ယိုဟာနဲစ် ဘရမ်စ်

ဂျာမန်တေးရေးဆရာနှင့်စန္ဒရားတီးခတ်သူ
(ဂျိုဟန်းနက် ဘရမ်း မှ ပြန်ညွှန်းထားသည်)

အနောက်တိုင်း ဂီတပညာ သင်ကြားဆည်းပူးသူများက သုံးလုံး (ဗာခ်၊ ဘီသိုဗင်နှင့် ဗရမ်း)တို့သည် အနောက်တိုင်းဂီတလောကတွင် အထူးချွန်ဆုံးသော ဂီတပညာရှင်ကြီးများ ဖြစ်သည်ဟု ယူဆကြသည်။ ယင်းအယူအဆ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဗရမ်းကို အထူးချွန်ဆုံး အနောက်တိုင်းဂီတပညာရှင်ကြီးများထဲတွင် ထည့်သွင်းရမည်ကား အမှန်ပင် ဖြစ်သည်။

ယိုဟန်းနက် ဗရမ်း

ယိုဟန်းနက်ဗရမ်းသည် ဂျာမန်လူမျိုးဖြစ်၍ ဂျာမနီနိုင်ငံ ဟမ်းဗတ်မြို့၌ ၁၈၃၃ ခုနှစ် မေလ ၇ ရက်နေ့တွင် မွေးဖွားသည်။ ဖခင်ဖြစ်သူသည် တီးဝိုင်းများ၌ တယောကြီး တီးရသူဖြစ်၍ ဗရမ်းသည် ဂီတနယ်ထဲတွင် ကြီးပြင်းခဲ့ရသည်။ အဖေ့သားသည် အဖေကဲ့သို့ ဂီတသမားတစ်ဦးပင် ဖြစ်လာလိမ့်မည်ဟူ၍ သာ ဖခင်ဖြစ်သူက ခန့်မှန်းခဲ့ရာ၊ ဖခင်ထက် ဂီတဘက်တွင် ပို၍ ထူးချွန်ကာ ပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟူ၍ကား မမျှော်မှန်းခဲ့ပေ။ သို့သော် ဗရမ်းအား ဂီတပညာ သင်ကြားပေးကြသော ဆရာကြီးများကမူ ဂီတဘက်တွင် ထူးချွန်လှသည့် ဗရမ်း၏ အရည်အသွေးကို သိမြင်ကြ၍ ဂီတလောကတွင် ထွန်းပေါက်ကျော်ကြားလာမည့်သူတစ်ဦးဟု နိမိတ်ဖတ်ခဲ့ကြ လေသည်။

ဗရမ်းသည် ၆ နှစ်သားအရွယ်ကပင် တူရိယာ တီးမှုတ်ခြင်းများကို သင်ကြားဆည်းပူးခဲ့ရာ သူတီးရန် အနှစ်သက်ဆုံး တူရိယာမှာ စန္ဒရားဖြစ်ပေသည်။ အသက် ၂ဝ အရွယ်တွင် ဟန်ဂေရီလူမျိုး တယောဝိဇ္ဇာရမေ ညီနှင့်အတူ အမြို့မြို့သို့ လှည့်လည်၍ ဂီတပဒေသာပွဲများတွင် စန္ဒားရားလက်စွမ်း ပြခဲ့သည်။ ထိုကြောင့် ဂျာမန်တယောဝိဇ္ဇာကြီး ယိုအာကင်နှင့် မိတ်ဖြစ်ခဲ့ရာ၊ ယိုအာကင်က ဗရမ်း၏ ဂီတစွမ်းရည်ကို ရိပ်စားမိသဖြင့်၊ထိုခေတ်က ကျော်ကြားလှသော ဂျာမန်ဂီတပညာရှင်ကြီး များဖြစ်သည့် ဖရန့်လဇ္ဇ၊ ရောဗတ်ရှူးမန်းတို့နှင့် တစ်ဖန် ဗရမ်းအား မိတ်ဖွဲ့ပေးသည်။ ထိုအချိန်မှစ၍ ဗရမ်း၏ဘဝတွင် ထူးခြားပြောင်းလဲမှု စတင်ခဲ့လေသည်။


