အင်္ဂလန်နိုင်ငံ

ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ အစိတ်အပိုင်းဖြစ်သောနိုင်ငံ

အင်္ဂလန်သည် နိုင်ငံတစ်ခုဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ [][][] အင်္ဂလန်သည် မြောက်ဘက်တွင် စကော့တလန်နိုင်ငံ၊ အနောက်ဘက်တွင် ဝေလနိုင်ငံတို့နှင့် ကုန်းမြေခြင်း ထိစပ်လျက် ရှိပြီး အနောက်မြောက်ဘက်တွင် အိုင်းရစ်ရှ်ပင်လယ်၊ အနောက်တောင်ဘက်တွင် ဆဲလ်တစ် ပင်လယ်၊ အရှေ့ဘက်တွင် မြောက်ပင်လယ် တို့နှင့် ထိစပ်လျက် ရှိသည်။ အရှေ့ဘက်တွင်မူ ဥရောပတိုက်နှင့် အင်္ဂလိပ်ရေလက်ကြား ခြားနားလျက် တည်ရှိသည်။ အင်္ဂလန်နိုင်ငံ၏ အစိတ်အပိုင်း အတော်များများသည် မြောက်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ ဂရိတ် ဗြိတိန်ကျွန်း၏ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသ တို့တွင် တည်ရှိသည်။ ထို့ပြင် စီလီကျွန်းစုများ နှင့် ဝိုက်ကျွန်းစုများ အစရှိသည့် ကျွန်းငယ် အများအပြားလည်း ပါဝင်သည်။

အင်္ဂလန်နိုင်ငံ
အင်္ဂလန်နိုင်ငံ၏ အလံတော်
အလံတော်
အင်္ဂလန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "God and my right"
ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ အခွင့်အရေး
အင်္ဂလန်နိုင်ငံ ၏ တည်နေရာ
မြို့တော်လန်ဒန်မြို့
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်
လူမျိုးစု၈၅.၄% လူဖြူ၊ ၇.၈% အာရှသား၊ ၃.၅% လူမည်း ၂.၃% ကပြား၊ ၀.၄% အာရပ်၊ ၀.၆% အခြားလူမျိုးများ[]
ကိုးကွယ်မှု၄၇,၃၇၈,၁၅၀_၇၁.၁% ခရစ်ယာန်၊၁၄,၁၉၃,၄၅၄_၂၁.၃% ဘာသာမဲ့၊ ၂,၉၃၁,၉၈၁_၄.၄% အစ္စလာမ်၊ ၈၆၆,၂၆၇_ ၁.၃% ဟိန္ဒူ၊ ၄၆၆,၄၅၂_၀.၇% အခြား၊ ၃၃၃,၁၈၀_၀.၅% ဂျူး၊ ၂၆၆,၅၄၄_၀.၄% ဗုဒ္ဓဘာသာ၊ ၁၉၉,၉၀၈_၀.၃% တိုင်းရင်းရိုးရာယုံကြည်မှု။
အစိုးရ
• ဘုရင်
ချားလ်စ် ဝေလမင်းသား
• ဝန်ကြီးချုပ်
ရီရှီ ဆူးနက်ခ်
ဧရိယာ
• စုစုပေါင်း
၅၀,၃၀၁
လူဦးရေ
• ခန့်မှန်း
၅၅,၄၄၆,၀၀၀
• သိပ်သည်းမှု
၃၉၅
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၁.၉ ထရီလီယံ
• Per capita
အမေရိကန်ဒေါ်လာ ၃၈,၀၀၀
ငွေကြေးစတာလင်ပေါင်
အချိန်ဇုန်ဂရင်းနစ် +၀
တယ်လီဖုန်းကုဒ်+၄၄
Internet TLD.uk


ယခုအချိန်တွင် အင်္ဂလန်ဟု ခေါ်ဆိုကြသော နေရာမှာ လူသားတို့ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း (Upper Palaeolithic period) ကာလကပင် အခြေချ နေထိုင်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံ၏ အမည်မှာ ၅ ရာစုနှင့် ၆ ရာစု များအတွင်း အခြေချ နေထိုင်ခဲ့ကြသည့် ဂျာမန်လူမျိုးစု တစ်စုဖြစ်သော အိန်ဂျယ်လ် လူမျိုးစု၏ အမည်ကို ယူထားခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံသည် အေဒီ ၉၂၇ ခုနှစ်တွင် တစ်စုတစ်စည်းတည်း ဖြစ်ခဲ့ပြီး စူးစမ်း ရှာဖွေရေးခေတ် (Age of Discovery) ဟုခေါ်သည့် ၁၅ ရာစုနှစ်တွင်ယဉ်ကျေးမှုပိုင်းဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာအားဖြင့် တစ်ကမ္ဘာလုံးသို့ ဩဇာလွှမ်းမိုးမှု ရှိခဲ့သည်။ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိကန်ဘုရားကျောင်းနှင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံအတော်များများရှိ တရားဥပဒေ စနစ် အတော်များများ၏ အခြေခံ ဖြစ်သော အင်္ဂလိပ် ဥပဒေတို့ကို အင်္ဂလန်တွင် တီထွင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံ အစိုးရ၏ ပါလီမန်စနစ် ပုံစံကိုလည်း နိုင်ငံ အတော်များများတွင် ကျင့်သုံးလျက် ရှိကြသည်။ စက်မှုတော်လှန်ရေးသည် အင်္ဂလန်တွင် ၁၈ ရာစု၌ စတင်ဖြစ်ပွားခဲ့ပြီး လူ့အဖွဲ့အစည်းကို ကမ္ဘာပေါ်တွင် ပထမဆုံး စက်မှုထွန်းကားသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲ ပေးခဲ့သည်။ အင်္ဂလန်ရှိ တော်ဝင်အဖွဲ့အစည်းသည် ခေတ်သစ် သိပ္ပံစမ်းသပ်မှုများ၏ အခြေခံ အုတ်မြစ်ကို ချပေးခဲ့သည်။

