ဂြိုဟ်သိမ်ဂြိုဟ်မွှား (အင်္ဂလိပ်: Dwarf planet) များဆိုရာ၌ နေစကြဝဠာတွင် ဂျူပီတာဂြိုဟ်နှင့် မားဂြိုဟ်တို့ သွားရာလမ်းကြောင်း နှစ်ခုစပ်ကြား မိုင် ၃ဝဝဝဝဝဝဝဝ ကျယ်ပြောသော လဟာပြင်ကြီးရှိ ဂြိုဟ်ကလေး ပေါင်းများစွာကို ဆိုသည်။ ယနေ့အထိ ဂြိုဟ်ကလေးပေါင်း ၁၅ဝဝ ကျော်မျှကို နက္ခတ္တဗေဒပညာရှင်တို့ တွေ့ရှိခဲ့ပြီးဖြစ်၍ နောက်ထပ်လည် အခြားဂြိုဟ်ကလေးများကို ထပ်မံတွေ့ရှိ နေရဆဲ ဖြစ်သည်။ ဂြိုဟ်ကလေးတို့သည် မည်မျှသေးငယ်ကြ သနည်းဟူမူ အကြီးဆုံးကိုပင် သာမန်မျက်စိဖြင့်ကြည့်၍ မမြင်နိုင်ချေ။ အဝေးကြည့်မှန်ပြောင်းနှင့် ကြည့်မှသာလျှင် မြင်နိုင်သည်။ အကြီးဆုံးသော ဂြိုဟ်ကလေးမှာ ဆီးရီးဖြစ်၍ အချင်း ၄၈၅ မိုင် ရှိ၏။ ဂြိုဟ်ကလေးအချို့၏ အချင်းမှာ ၁ဝ မိုင်အောက်ပင် ငယ်ကြသေးသည်။


အဆိုပါဂြိုဟ်ကလေးတို့သည် ဂြိုဟ်ကြီးတစ်လုံး ကြေမွသွား ရာမှ ဖြစ်ပေါ်လာဟန်တူသည်ဟု ရှေးက ယူဆခဲ့ကြသည်။ သို့ရာတွင် ယခုခေတ် နက္ခတ္တဗေဒပညာရှင်တို့က အောက်ပါ အတိုင်း ယူဆကြ၏။ ဂြိုဟ်ကလေးတို့သည် ယင်းတို့ တည်ရှိ ရာ နယ်အတွင်း၌ ဆွဲအားကောင်းသော မဏ္ဍိုင်တစ်ခုသာ အကယ်၍ရှိပါက ထိုကဏ္ဍိုင်၌စုပေါင်း၍ ဂြိုဟ်ကြီးတစ်လုံး ဖြစ်လာ နိုင်ဖွယ်ရှိသည်။ မည်သို့ဆိုစေကာမူ ထိုဂြိုဟ်ကလေး များ ဖြစ်ပေါ်တည်ရှိနေပုံ၏ ဇာစ်မြစ်ကိုကား မည်သူမျှ အတိ အကျ အပြည့်အစုံ မသိရသေးချေ။


ဂြိုဟ်ကလေးတို့သည် ဂြိုဟ်ကြီးများနည်းတူပင် နေကို လှည့်ပတ်၍နေကြသည်။ နေကို လှည့်ပတ်ရာ၌ ၃ နှစ်မှ ၁ဝ နှစ်အထိ အချိန်ကြာ၏။ ဂြိုဟ်ကလေးတို့သွားရာလမ်းကြောင်း များသည် ဘဲဥပုံသဏ္ဌာန်များ ဖြစ်ကြသည်။ လမ်းကြောင်း၏ အစွန်းတစ်ဖက်သည် အခြားအစွန်းထက် နေနှင့် များစွာ ပိုမိုနီးကပ်လျက် ရှိသည်။ အီးရော့ခေါ် ဂြိုဟ်ကလေးသည် ၂၇ နှစ်တွင် တစ်ကြိမ်ကျ ကမ္ဘာနှင့် မိုင် ၁၃၈ဝဝဝဝဝ ကွာဝေးသောနေရာသို့ ရောက် လာတတ်သည်။ ထိုဂြိုဟ်ကလေး ရွေ့ရှားနေပုံကိုကြည့်၍ နက္ခတ္တဗေဒပညာရှင်တို့သည် ကမ္ဘာမှ နေ၏အကွာအဝေးကို အကောင်းဆုံးနည်းဖြင့် တွက်ချက်ယူနိုင်ကြသည်။ ထိုဂြိုဟ် ကလေးကို ၁၈၉၈ ခုနှစ်တွင် ဘာလင်မြို့မှ ဗစ်ဆိုသူ နက္ခတ္တ ဗေဒပညာရှင်တစ်ဦးက စတင်တွေ့ရှိခဲ့သည်။ အီးရော့သည် ကျွနုပ်တို့ ကမ္ဘာဂြိုဟ်ကဲ့သို့ အလုံးပုံမဟုတ်ဘဲ ကျောက်တုံး ကျောက်ခဲကြီးကဲ့သို့ ပုံပန်းမပြေပြစ်သည့် အစိုင်အခဲကြီးဖြစ် ကြောင်းကို ထူးဆန်းစွာ တွေ့ရလေသည်။ ဤအချက်ကို ထောက်သဖြင့် အခြားဂြိုဟ်ကလေးများလည်း ဤအတိုင်း ဖြစ်နိုင်စရာရှိသည်ဟု အချို့က ယုံကြည်ယူဆကြသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)