ရှူးမန်း ဇနီးမောင်နှံနှင့် ဗရမ်းတို့သည် ခင်မင်ကြရာမှ တဖြည်းဖြည်း သွေးရင်းသားရင်းပမာ ရင်းနှီး ချစ်ခင်ကြသည်။ ထိုအချိန်တွင် ဗရမ်းသည် ကိုယ်တိုင် သီချင်းများ၊ တီးကွက်များကို ရေးစပ်လျက်ရှိရာ၊ ရှူးမန်းတို့ ဇနီးမောင်နှံသည် ဗရမ်း၏ အရည်အသွေးကို သိသဖြင့် အရောင်တင်ပေးကြသည်။ ရောဗတ်ရှူးမန်းက ဗရမ်းအား ချီးကျူးသည့်ဆောင်းပါးများ ရေးသားသဖြင့် ဂျာမန်ဂီတလောကသည် ဂီတစာဆို ဗရမ်းအား အာရုံပြုလာကြသည်။ ဇနီးဖြစ်သူ ကလဲရာရှူးမန်းသည် စန္ဒရား တီး ဝိဇ္ဇာတစ်ဦးဖြစ်ရာ၊ ဗရမ်း၏ တီးကွက်ညွန့်များကို ဂီတပဒေသာပွဲများ၌ တီးပြ၍ ဗရမ်း၏လက်ရာများကို ပွဲထုတ်ပေးသည်။ ယင်းသို့ဖြင့် ဗရမ်းသည် ဂီတစာဆိုတစ်ဦးအဖြစ် ကျော်ကြားလာလေသည်။

ဗရမ်းသည် နာမည်ကျော် ဂီတစာဆိုတစ်ဦး ဖြစ်လာပြီးနောက်တွင် ဂျာမနီနိုင်ငံ ဟမ်းဗတ်မြို့၊ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၊ ဩစတြီးယားနိုင်ငံ ဗီယင်းနားမြို့များတွင် ဂီတဘက်ဆိုင်ရာ ရာထူးကြီးများကို ထမ်းဆောင်ခဲ့ပြီးနောက် ၁၈၇၂ ခုနှစ်မှစ၍ ဗီယင်းနားမြို့၌ပင် အခြေစိုက်ကာ၊ သီချင်းများ၊ တီးကွက်များ ရေးစပ်ခြင်းကိုသာ ပြုလုပ်နေခဲ့သည်။ သူ၏ပထမဆုံး သံစုံ တီးကွက်ကို ထိုစဉ်က ရေးစပ်ခဲ့ရာ ဂီတလောကတစ်ခုလုံးက ဗရမ်းအား ဂီတပါရမီရှင်အဖြစ် ချီးကျူးထောပနာပြုကြလေသည်။ ပထမ ဗရမ်း၏ ဂီတများသည် နားလည်သဘောပေါက်ရန် ခက်ခဲနက်နဲသည်ဟု ယူဆခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် လူကြိုက်များလာကာ ဂီတပွဲတော်အခါများတွင် ဗရမ်း၏ တီးကွက်တစ်ပုဒ် မတီးရဘဲ ဂီတပွဲတော် မဖြစ်သလောက် ဖြစ်လာလေသည်။

ဗရမ်းတွင် ချစ်ခင်ရင်းနှီးသော မိတ်ဆွေ အနည်းငယ်မျှသာရှိ၍၊ ရိုးရိုးကုတ်ကုတ်နှင့် အေးဆေးစွာ နေလေ့ရှိသည်။ တစ်သက်လုံး အိမ်ထောင်လည်း မပြုခဲ့ပေ။ သူမြတ်နိုးသော ဗီယင်နားမြို့မှ ခွာရမည်စိုး၍ အင်္ဂလန်ပြည်၊ ကိမ်းဗရစ် တက္ကသိုလ်မှ ပေးသော ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း သွား၍ မယူခဲ့ပေ။

အသက် ၆၄ နှစ်အရွယ်တွင် ဗရမ်း အလွန်ချစ်ခင်ရင်းနှီး၍ သူ့အား အရောင်တင်ပေးခဲ့သူ ကျေးဇူးရှင်တစ်ဦးလည်းဖြစ်သော ကလဲရာရှူးမန်း၏ အသုဘသို့ သွားပို့ပြီးအပြန်၊ အအေးမိ၍ ဖျားပြီးကွယ်လွန်သည်။ စိတ်ထိခိုက်မှုလည်း ပါသည်ဟု ဆိုကြ သည်။ ဗရမ်း၏အလောင်းကို ဩစတြီးယန်း ဂီတပညာရှင်ကြီးများ ဖြစ်သော ဗေးထိုးဗင်နှင့် ဖရန့်ရှူးဗတ်တို့၏ ဂူများအနီးတွင် မြှုပ်နှံလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)