ဂရိတ်ဗြိတိန်ကျွန်း၏ တောင်ဘက်စွန်းတွင် ဝေလပြည်မှတစ်ပါး ကျန်အပိုင်းသည် အင်္ဂလန်ပြည်ဖြစ်သည်။ မြောက်လတ္တီတွဒ် ၅ဝ ံ မှ ၅၆ ံ နှင့် အရှေ့လောင်ဂျီတွဒ် ၂ ံ မှ အနောက် လောင်ဂျီတွဒ် ၆ ံ အတွင်း၌တည်ရှိသည်။ ဂရိတ် ဗြိတိန်တစ်ကျွန်းလုံး၏ ကိုးပုံငါးပုံခန့်သည် အင်္ဂလန်ပြည်ဖြစ် သည်။ အကျယ်အဝန်းအားဖြင့် ၅ဝ၈၇၅ စတုရန်းမိုင်ရှိ၍ တောင်ဘက်သလစ်ဇတ်အငူမှ မြောက်ဘက် ဗားဝစ်-အွန်-တွိမြို့ အထိ မိုင် ၄၃ဝ ရှည်ပြီးလျှင် လင်းစအင်းအငူမှ လိုးဝက် စတော့မြို့အထိ မိုင် ၃၇ဝ ကျယ်သည်။ အင်္ဂလန်ပြည်၏ မည်သည့်နေရာမျှ ပင်လယ်ရေရှိရာနှင့် မိုင် ၇ဝ ထက် ပိုဝေး သည်ဟူ ၍မရှိချေ။

အင်္ဂလန်ပြည်ကို မြောက်ဘက်တွင် စကော့တလန်ပြည်၊ အနောက်ဘက်တွင်ဝေလပြည်၊ အိုင်းရစ်ပင်လယ်နှင့် အတ္တလန္တိတ် ပင်လယ်၊ တောင်ဘက်တွင် အင်္ဂလိပ်ရေလက်ကြားနှင့် အရှေ့ဘက်တွင် မြောက်ပင်လယ်တို့ အသီးသီးဝန်းရံလျက်ရှိ သည်။ စကော့တလန်ပြည်နှင့် အင်္ဂလန်ပြည်ကြားတွင် တွိမြစ်က နယ်နမိတ်သဖွယ် ခြားလျက်ရှိသည်။

အင်္ဂလန်ဟူသောအမည်သည် အန်းဂဲလူမျိုးတို့၏မြေဟု အဓိပ္ပာယ်ရသော အန်းဂဲလန်းဆိုသောစကားမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အန်းဂဲလူမျိုးတို့သည် ခရစ်ပေါ်ပြီး ၄ဝဝ နှင့် ၅ဝဝ ပြည့်နှစ်များအတွင်းက ထိုဒေသကို ဝင်ရောက်တိုက်ခိုက်နေထိုင် ကြသောကြောင့်ဖြစ်သည်။

မြေမျက်နှာသွင်ပြင်

ပြင်ဆင်ရန်

အင်္ဂလန် ပြည်၏ မြေမျက်နှာ သွင်ပြင်သည် ယေဘုယျ အားဖြင့် အနောက်ဘက်က မြင့်၍ အရှေ့ဘက်သို့ နိမ့်လျှောသွားသည်ဟု ဆိုရပေမည်။ စကော့တလန်ပြည်နှင့်စပ်နေသော နယ် နမိတ်နေရာမှ အင်္ဂလန်ပြည် အလယ်ပိုင်းကုန်းမြေမြင့်ဒေသအထိ မြောက်မှတောင်သို့ တန်း၍တည်ရှိနေသော ပင်းနိုင်းတောင် တန်းသည် အင်္ဂလန်ပြည်၏ ကျောရိုးကြီးပင်ဖြစ်သည်။ ပင်းနိုင်း တောင်တန်းသည် အနောက်ဘက်သို့ မတ်စောက်စွာနိမ့်ဆင်း သွား၍ အရှေ့ဘက်သို့မူ အလွန်ပြေပြစ်စွာ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ ယင်းတောင်တန်းတွင် ကရော့ဖဲခေါ် တောင်ထိပ်သည် အမြင့်ဆုံးဖြစ်၍ ပေ ၂၉၃ဝ မြင့်သည်။ မစ်ဒလန်းခေါ် အလယ်ပိုင်းကုန်းမြင့်ဒေသတွင် နိမ့်သော ကုန်းမြေမြင့်များနှင့် မြေဩဇာထက်သန်သော မြစ်ဝှမ်းဒေသများ ပါဝင်သည်။ အင်္ဂလန်ပြည်၏ အနောက်မြောက်ပိုင်း၌မူ လိတ် ဒိစတြိတ်ခေါ် အိုင်ဒေသရှိရာ ရှုမျော်ခင်း ကောင်း၍ကျော်ကြား သည်။ အင်္ဂလန်ပြည်၏ အမြင့်ဆုံးတောင်ဖြစ်သော စကားဖဲ ပိုက်သည် ထိုဒေသ၌ရှိ၍ ပေ ၃၂၁ဝ မြင့်သည်။ အရှေ့တောင် ဘက်ကမ်းခြေဖြစ်သော အင်္ဂလိပ်ရေလက်ကြား ကမ်းခြေတွင် ထုံးတောင်များဖြင့် ဖြူဖွေးနေသည်။ ဒိုဗာမြို့အနီးတစ်ဝိုက်ရှိ ထုံးတောင်စောင်းကြီးများမှာ အထင်ရှားဆုံးဖြစ်သည်။ အနောက် တောင်ကမ်းခြေမူကား ကျောက်တောင်ထူထပ်သည်။

အင်္ဂလန်ပြည်၏ ကမ်းရိုးတန်းသည် မိုင် ၁၈ဝဝ ရှည် သည်။ အထူးသဖြင့် အနောက်ဘက်ကမ်းရိုးတန်းသည် အကွေ့ အကောက်များ၍ မြစ်ဝများစွာရှိသည်။ မြင့်မား၍ ကျောက် ထူထပ်သော ကမ်းစောက်ကြီးများရှိသည်။ ရေထဲသို့ ထိုးထွက် နေသောကျောက်ဆောင်ကြီးများလည်း အများအပြားရှိသည်။ အနောက်ဘက်ကမ်းတွင် ဆော်လဝေမြစ်ဝ၊ ဖတ်မြစ်၊ မိုးကမ်း ပင်လယ်အော်နှင့် ဗရစ္စတိုရေလက်ကြား၊ ရစ်ဗယ်၊ မာဆီနှင့် ဒီးမြစ်ဝငယ်တို့ဖြစ်သည်။ အရှေ့ဘက်ကမ်းရိုးတန်းတွင်မူ မြစ်ဝ ကျယ်ကြီးအချို့ရှိသည်မှတစ်ပါး အကွေ့အကောက်မရှိဖြောင့်တန်း သည်။ များသောအားဖြင့် မြေနိမ့်သဲသောင်များဖြစ်သည်။ အရှေ့ ဘက်ကမ်းရှိ ထင်ရှားသောမြစ်ဝများမှာ တိုင်း၊ တီး၊ ဟမ်းဗား၊ ဂရိတ်အုနှင့် တင်းမြစ်ဝများဖြစ်သည်။ တောင်ဘက်ကမ်းရိုးတန်း ၏ အလယ်ဗဟိုလောက်တွင်တည်ရှိသော ဝိုက်ကျွန်းက ထို ကမ်းရိုးတန်းကို အသွင်အပြင်မတူသည့် အပိုင်းနှစ်ခုအဖြစ် ခွဲခြားထားသကဲ့သို့တည်ရှိသည်။ ဝိုက်ကျွန်း၏ အရှေ့ပိုင်းသည် အရှေ့ဘက်ကမ်းရိုးတန်းကဲ့သို့ မြေနိမ့်သဲသောင်နှင့် ထုံးတောင် စောင်းများသာရှိ၍ ဝိုက်ကျွန်း၏အနောက်ပိုင်းသည် အနောက် ဘက်ကမ်းရိုးတန်းကဲ့သို့ ကျောက်ထူထပ်သော ကမ်းစောက်ကြီး များ ဖြစ်သည်။

