ဂျွန်ကွန်စတေဗယ်သည် အင်္ဂလိပ်လူမျိုး ရှုခင်းပန်းချီဆရာတစ်ဦးဖြစ်သည်။ ဂျွန်ကွန်စတေဗယ်ကို အင်္ဂလန်နိုင်ငံဆပ်ဖတ်ခရိုင် အရှေ့ဗာဂဟော့မြို့၌ ၁၇၇၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ ချမ်းသာကြွယ်ဝသော ဂျုံစက်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဂျွန် အသက် ၇- နှစ်အရွယ်ခန့်မှစပြီး ကျောင်းအိပ်ကျောင်းစား ပညာသင်ယူစေခဲ့သည်။ ကျောင်းစာသင်ကြားရာမှာ ငြီးငွေ့လာသော ဂျွန်သည် ကျောင်းမှထွက်ပြီးနောက် ဖခင်ဖြစ်သူ၏ လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကူညီခဲ့သည်။ ငယ်စဉ်ကတည်းက ပုံဆွဲခြင်းကို ဝါသနာပါခဲ့သည့်အတွက် အားလပ်ချိန်တိုင်းမှာ ပုံဆွဲလေ့ကျင့်နေလေ့ရှိသည်။ ဂျွန်၏ဖခင်က ဂျွန့်အား ပန်းချီဆရာဖြစ်သွားမှာ လုံး၀ မလိုလားသည့်အတွက် ဂျွန်၏ ဝါသနာကို အားပေးခြင်း မပြုခဲ့ပါ။ သို့သော် ဂျွန်၏ ဝါသနာနှင့် ဇွဲလုံ့လကို တားဆီးခြင်း မပြုနိုင်ခဲ့ပေ။ ၁၇၉၅-ခုနှစ်အရောက်တွင် လန်ဒန်မြို့ကိုသွားရောက်ပြီး ပန်းချီပညာလေ့လာသင်ယူခြင်းကို ခွင့်ပြုလိုက်ရပါတော့သည်။

ဂျွန်သည် လန်ဒန်မြို့၏ တော်ဝင်ပန်းချီပညာရှင်တစ်ဦးဖြစ်သူ ဂျိုးဇက်ဖယ်ရင်တန်နှင့် တွေ့ဆုံခဲ့ပြီး ဆရာဂျိုးဆက်ထံမှာ ပန်းချီပညာများကို စတင်သင်ယူခဲ့သည်။ ၁၇၉၉-ခုနှစ်တွင် ဆာဂျော့ဗိုးမွန့် ၏ အကူအညီနှင့် လန်ဒန်မြို့ရှိ နာမည်ကျော်တော်ဝင်ပန်းချီကျောင်းတွင် ကျောင်းဝင်ခွင့် ရရှိခဲ့ချိန်မှစ၍ ဘဝတစ်သက်တာပတ်လုံး ပန်းချီပညာကို အသုံးချပြီး အသက်မွေးဝမ်းကျောင်းရန် ဆုံးဖြတ်ခဲ့ပေသည်။

၁၈၀၂-ခုနှစ်တွင် ဂျွန်သည် သူရေးဆွဲထားသော ပန်းချီကားများကို တော်ဝင်အနုပညာတံခွန်အသင်းတွင် တင်ပြခဲ့သည်။ ဂျွန်၏ ဆွဲဆောင်မှုရှိသော အရောင်နှင့် လက်ရာများကြောင့် တော်ဝင်အနုပညာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဗင်ဂျမင်ဝက်ကလည်း ဂျွန်ကို အားပေးခဲ့ သည့်အတွက် ထိုအသင်းမှ ခန့်အပ်သော လခစား ပုံဆွဲဆရာအလုပ်ကိုပင် လက်မခံတော့ဘဲ ကိုယ်ပိုင်ပန်းချီလုပ်ငန်းထူထောင်ရန် ကြိုးစားခဲ့ပေသည်။

၁၈၀၆ မှ ၁၈၀၉-ခုနှစ်အတွင်းတွင် ဂျွန်သည် ရေးနောနှင့် ဟော့ပနာတို့၏ ပုံတူကားများကို ကူးယူရေးဆွဲပြီး ပုံတူဆွဲဆရာဖြစ်ရန် ကြိုးစားခဲ့သည်။ ကြိုးစားခဲ့သည့်အတိုင်း ပုံတူရေးဆွဲခြင်းအတတ်မှာ ကျွမ်းကျင်တတ်မြောက်သင့်သလောက် ကျွမ်းကျင်ခဲ့ပေမယ့် ဆေးအရောင်နှင့် အလင်းအမှောင်အထားအသို မှန်ကန်မှုဘက်မှာ စိတ်ဝင်စားလာပြီဖြစ်သော ဂျွန်သည် ထိုအချိန်မှစပြီး ရှုခင်းပန်းချီများကိုသာ တစိုက်မတ်မတ် ရေးဆွဲခဲ့သည်။

၁၈၁၆-ခုနှစ်တွင် ဂျွန်၏ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် ဂျွန်က မာရီယာအဲလိဇဘက်နှင့် လက်ထပ်ခဲ့သည်။ ဝါသနာပါရာ ပန်းချီများ ရေးဆွဲရင်း လန်ဒန်မြို့မှာ ဆက်လက်နေထိုင်ခဲ့သည်။ ၁၈၁၉-ခုနှစ်တွင် တော်ဝင်ပန်းချီအသင်းကြီး၏ အတိုင်ပင်ခံ ပန်းချီဆရာတစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ငွေကြေးအရ ပြည့်စုံလုံလောက်နေပေမယ့် ကျန်းမာရေး တစ်စတစ်စ ချို့ယွင်းလာသေည ဇနီးဖြစ်သူကြောင့် သူတို့၏ အိမ်ထောင်ရေးမှာ ပျော်ရွှင်ချမ်းမြေ့သင့်သလောက် သာယာပျော်ရွှင်ခြင်းကို မရရှိခဲ့ပါ။ ၁၈၂၇-ခုနှစ် အကုန်တွင် ဇနီးဖြစ်သူ ကွယ်လွန်ခဲ့သည့်အတွက် စိတ်ဓာတ်များကျဆင်းပြီး ၁၈၂၉-ခုနှစ်မှာ တော်ဝင်အနုပညာကျော်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရတာကိုတောင် ဝမ်းသာပျော်ရွှင်ခြင်း မရှိအောင် ဖြစ်ခဲ့ရသည်။ သို့သော် ဂျွန်က သူ့၏ ဝါသနာဖြစ်သော ပန်းချီရေးဆွဲခြင်းတွင် စိတ်ရောကိုယ်ပါ မြှုပ်နှံခဲ့ပြီး ကမ္ဘာကျော်ပန်းချီကား အမြောက်အမြားကို ရေးဆွဲနိုင်ခဲ့ပေသည်။ ၁၈၃၇-ခုနှစ် မတ်လ ၃၁ နေ့တွင် ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်ခဲ့သည်။ ဂျွန်၏ ရုပ်ကလာပ်ကို ဟမ်စတက်ဘုရားရှိခိုးကျောင်းဝင်းအတွင်း၌ ယနေ့တိုင်အောင် မြှုပ်နှံထားရှိလေသည်။

ကိုးကား ပြင်ဆင်ရန်