ဆာ ဂျွန်ဟောကင်း (အင်္ဂလိပ်: Sir John Hawkins) သည် ပထမ အယ်လစ်ဇဗက် ဘုရင်မ လက်ထက်က နာမည်ထင်ရှားသော အင်္ဂလိပ် ရေတပ် ဗိုလ်ချုပ်ကြီးဖြစ်သည်။ ၁၅၃၂ ခုနှစ်တွင် ဒက်ဗွန်ရွိုင်ယာနယ်၊ ပလင်းမတ်မြို့၌ ဖွားမြင်၍ ပင်လယ်တွင်သွားသော ကျက်စားသူ ဆွေမျိုးသားချင်းတို့အကြား၌ ကြီးပြင်းလာခဲ့ရသည်။ နာမည်ကျော် ရေတပ် ဗိုလ်ချုပ်ကြီး ဆာဖရန်းစစ်ဒရိတ်နှင့် ခေတ်ပြိုင်ထင်ရှားခဲ့သူလည်းဖြစ်သည်။ ပထမ အယ်လစ်ဇဘက် ဘုရင်မ လက်ထက်တွင် အင်္ဂလန်နိုင်ငံနှင့် စပိန်နိုင်ငံတို့သည် ပင်လယ်ပြင်၌ ရေတပ်ချင်း အင်အားပြိုင်လျက်ရှိကြရာ ဆာ ဂျွန်ဟောကင်း၏ သူရသတ္တိကြောင့် စပိန်ရေတပ်ကို နှိမ်နင်းနိုင်ခဲ့လေသည်။ သို့ရာတွင် အာဖရိကတိုက်မှ ကပ္ပလီလူမျိုးများကို အမေရိကတိုက်သို့ ယူဆောင်ခဲ့၍ ကျေးကျွန်အဖြစ်ရောင်းချကာ စီးပွားရှာသူဖြစ်ခြင်းကြောင့် ရှုံ့ချပြစ်တင်ဖွယ်ရာဖြစ်သည်။ ၁၅၆၂ ခုနှစ်တွင် ဟောကင်းသည် သင်္ဘောသုံးစင်းဖြင့် အာဖရိက အနောက်ဘက် ကမ်းရိုးတန်းသို့ သွားရောက်၍ ကပ္ပလီအမျိုးသားများကို တင်ဆောင်ခဲ့ပြီးလျှင် အမေရိကတိုက် အလယ်ပိုင်းရှိ စပိန်ပိုင်နယ်များ၌ ကျေးကျွန်အဖြစ်ရောင်းချခြင်း၊ သကြား၊ ဂျင်၊ ပုလဲစသော ကုန်စည်တို့ဖြင့် ဖလှယ်ခြင်းကို လုပ်ကိုင်ခဲ့သည်။ ထိုလုပ်ငန်းဖြင့် စီးပွားလမ်းဖြောင့်လာသောအခါ ၁၅၆၄ ခုနှစ်တွင် ဒုတိယအကြိမ်ပင်လယ်ခရီးထွက်၍ ကျွန်အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်ပြန်သည်။ ဟောကင်း စီးပွားရေးတိုးတက်ပုံကို အားကျသော အင်္ဂလိပ် မှူးမတ်မျိုးနွယ်တို့နှင့် ဘုရင်မကြီးကိုယ်တိုင် ထိုလုပ်ငန်းကိုအားပေးကြသည်ဟု ဆိုသည်။ သို့ရာတွင် ၁၅၆၇ ခုနှစ်၌ နောက်တစ်ကြိမ် ကျွန်ကုန်ကူးရန် အမေရိကတိုက်သို့ ခရီးထွက်လာသောအခါ မက္ကဆီကို ကမ်းခြေရှိ ဗေရကရုဆိပ်ကမ်း၌ စပိန်ရေတပ်က တိုက်ခိုက်ခြင်းခံရလေသည်။ ထိုတိုက်ပွဲတွင် ဟောကင်းတို့ဘက်မှ သင်္ဘောနှစ်စင်းသာ လွတ်မြောက်ခဲ့သည်။ ကျန်သင်္ဘောများနှင့်တကွ အဖိုးတန်ကုန်ပစ္စည်းများဆုံးရှုံးရလေသည်။ လွတ်မြောက်ခဲ့သော သင်္ဘောနှစ်စင်းအနက် တစ်စင်းသည်လည်း ပင်လယ်ထဲတွင် နစ်မြုပ်သွားလေရာ ဟောကင်းသည် ကျန်သင်္ဘောတစ်စင်းဖြင့် အင်္ဂလန်နိုင်ငံသို့ပြန်ခဲ့ရသည်။ ၁၅၇၉ ခုနှစ်တွင် ဟောကင်းကို အင်္ဂလိပ်ရေတပ်မတော်၌ ဘဏ္ဍာရေးမှူးခန့်သည်။ မကြာမီအုပ်ချုပ်ရေးမှူး ရာထူးသို့ တိုးမြှင့်ပေးခြင်းခံရသည်။ ၁၅၈၈ ခုနှစ်တွင် စပိန်ရေတပ်ကြီးသည် အင်္ဂလန်နိုင်ငံကိုတိုက်ခိုက်ရန် ချီတက်လာသောအခါ ဟောကင်းအား ရေတပ်ဗိုလ်ချုပ်ကြီးခန့်၍ ရန်သူ ရေတပ်ကို ခုခံစေသည်။ ဟောကင်းသည် ဆာဖရန်းစစ်ဒရိတ်နှင့်အတူ စပိန်ရေတပ်ကြီးကို အောင်မြင်စွာ တွန်းလှန်တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ အောင်ပွဲရအောင်ဆောင်ရွက်ခဲ့သဖြင့် ဆာဘွဲ့ ချီးမြှင့်၍ သူကောင်းပြုခြင်းကို ခံရလေသည်။ ၁၅၉၅ ခုနှစ်တွင် ဟောကင်းနှင့် ဒရိတ်တို့ပူးပေါင်း၍ အနောက်အိန္ဒိယကျွန်းစုရှိ စပိန်တို့၏ စခန်းများကို တိုက်ခိုက်ရန် ပင်လယ်ခရီးထွက်လာစဉ် ပေါ်တိုရီးကိုးကျွန်းအနီး၌ အဖျားရောဂါဖြင့် ၁၅၉၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အနိစ္စရောက်သည်။[၁]

ရေတပ်ဗိုလ်ချုပ်ကြီး
ဆာ ဂျွန်ဟောကင်း
လန်ဒန်မြို့၊ အမျိုးသားရေကြောင်းပြတိုက်ရှိ ပုံတူပန်ချီကား
ဒေသခေါ်အမည်Sir John Hawkins
မွေးဖွား၁၅၃၂ ခုနှစ်
ပလင်းမတ်မြို့၊ အင်္ဂလန်
ကွယ်လွန်၁၂ နိုဝင်ဘာ၊ ၁၅၉၅(1595-11-12) (အသက် ၆၂–၆၃)
ပေါ်တိုရီကိုကျွန်းအနီး
သစ္စာခံနိုင်ငံ အင်္ဂလန်
လက်နက်ကိုင်တပ် တော်ဝင် ရေတပ်
အမှုထမ်း ကာလ၁၅၆၂ – ၁၅၉၅
ကွပ်ကဲသည့် ဌာန
တိုက်ပွဲ/စစ်ပွဲများ
လက်မှတ်

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၇၃)။ "ဆာ ဂျွန်ဟောကင်း"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း၁၃ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်