အင်္ဂလန်ပြည်၏ ထင်ရှားသောမြစ်ကြီးများမှာ တွိ၊ တိုင်း၊ တင်း၊ ဟမ်းဗား၊ မာစီ၊ ဆဲဗန်းနှင့် အေဗွန်မြစ်တို့ ဖြစ်သည်။ ယင်းတို့အနက် ဆဲဗန်းမြစ်သည် အရှည်ဆုံးဖြစ် သည်။ အင်္ဂလန်ပြည်တွင် အိုင်ဟူ၍ ကြီးကြီးကျယ်ကျယ် မရှိ သော်လည်း စတုရန်းမိုင် ၃ဝ အတွင်း အိုင်ပေါင်း ၁၆ အိုင် ခန့်ရှိသော လိတ်ဒိစတြိတ်ခေါ် အိုင်ဒေသဟူ၍ သီးသန့်ရှိသည်။ ဝီလျံဝပ်ဇဝပ်ကဲ့သို့သော အင်္ဂလိပ်စာဆိုတော်ကြီးများ၏ အမွှန်း တင်စပ်ဆို ရေးသားမှုကြောင့် ထိုအိုင်ဒေသနှင့်အိုင်များသည် အလွန်ထင်ရှားသည်။

အင်္ဂလန်ပြည်တွင် ထင်ရှားသောကျွန်းတို့မှာဗိုက်ကျွန်း၊ ဖန်းကျွန်း၊ ဟိုးလီးကျွန်း၊ ကိုကေး ကျွန်း၊ ဖောင်းလနက်ကျွန်း၊ ဝေါလနေကျွန်း၊ လွန်ဒေကျွန်း၊ ဆီလီကျွန်းနှင့် မင်းကျွန်းတို့ ဖြစ်သည်။ မင်းကျွန်းသည် သူ့အစိုးရနှင့် သူ့တရားဥပဒေဖြင့် သီးသန့်အုပ်ချုပ်သဖြင့် အင်္ဂလန်ပြည်ထဲ၌ လုံးဝပါဝင်သည် ဟူ၍ကား မဆိုနိုင်ချေ။

အင်္ဂလန်ပြည်၏လူဦးရေသည် ၁၉၇၂ ခုနှစ်ခန့်မှန်းခြေ စာရင်းအရ၊ ၄၆၃ဝ၆ဝဝဝ ယောက်ရှိသည်။ ပျမ်းမျှခြင်းအားဖြင့် စတုရန်းတစ်မိုင်လျှင် လူ ၇ဝဝ နေထိုင်သောတိုင်းပြည် ဖြစ်လေသည်။

အင်္ဂလိပ်လူမျိုးများသည် အင်္ဂလန်ပြည်ကို ဝင်ရောက် သိမ်းပိုက်ခဲ့ကြသော ကဲ့၊ ရောမ၊ အန်းဂဲ၊ ဆက်ဆုံ၊ ဂျု၊ ဒိန်း၊ နော်မန်စသောလူမျိုးတို့နှင့် သွေးရောခဲ့ကြသည်။ ဖလင်းမစ်၊ ဂျစ်ပဆီ၊ ပြင်သစ် ဟျူးဂျနိုး အနည်းငယ်လည်း ဝင်ရောက်နေထိုင်ခဲ့ကြသည်။ ၁၈ဝဝ ပြည့်နှစ်ကျော်ခန့်က စကော့လူမျိုး၊ ဝေလလူမျိုးနှင့် အိုင်းရစ်လူမျိုးများသည် အင်္ဂလန်ပြည်၌ အလုပ်အကိုင်လာရောက်လုပ်ကိုင်ရင်း အခြေတကျနေထိုင်ကြသည်။ ၁၉၃၃ ခုနှစ်ခန့်ကစ၍ ဥရောပတိုက်ဘက်မှ ပြောင်းရွှေ့၍ လာရောက်ခိုလှုံကြသော လူပေါင်းမှာ ၃၅ဝ,ဝဝဝ ပင် ကျော်လေသည်။ ကဲ့၊ ဂျာမန်နှင့် နော်မန်လူမျိုးများသည် ရောစပ်သွားရာ ယင်းတို့၏ဓလေ့ထုံးစံ၊ ဘာသာစကားတို့လည်း ထွေးရော ယှက်တင်ဖြစ်ကာ ယခုထင်ရှားတည်ရှိနေသော အင်္ဂလိပ်တရား ဥပဒေ၊ အင်္ဂလိပ်အစိုးရနှင့် အင်္ဂလိပ်ဘာသာ စကားတို့ ဖြစ်ပေါ်လာလေသည်။

အင်္ဂလန်ပြည်သည် အီကွေတာမှ ၅ဝ° ကျော်မျှ ဝေးကွာသော်လည်း အခြားထိုမျှအကွာအဝေးတူ ဒေသများထက် ရာသီဥတုမျှတညီညွတ်သည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေပြင်ကြီး ပတ်လည်ဝိုင်းနေသည်ကတစ်ကြောင်း၊ နွေးသောရေစီးကြောင်းကပ်၍ စီးသွားသည်ကတစ်ကြောင်း ကြောင့်ဖြစ်သည်။ အင်္ဂလန်ပြည် အနောက်တောင်ပိုင်းတွင် ဆောင်းရာသီ၌ အအေးလွန်ကဲခြင်းမရှိဘဲ နှင်းလည်းမကျချေ။ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသမူကား အနောက်ပိုင်းထက်ပို၍အေးသည်။ တစ်ပြည်လုံးတွင်အအေးဆုံးလဖြစ်သော ဇန်နဝါရီလ၌ ပျမ်းမျှအပူချိန် ဖာရင်ဟိုက် ၄ဝ°ရှိ၍ အပူဆုံးလဖြစ်သော ဇူလိုင်လတွင် ပျမ်းမျှအပူချိန် ဖာရင်ဟိုက် ၆၁.၅°ရှိသည်။

