်ဆောင်နေသူများနှင့် ကိုယ်ခံအားကျဆင်းနေသူများကို ဤကာကွယ်ဆေး ပေးရန်မသင့်ပါ။[၁] ဤကာကွယ်ဆေးအထိုးခံခဲ့ရသော ကိုယ်ဝန်ဆောင်နေသူများ၏ ကလေးများတွင် မကောင်းသောဆိုးကျိုးများဖြစ်တတ်သည်ဟုဆိုသော်လည်း စာရွက်စာတမ်းများတွင် မှတ်တမ်းတင်ထားခြင်း မတွေ့ရပါ။[၁][၃] ဤကာကွယ်ဆေးကို ကြက်ဥ၏ဆဲလ်တွင် ပြုလုပ်ထားသော်လည်း ဥနှင့်မတည့်သောလူများကိုပါ စိတ်ချစွာ ပေးနိုင်သည်။[၃]

တိုးတက်နေသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားတွင် ဤကာကွယ်ဆေးကို ဝက်သက်ရောဂါကာကွယ်ဆေး၊ ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေးတို့နှင့် ရောစပ်ထားသော အမ်အမ်အာ(MMR)ဆေးအဖြစ်ဖြင့် ကာကွယ်ဆေးပေးခြင်းအစီအစဉ်တွင် ထည့်သွင်းထားကြသည်။[၁] အထက်ပါ(၃)မျိုးအပြင် ရေကျောက်ရောဂါကာကွယ်ဆေးကိုပါ ရောစပ်၍ အမ်အမ်အာဗွီ(MMRV)ဆေးအနေဖြင့်လည်း ရရှိနိုင်ပြီး[၃] (၂၀ဝ၅)ခုနှစ်တွင် နိုင်ငံပေါင်း(၁၁၀)တွင် ၎င်းဆေးကို ပေးကြသည်။ ဤကာကွယ်ဆေးကို ကျယ်ပြန့်စွာ ထိုးပေးသောနေရာများတွင် ဂျိုက်သိုးရောဂါဖြစ်ပွားမှု (၉၀)ရာခိုင်နှုန်းခန့်ကျဆင်းကြောင်း တွေ့ရှိရသည်။ လူပေါင်း သန်း(၅၀ဝ)ခန့်ကို ဤကာကွယ်ဆေးပေးခဲ့ကြခြင်းဖြစ်သည်။[၁]

ဂျိုက်သိုးရောဂါကာကွယ်ဆေးကို (၁၉၄၈)ခုနှစ်တွင် စတင်မှတ်ပုံတင်ခဲ့သော်လည်း ၎င်းမှာ အချိန်တိုအတွင်းသာ အကျိုးသက်ရောက်မှုရှိသည်။[၃] (၁၉၆၀)နှစ်ပိုင်းအတွင်းတွင် ပို၍ကောင်းသောဆေးများ ဈေးကွက်သို့ ဝင်ရောက်လာခဲ့သည်။ ကနဦးပိုင်းတွင် ပြုလုပ်ခဲ့သော ကာကွယ်ဆေးများမှာ အသက်မရှိတော့သော ရောဂါပိုးဖြင့်ပြုလုပ်ထားပြီး နောက်ပိုင်းပြုလုပ်သောဆေးများမှာ အသက်ရှိသော်လည်း အားပျော့သည့်ရောဂါပိုး ပါဝင်သည်။[၁] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၄] ဤကာကွယ်ဆေးကို (၂၀ဝ၇)ခုနှစ်တွင် အမျိုးပေါင်းများစွာ ရရှိနိုင်ပြီဖြစ်သည်။[၁] (၂၀၁၄)ခုနှစ်တွင် အမ်အမ်အာဆေးတစ်လုံး၏ လက်ကားဈေးမှာ (ဝ.၂၄) ဒေါ်လာခန့်ဖြစ်သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ "Mumps virus vaccines." (16 Feb 2007). Weekly epidemiological record 82 (7): 49–60. PMID 17304707. 
  2. Hviid A, Rubin S, Mühlemann K (March 2008). "Mumps". The Lancet 371 (9616): 932–44. doi:10.1016/S0140-6736(08)60419-5. PMID 18342688. 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ Atkinson၊ William (May 2012)။ Mumps Epidemiology and Prevention of Vaccine-Preventable Diseases (12 ed.)။ Public Health Foundation။ pp. Chapter 14။ ISBN 9780983263135
  4. WHO Model List of EssentialMedicinesWorld Health Organization (October 2013)။ 22 April 2014 တွင် ပြန်စစ်ပြီး။
  5. Vaccine, Measles-Mumps-rubella။ 8 December 2015 တွင် ပြန်စစ်ပြီး။