မိုးသည် တစ်နှစ်ပတ်လုံးမပြတ်ရွာသည်။ အထူးသဖြင့် အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်နှင့် လိတ်ဒိစတြိတ်တွင် မိုးပို၍များသည်။ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် မိုး ၆ဝ″ခန့်ရွာသည်။ ဝေလပြည်မှ တောင်တန်းများက ကာဆီးနေသဖြင့် အရှေ့ဘက်ကမ်းရိုးတစ်လျှောက်သည် မိုးနည်းသည်။ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် ၂၅″ခန့်သာ ရွာသည်။ အင်္ဂလန်ပြည်၏ ရာသီဥတုတွင် နှင်းပိတ်များ ကျခြင်းသည် ထူးခြားသောအချက်တစ်ရပ်ဖြစ်သည်။ တစ်ခါတစ်ရံ မည်မျှ ထူထဲစွာကျသနည်းဟူမူ မော်တော်ကားများသွား၍မရ၊ လူများလမ်းလျှောက်၍မရအောင် တစ်ဦးနှင့်တစ်ဦး မမြင်ရသည့်အခြေအထိ ဖြစ်သည်။ အထူးသဖြင့် လန်ဒန်မြို့တွင် အဆိုးဆုံးဖြစ်ရာ၊ စက်ရုံကြီးများမှ မီးခိုးများနှင့်ရောကာ မဲမှောင်ပိတ်ဖုံး၍ နေတတ်လေသည်။

သဘာဝပစ္စည်းများ

ပြင်ဆင်ရန်

အင်္ဂလန်ပြည်၏ အရေးကြီးဆုံးသော သဘာဝဓာတ်သတ္တုများမှာ သံနှင့်ကျောက်မီးသွေးဖြစ်သည်။ ထို့ကြောင့်လည်း အင်္ဂလန်ပြည်သည် စက်မှုနိုင်ငံကြီးအဖြစ် ထင်ရှားခြင်း ဖြစ်သည်။ သံနှင့် ကျောက်မီးသွေးကို ပင်းနိုင်းတောင်တန်းတွင် အများဆုံးရရှိသည်။ တစ်နှစ်တစ်နှစ်လျှင် ကျောက်မီးသွေး တန်ချိန် သန်း ၂၆ဝ ကျော်တူးဖော်ရရှိသည်။ ကျောက်မီးသွေးတွင်း ဒေသများအနီးတွင် သံနှင့်ထုံးကျောက် များစွာထွက်သော ဒေသများရှိသဖြင့် အင်္ဂလန်ပြည်အလယ်ပိုင်းသည် သံနှင့်ဆိုင်သည့် စက်မှုလုပ်ငန်းထွန်းကားရာ အရပ်ဖြစ်နေလေသည်။ ခဲနှင့်သံဖြူကိုလည်း ကျောက်တောင်ထူထပ်သော ဒက်ဗွန်နှင့် ကွန်းဝေါ ခရိုင်တို့တွင် တွေ့ရှိရသည်။ ကြေးနီ၊ သွပ်၊ ဆား၊ ဂျစ်ပဆမ်များလည်း အနည်းငယ်စီထွက်သည်။

အင်္ဂလန်ကမ်းခြေအလွန် မြောက်ပင်လယ်ထဲတွင် ကွန်တီနင်တယ်ရှဲ့ခေါ် ရေအလွန်တိမ်သည့်ဒေသရှိရာ ငါးများပေါက် ဖွားခိုလှုံရန် အလွန်ကောင်းသဖြင့် အင်္ဂလန်ကမ်းရိုးတန်း တစ်လျှောက်တွင် တံငါလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ကြသည်။ နေရာအကျယ်အဝန်းနှင့်မလိုက်အောင် ထူထပ်များပြား သော အင်္ဂလန်လူဦးရေအတွက် ကမ်းလွန်ရေတိမ်ဒေသမှ များပြားစွာရသောငါးအမျိုးမျိုးက စားရေရိက္ခာဖူလုံစေသည်။ အများဆုံးရရှိသောငါးမျိုးမှာ ဟက်ဒဂ်၊ ဟဲရင်း၊ မက်ကရဲငါးများ ဖြစ်သည်။ ဟား၊ ဟားမောက်နှင့် ဂရင်းစဗီးမြို့များသည် တံငါလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ရာမြို့ကြီးများဖြစ်သည်။ ထိုမြို့ များမှတစ်ဆင့် ကမ္ဘာ့အကြီးဆုံးသော ငါးဈေးမြို့ကြီးဖြစ်သည့် လန်ဒန်မြို့သို့ တင်ပို့ကြလေသည်။ အင်္ဂလန်ပြည်တွင် သစ်တော အတန်ငယ်ရှိသော်လည်း၊ သစ်လုပ်ငန်းကို ကြီးအကျယ် မလုပ်ကိုင်ကြချေ။

လုပ်ငန်းကြီးများ

ပြင်ဆင်ရန်

အင်္ဂလန်ပြည်၏စီးပွားရေးသည် စက်မှုလုပ်ငန်းပေါ်၌ အဓိကတည်နေသည်။ စက်မှုလုပ်ငန်းများသည် သံနှင့် ကျောက်မီးသွေးထွက်ရာ အင်္ဂလန်ပြည်အလယ်ပိုင်း၌ များသောအားဖြင့် ရှိကြသည်။ ဗာမန်ဂမ်မြို့တွင် အင်္ဂလန်ပြည်၏ သံမဏိစက်ရုံကြီးများ အများဆုံးတည်ရှိသည်။


ဗာမင်ဂမ် မြို့၏မြောက်ဘက် အိုင်းရစ်ပင်လယ်နှင့် မြောက်ပင်လယ်ကြား အလယ်ဗဟိုခန့်တွင်တည်ရှိသော ရှက်ဖီးမြို့သည်လည်း သံမဏိ လုပ်ငန်းမြို့ကြီးဖြစ်သည်။ အထူးသဖြင့် ဓား၊ ကပ်ကြေး စသော သံမဏိထည်များအတွက် ရှက်ဖီးမြို့သည်ကျော်ကြားသည်။


ရှက်ဖီးမြို့မြောက်ဘက်နားရှိ လိမြို့သည် သိုးမွေးထည် လုပ်ငန်း၌လည်းကောင်း၊ ရှက်ဖီးမြို့ အနောက်မြောက်ရှိ မန်ချက်စတာမြို့သည် ချည်ထည်လုပ်ငန်း၌လည်းကောင်း၊ လိမြို့အနီးရှိ ဗရက်ဒဖို့မြို့သည် ချည်ထည်နှင့်ပိုးထည်လုပ်ငန်းများ အတွက်လည်းကောင်း၊ လန်ဒန်မြို့ အနောက်ဘက်၌တည်ရှိသော ဗရစ္စတိုမြို့သည် ဖန်ထည်၊ ဓာတုဗေဒပစ္စည်း၊ ဆပ်ပြာ၊ သကြား စသောလုပ်ငန်းများအတွက်လည်းကောင်း ကျော်ကြားသည်။ လစ်ဗာပူမြို့တွင် သင်္ဘောတည်သည့်လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်သည်။


အင်္ဂလန်ပြည်တွင် လယ်ယာလုပ်ငန်းသည် စက်မှုလုပ်ငန်း၏ ငါးပုံတစ်ပုံခန့်သာရှိသော်လည်း အရေးကြီးသော လုပ်ငန်းဟုကား ဆိုရပေမည်။ အထူးသဖြင့် ဂျုံ၊ မုယော၊ မြင်းစားဂျုံ၊ အာလူးတို့ကို အဓိကစိုက်ပျိုးကြသည်။ အင်္ဂလန်ပြည်သည် မိုးအလွန်များ၍ မြက်ပေါသဖြင့် နွား၊ သိုး၊ ဝက် စသောတိရစ္ဆာန်များကို အကြီးအကျယ်မွေးမြူကြသည်။ ဒါဟမ်နှင့် ဒက်ဗွန်ရှိုင်ယာနွား၊ ကော့စဝိုးသိုးနှင့် ဆောက်ဒေါင်းသိုး၊ ဗက်ရှိုင်ယာဝက်တို့သည် နာမည်ကျော်များဖြစ်ကြသည်။ အင်္ဂလန်ပြည်သည် ကမ္ဘာပေါ်၌အကြီးကျယ်ဆုံးသော ဈေးကွက်ဒေသကြီး တစ်ခုဖြစ်သည်။ အဓိကထုတ်ကုန်များမှာ ချည်ထည်၊ သိုးမွေးထည်နှင့် ပိတ်ချောထည်များ ဖြစ်သည်။ ကမ္ဘာအရပ်ရပ်မှ ကုန်ရိုင်းများကိုသွင်း၍ ကုန်ချောများအဖြစ် ပြုလုပ်ကြသည်။ အမေရိကန်၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံတို့မှ ဝါဂွမ်း၊ ချည်ခင်များ၊ ဩစတေးလီးယားနိုင်ငံမှ သိုးသားနှင့် သိုးမွေး၊ အရှေ့ဖျားနိုင်ငံများမှ လက်ဖက်ခြောက်နှင့် ဟင်းခတ်အမွေးအကြိုင်များ၊ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံတို့မှ နို့ထွက် ပစ္စည်းများကို ဝယ်ယူတင်သွင်းရသည်။

သမိုင်းဖြစ်ရပ်များ

ပြင်ဆင်ရန်

ခရစ်မပေါ်မီ နှစ်ပေါင်းများစွာကပင် ဂရိ၊ ဖီနီရှန်းနှင့် ကားသေ့လူမျိုးများသည် အင်္ဂလန်ပြည်သို့ လာရောက်နေထိုင်ကြသည်။ ဘီစီ ၁,ဝဝဝ ခန့်က ကဲ့လူမျိုးများ စတင်ဝင်ရောက် နေထိုင်ကြသည်။ ဘီစီ ၅၅ ခုနှစ်ခန့်တွင် ဂျူးလယပ်ဆီဇာက ဝင်ရောက်သိမ်းပိုက်သည်။ ထိုအချိန်မှစ၍ ရောမယဉ်ကျေးမှုသည် အင်္ဂလန်ပြည်၌ ထွန်းကားလာသည်။ လမ်းများ၊ ရေသွယ်မြောင်းများတည်ဆောက်ခြင်း၊ မြို့ကွက်များပြုလုပ်ခြင်း၊ ခရစ်ယာန်အယူဝါဒ ဝင်ရောက်လာခြင်းတို့ဖြစ်လာသည်။ သို့ရာတွင် ငါးရာစုနှစ်ခန့်၌ ရောမတပ်များ ပြန်လည်ရုပ်သိမ်းသွားသောအခါ ဂျု၊ ဆက်ဆွန်၊ အန်းဂဲလူမျိုးများ ဝင်ရောက်သိမ်းပိုက် နေထိုင်ကြပြန်သည်။ အန်းဂဲနှင့် ဆက်ဆွန်လူမျိုးတို့သည် ၈၂၇ ခုနှစ်တိုင် အမြဲတိုက်ခိုက်ခဲ့ကြသည်။ ထိုနှစ်တွင် ဝက်ဆက်ဘုရင် အဂ္ဂဗတ်က တစ်ပြည်လုံးကိုသိမ်းပိုက်လိုက်ကာ အန်းဂဲလန်းဟု မှည့်ခေါ်လိုက်သည်။ ဤသည်ကစ၍ အင်္ဂလန်ပြည်ဟု လူသိများလာသည်။

၁ဝ၁၃ ခုနှစ်ခန့်တွင် ဒိန်းလူမျိုးတို့က အင်္ဂလန်ပြည် နေရာများများကို သိမ်းပိုက်လိုက်၍ ၁ဝ၁၆ ခုနှစ်တွင် ဒိန်းဘုရင် ကနွတ်က အုပ်ချုပ်လေသည်။ ကနွတ်ဘုရင်၏ အဆက်အနွယ်များသည် ၁ဝ၄၂ ခုနှစ်တွင် ဆက်ဆွန်အက်ဒွပ်-သ-ကွန်ဖက်ဆာဘုရင် ဝင်ရောက်အုပ်ချုပ်သည့်အချိန်ထိ သိမ်းပိုက်ထားခဲ့သည်။ ၁ဝ၆၆ ခုနှစ်တွင် နော်မန်လူမျိုးများက သိမ်းပိုက်အုပ်ချုပ်ပြန်သည်။ နော်မန်ဘုရင် ဝီလျံလက်ထက်မှစ၍ အင်္ဂလန်ပြည်၌ ကံကြွေးချ စံနစ်ပေါ်လာလေသည်။


ဝီလျံဘုရင်၏ ဒုတိယသားတော်ဟင်နရီ နန်းတက်သောအခါ မိဖုရားမှာ ဆက်ဆွန်မင်းသမီးဖြစ်သဖြင့် နော်မန်နှင့် ဆက်ဆွန်လူမျိုးများကို တလုံးတစည်းတည်း ညီညွတ်စေနိုင်ခဲ့ယုံမက ယင်းတို့ကို အင်္ဂလိပ်လူမျိုးဟူသောအမည်ဖြင့် လူမျိုးတစ်မျိုးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်သူပြည်သား အများဆုံး လိုက်နာသည့် အကောင်းဆုံးဓလေ့ထုံးစံတို့ကို စုဆောင်းပြီးသော် တစ်ပြည်လုံးလိုက်နာရန်အတွက် ဥပဒေ သတ်မှတ်ပြုလုပ်နိုင်ခဲ့သည်။

ဘုရင်များသည် အတိုင်ပင်ခံအမတ်များကို တိုင်ပင်ဆွေးနွေးခြင်းမပြုပဲ ဥပဒေသစ်ပြုလုပ်ခြင်း၊ ငွေကြေးကောက်ခံခြင်း မပြုလုပ်ခဲ့ကြချေ။ သို့ရာတွင် ဒုတိယဟင်နရီ၏ သားတော်အငယ်ဆုံး ဂျွန်ဘုရင်လက်ထက်၌မူ မိမိဘုန်းတန်ခိုးကြီးရန်၊ မိမိအကျိုးကျေးဇူးထွန်းကားရန်၊ မိမိပျော်ရွှင်ရန်မှတစ်ပါး မည်သည်ကိုမျှဂရုစိုက်၊ မည်သူ့အားမျှမတိုင်ပင်ဘဲ ကိုယ်ထင်သလို ကိုယ်အုပ်ချုပ်ခဲ့လေသည်။ မှူးမတ်တို့လည်း မခံမရပ်နိုင် ကြလွန်းသဖြင့် ညီညာစွာ ပေါင်းစည်းထကြွ ကြပြီးလျှင် တရား မျှတသော အုပ်ချုပ်မှုကိုရရှိရန် စိုင်းပြင်းကြလေသည်။ ဘုရင်များသည် သက်ဦးဆံပိုင် အာဏာရှင်ဆန်ဆန် မစိုးမိုးနိုင်အောင် အာဏာများ ကန့်သတ်ဟန့်တားသော မဂ္ဂနာကာတာခေါ် စာချုပ်ကြီးကို ဂျွန်ဘုရင်အား လက်မှတ် ရေးထိုးစေခဲ့လေသည်။

၁၂၁၅ ခုနှစ်တွင် မဂ္ဂနာကာတာကို ဂျွန်ဘုရင် လက်မှတ်ထိုးလိုက်သည်မှ အစပြု၍ အင်္ဂလန်ပြည့်ရှင် ဘုရင်များသည် ဥပဒေကိုလေးစားလာခဲ့ကြရသည်။ ဘုရင်သည် နိုင်ငံ၏ တရားဥပဒေအရသာ ဆောင်ရွက်ရသည်။ မှူးမတ်တို့၏ တရားဝင် စီရင်ဆုံးဖြတ်ချက်အရသာလျှင် တိုင်းပြည်ကိုအုပ်ချုပ်ကြရသည်။ ထိုမဂ္ဂနာကာတာ ပေါ်ပေါက်သည်မှအစပြု၍ အတိုင်ပင်ခံအဖွဲ့နှင့် အုပ်ချုပ်သောစနစ်၊ ခရိုင်နယ် စသည်တို့မှ ကိုယ်စားလှယ် တင်မြှောက်သော ပါလီမန်ဖြင့် အုပ်ချုပ်ရေးစနစ်တို့ တဖြည်း ဖြည်း ပေါ်ပေါက်လာသည်။ ၁၂၉၅ ခုနှစ် ပထမ အက်ဒွပ် ဘုရင်လက်ထက်တွင် ပါလီမန်အုပ်ချုပ်ရေး စတင် အကောင်အထည် ပေါ်လာသည်။


ပထမအက်ဒွပ်ဘုရင်သည် စကော့တလန်နှင့် ဝေလပြည်တို့ကို အင်္ဂလန်ပြည်နှင့် ပူးပေါင်းရန်ကြံစည်သောအခါ ဝေလပြည်နှင့်ပူးပေါင်းရေးတွင် အောင်မြင်သော်လည်း စကော့တလန်ပြည်နှင့် ပူးပေါင်းရေးတွင်မူ မအောင်မြင်ချေ။ ၁၃၁၄−ခုနှစ်တွင် ရောဘတ်ဗရုစခေါင်းဆောင်းသော စကော့လူမျိုးတို့က ထကြွသဖြင့် ဗန်နော့ဗန်းတိုက်ပွဲ၌ အင်္ဂလိပ်တို့ စကော့တလန်ကို လက်လွှတ်လိုက်ရလေသည်။ အင်္ဂလိပ်ဘုရင်များသည် ဆက်ခံရရှိသောအမွေအရ ပြင်သစ်နိုင်ငံ နော်မန်ဒီရှိ နယ်ပယ်အချို့ကို ပိုင်ဆိုင်ထိုက်သည်ဟု ယူဆကြသည်။ ထိုနယ်မြေကိစ္စမှစ၍ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ၁၃၃၈ ခုနှစ်မှ ၁၄၅၃ ခုနှစ်အတွင်း နှစ်တစ်ရာစစ်ပွဲကြီးဖြစ်ပွားခဲ့ကြသည်။ ထိုစစ်ပွဲသည် တတိယအက်ဒွပ်ဘုရင်လက်ထက်မှစ၍ မင်းငါးဆက်တိုင်သည်။


ထိုစစ်ပွဲကြောင့်အင်္ဂလိပ်တို့သည်ပြင်သစ်နိုင်ငံရှိ နယ်မြေအားလုံးကို ဆုံးရှုံးခဲ့ရရုံမက စစ်ကြောင့် ပြည်သူတို့ ဆင်းရဲငတ်မွတ်ခေါင်းပါး၍ကျန်ခဲ့သည်။ ၁၃၄၈-၄၉ ခုနှစ်တွင်ဖြစ်ပွားသော ပလိပ်ကပ်ရောဂါကြောင့် အင်္ဂလန်ပြည်လူဦးရေ သုံးပုံတစ်ပုံ ပျက်စီးခဲ့ရပြန်ရာ အင်္ဂလန်ပြည်သည် ထိုအချိန်၌ ဒုက္ခပင်လယ်ဝေလျက်ရှိသည်။ ထိုသို့ဖြစ်၍မျှ အတောမသတ်သေးမီတွင် မှူးမတ်အချင်းချင်း အာဏာလုသော နှင်းဆီစစ်ပွဲ(၁၄၅၅-၈၅) ဖြစ်ပွားလာပြန်သည်။ ထိုစစ်ပွဲ၌ အင်္ဂလန်ပြည်ကို အုပ်စိုးသောဘုရင်အား ဒုက္ခပေးတတ်သည့် မှူးကြီးမတ်ငယ်တို့သည် များစွာကျဆုံးပျက်စီးကြလေသည်။ ထို့ကြောင့် ဘုရင်အား တော်လှန်နိုင်လောက်သော တန်ခိုးအင်အားကြီးမားသည့် မှူးမတ်ဟူ၍ များစွာမကျန်တော့ချေ။ သေဆုံးသူမှူးမတ်များနှင့် ကျန်ရစ်၍ဘုရင်အား ပုန်ကန်ရန် ကြိုးစားသဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသော မှူးမတ်များ၏ နယ်မြေပေါင်းများစွာကို ဘုရင်ကပြန်လည်ရရှိရာ စတုတ္ထ အက် ဒွပ်ဘုရင်သည် တန်ခိုးအာဏာသာမက ငွေကြေးအင်အားလည်း အလွန်ကြီးလာလေသည်။ ထို့ကြောင့် ငွေကြေးတောင်းခံရန်အတွက် ပါလီမန်အစည်းဝေးကို ခေါ်ဖို့မလိုခဲ့ချေ။ ပါလီမန်ကို မှီခိုအားထားခြင်းမပြု၊ စည်းစိမ်ရစ်၍သာနေသဖြင့် အင်္ဂလန်ပြည်သည် တိုးတက်လာသည်ဟူ၍ မရှိချေ။

စတုတ္ထ အက်ဒွပ်ဘုရင်နတ်ရွာစံသောအခါ လူမမယ်သား ငယ်များသာကျန်ခဲ့သဖြင့် ဂလော့စတာမြို့စားရစ်ချတ်က ရင်ခွင် ပိုက်အုပ်ချုပ်လေသည်။ သို့ရာတွင် မင်းသားကလေးများ ကြီး ပြင်းလာပါက ထီးနန်းကိုလွှဲအပ်ပေးရမည် စိုးရိမ်သောကြောင့် မင်းသားကလေးများအား ဖျောက်ဖျက်ပစ်လိုက်လေသည်။၁၄၈၅ ခုနှစ်တွင် ဗော့စဝပ်တိုက်ပွဲတွင် ဟင်နရီတျူဒါက ရစ်ချတ် အားအနိုင်ရရှိလိုက်သဖြင့် ဟင်နရီသည် သတ္တမဟင်နရီဘုရင် အဖြစ် အင်္ဂလန်ပြည်တွင်အုပ်စိုးသည်။ ထိုအခါမှစ၍ တျူဒါ မင်းဆက်ပေါ်ပေါက်လာ လေသည်။

သတ္တမဟင်နရီ၏သားတော် အဋ္ဌမဟင်နရီဘုရင် လက် ထက်တွင် ဘုရင်နှင့်ရဟန်းမင်းတို့ သဘောမတိုက်ဆိုင်ဖြစ်ကာ သာသနာအရေးပုံဖြစ်လာသည်။ ပုပ်ရဟန်းမင်းကို အင်္ဂလန်ပြည် သာသနာ့အဖွဲ့ခေါင်းဆောင်ဟု အသိအမှတ်မပြုတော့ဘဲ မိမိ ကိုယ်တိုင် အင်္ဂလန်ပြည်၏ သံဃာအဖွဲ့ခေါင်းဆောင်အဖြစ်ခံယူ လိုက်သည်။ ပြည်သူများကဝိုင်းဝန်းထောက်ခံကြသဖြင့် အင်္ဂလန် ပြည်သံဃာအဖွဲ့သည်လည်း ဗရင်ဂျီသံဃာအဖွဲ့မှ ခွဲထွက်ကာ ဂိုဏ်းသီးခြားဖြစ်လာသည်။

အဋ္ဌမဟင်နရီဘုရင်၏သမီးတော် ၁၅၅၈ ခုနှစ်တွင် နန်းတက်သော ပထမအယ်လစ်ဇဘက်ဘုရင်မ လက်ထက်တွင် အင်္ဂလန်ပြည်သည် ဖွံ့ဖြိုးတိုးတက်လာ၍ အင်္ဂလန်ပြည်သည် တန်ခိုးကြီးနိုင်ငံ ဖြစ်လာလေသည်။


ပထမအယ်လစ်ဇဘက်ဘုရင်မ နတ်ရွာစံပြီးနောက် စကော့တလန်ဘုရင် ဆဋ္ဌဂျိမ်းသည် အင်္ဂလန်ပြည်၏ ပထမဂျိမ်းဘုရင်အဖြစ် ထီးနန်းဆက်ခံသောကြောင့် စကော့တလန်နှင့် အင်္ဂလန်ပြည်သည် ဘုရင်တစ်ဦးတည်းလက်အောက်သို့ ကျရောက်ခဲ့သည်။ သို့ရာတွင် နိုင်ငံရေးအရ စည်းလုံးခြင်းမရှိဘဲ အုပ်ချုပ်ရေးမှာ တသီးတခြားစီဖြစ်သဖြင့် အင်္ဂလန်နှင့် စကော့တလန် ပူးပေါင်းရေးမှာ လုံးဝအောင်မြင်သည်ဟု မဆိုနိုင်သေးချေ။

စတူးဝပ်ဘူရင်များ

ဂျိမ်းဘုရင်၏ဝါဒမှာ ဘုရင်ဟူသည် ဘုရားသခင်က အုပ်စိုးနိုင်ခွင့် ပေးထားသည်ဟူ၍ဖြစ်သဖြင့် ဘုရင်များသည် လူထု၏ဆန္ဒကို လိုက်လျောရန်မလိုပဲ အုပ်ချုပ်ခွင့်ရှိသည်ဆိုကာ ပါလီမန်နှင့် မကြာခဏ အချင်းများလေသည်။ ဂျိမ်းဘုရင် ဆောက်ရွက်သမျှကို မှူးမတ်များနှင့် ပြည်သူတို့ကမကျေနပ်ကြ ချေ။ တိုင်းသူပြည်သားတို့အား လွတ်လပ်စွာကိုးကွယ်ခွင့် မပေးဘဲ ပရိုတက်စတန့်ဂိုဏ်းသို့ဝင်စေသည်။ ဗရင်ဂျီဂိုဏ်းဝင်များနှင့် ပျူရီတန်ဂိုဏ်းဝင်များကို များစွာညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သဖြင့် ချုပ်ချယ်မှုကို မခံလိုသော ပျူရီတန်များသည် ၁၆ဝ၇ ခုနှစ်တွင် အမေရိကတိုက်သို့ သွားရောက်ကာ ပထမဆုံး အင်္ဂလိပ်ကိုလိုနီနယ်သစ်များကို အခြေစိုက်ကြသည်။

ဂျိမ်းဘုရင်များ

ဂျိမ်းဘုရင်၏သားတော် ပထမချားဘုရင်သည်လည်း ခမည်းတော်၏ဝါဒကို လက်ကိုင်ထားသူဖြစ်ရကား ပါလီမန်နှင့် ဘုရင်မသင့်ဖြစ်နေခဲ့ရာ၊ အာဏာလုသည့်ပြည်တွင်းစစ်ပွဲကြီးဖြစ် လာလေသည်။ နောက်ဆုံး၌ ဘုရင်ဖက်မှရှုံး၍ အသတ်ခံရသည် အထိဖြစ်ခဲ့သည်။

ကရွမ်းဝဲ အို ချားဘုရင်အသတ်ခံရပြီးနောက် ပါလီမန်ဘက်မှ ခေါင်း ဆောင်ကြီး အော်လီဗာကရွမ်းဝဲသည် အင်္ဂလန်၊ စကော့တလန်နှင့် အိုင်ယာလန်တို့ပါဝင်သည့် ဓနသဟာယနိုင်ငံကို ကာကွယ် ထိန်းသိမ်းသူ လော့ပရိုတက်တာ ဟူသောဘွဲ့ကိုသာ ခံယူ အုပ်ချုပ်လေသည်။


၁၆၅၈ ခုနှစ်တွင်ကရွမ်းဝဲကွယ်လွန်သောအခါ သားဖြစ်သူရစ်ချတ် ဆက်ခံသော်လည်း ဖခင်၏ ခြေရာကိုမနင်းနိုင်သဖြင့် ၁၆၆ဝ ပြည့်နှစ်တွင် ပထမချားဘုရင်၏သားတော် ဒုတိယချား(၁၆၆ဝ-၁၆၈၅)သည် ထီးနန်းပြန်လည်ရရှိသည်။ ဒုတိယချားလက်ထက်တွင် အင်္ဂလန် ပြည်၌ တိုရီနှင့် ဝှစ်ခေါ်နိုင်ငံရေးပါတီကြီးများ စတင်ပေါ် ပေါက်လာခဲ့သည်။

ဒုတိယချားဘုရင် နတ်ရွာစံသောအခါ ညီတော်ဂျိမ်း (၁၆၃၃-၁၇ဝ၁)နန်းတက်သည်။ ဒုတိယဂျိမ်းဘုရင်သည် ပါလီ မန်ကိုပယ်ဖျက်၍ ပါလီမန်၏အကူအညီမပါဘဲ တိုင်းပြည်ကို အုပ်ချုပ်ရန်နှင့် ဗရင်ဂျီဂိုဏ်းကို အင်္ဂလန်ပြည်တွင် ပြန်လည် ထွန်းကားလာရန် ကြိုးစားခဲ့ရာ တိုင်းသူပြည်သားတို့ ဘုရင်ကို မုန်းတီးလာကြသည်။ ထို့ကြောင့် ပါလီမန်က ၁၆၈၈ ခုနှစ်တွင် ဂျိမ်း၏ ပရိုတက်စတန့်ဂိုဏ်းဝင် သမီးတော် မေရီ၏ခင်ပွန်း ဩရိန်းနယ်စား ဝီလျံမင်းသားအားခေါ်ယူ၍ အင်္ဂလန်ပြည် ထီး နန်းကို စိုးစံစေသည်။ ဒုတိယဂျိမ်းဘုရင်လည်း ထောက်ခံ အားပေးမည့်သူကင်းမဲ့ကာ ပြင်သစ်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်နေရလေသည်။

၁၆၈၉ ခုနှစ်တွင် ဝီလျံဘုရင်နှင့် မေရီမိဖုရားတို့ နန်း တက်သည်မှစ၍ အခြေခံစည်းမျဉ်းဥပဒေနှင့် ပါလီမန်နှင့် အုပ် ချုပ်သောအစိုးရ ပြန်လည်ပေါ်ပေါက်လာသည်။ ပြင်သစ်နိုင်ငံ နှင့်လည်း စစ်ဖြစ်လေသည်။ ဝီလျံဘုရင်နတ်ရွာစံပြီးနောက် ဒုတိယဂျိမ်းဘုရင်၏သမီးတော် အန်းဘုရင်မ (၁၇ဝ၂-၁၇၁၄) ထီးနန်းဆက်ခံသောအခါ အင်္ဂလန်ပြည်သည် စပိန်ထီးနန်း ဆက်ခံရေးစစ်ပွဲကြီးတွင် အောင်ပန်းဆွတ်ခူးနိုင်ခဲ့သည်။ အင်္ဂလန် နှင့် စကော့တလန်ပြည်တို့သည် အန်းဘုရင်မလက်ထက် ၁၇ဝ၇ ခုနှစ်တွင်မှ ပူးပေါင်းရေးအက်ဥပဒေအရ တစ်ခုတည်းသော အစိုးရလက်အောက်တွင် တစ်ခုတည်းသောတိုင်းပြည်အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ အင်္ဂလန်ပြည်၊ စကော့တလန်ပြည်နှင့် ဝေလပြည်တို့ ပူပေါင်းထားသောနိုင်ငံကို ထိုအချိန်မှစ၍ ဂရိတ်ဗြိတိန်ဟုခေါ်သည်။


တစ်ဖန် ၁၈ဝ၂ ခုနှစ်၊ ဇန်နဝါရီလ တစ်ရက်နေ့တွင် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် ပူးပေါင်းရေးဥပဒေ အတည်ဖြစ်သွားသောအခါ ထိုလေးပြည်ထောင်ပေါင်းကို ယူနိုက်တက်ကင်းဒမ်းဟု မှည့်ခေါ်ကြလေသည်။[]

  1. 2011 Census: KS201EW Ethnic group: local authorities in England and Wales။ Office for National Statistics။ 18 April 2014 တွင် ပြန်စစ်ပြီး။
  2. Office for National StatisticsThe Countries of the UK။ statistics.gov.uk။ 29 March 2002 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-02-01 တွင် ပြန်စစ်ပြီး။
  3. Countries within a country။ number-10.gov.uk။ 9 February 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-02-01 တွင် ပြန်စစ်ပြီး။
  4. Changes in the list of subdivision names and code elements (Page 11) (PDF)။ International Organization for Standardization။ 2009-02-01 တွင် ပြန်စစ်ပြီး။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)