ငဆောင်ချမ်းတိုက်ပွဲသည် ပုဂံမင်းဆက် နရသီဟပတေ့လက်ထက် မြန်မာ့သက္ကရာဇ် ၆၄၇ ခု (ခရစ်နှစ် ၁၂၈၅ ခန့်) ၌ ဖြစ်သော တရုတ် (မန်ချူး/တာတာ) တပ်နှင့် မြန်မာတပ်တို့ တိုက်ပွဲဖြစ်သည်။ ငဆောင်ချမ်းအရပ်တွင် စစ်ပြိုင်သည်ကို စွဲ၍ ငဆောင်ချမ်းတိုက်ပွဲဟု တွင်သည်။

စစ်ဖြစ်ရကြောင်း

ပြင်ဆင်ရန်

မြန်မာသက္ကရာဇ် ၆၄၃ ခုခန့်တွင် တရုတ်သံ အမတ် ၁ ကျိပ်၊ မြင်းသည် ၁၀၀၀ တို့ လာ၍ ရှေးမြန်မာမင်းတပါးလက်ထက် ရွှေအိုး၊ ငွးအိုး၊ ရွှေပေါင်းချောင်၊ ငွေပေါင်းချောင်၊ ရွှေယောက်မ၊ ငွေယောက်မ၊ ရွှေယောက်ချို၊ ငွေယောက်ချိုတို့ကို ဆက်ဖူးသည်ကြောင်း ဆိုကာ တရုတ်မင်း (မြန်မာအခေါ် ဥတည်ဘွား၊ တရုတ်အခေါ် ကူဗလိုင်ခန်) က ပဏ္ဍာဆက်ရန် မှာကြောင်း ပြောသည်။ နရသီဟပတေ့က အခြေအမြစ်မရှိ၊ စော်ကားသည်ဟု ယူဆသည်။ ထိုစဉ် တရုတ်သံတို့က မင်းရှေ့၌ မလျော်မသင့် နေရာ အမျက်ထွက်၍ တယောက်မကျန် ကွပ်ရန် အမိန့်ပေးသည်။

သံတို့သေလျှင် တရုတ်မင်းလည်း မင်းသား သုသုတ္တကီ ဦးစီးသော အင်အား ၂၀,၀၀၀၊ ပုညဓမ္မိကာ မဟာထေရ်၊ သျှီဓမ္မိကာသံဃာထေရ်တို့ ဦးဆောင်သော ကျောင်းပေါင်း ၇၀ မှ ဘုန်းကြီးများ [] ကို သိန်းဃိုဠ် (ယခု ပုဂံ) သို့ ချီစေသည်။ (မြန်မာတို့က မြင်း ၆,၀၀၀,၀၀၀၊ ခြေသည် ၂၀,၀၀၀,၀၀၀ ဟု ဆိုသည် []) တရုတ်တို့ လာကြောင်းသိလျှင် ရာဇသင်္ကြံ၏ သားနှစ်ဦးဖြစ်သော အနန္တပစ္စည်း (ဥတ်လှကြီး)၊ ရန္တပစ္စည်း (ဥတ်လှငယ်) တို့ကို ဆင်မြင်းအပါ အင်အား ၈,၀၀၀,၀၀၀ နှင့် ခံစေသည်။ မြန်မာတပ်တို့ ငဆောင်ချမ်း (ဗန်းမော်အရှေ့ မြန်မာ-တရုတ် နယ်စပ်) သို့ ရောက်သော် ဗန်းမော်မြစ်ငူ၌ ကျုံးမြောင်းလုပ်၌ အခိုင်နေသည်။ ကနဦးက မြန်မာဆင်တပ်ကို တရုတ်မြင်းတပ် မခံနိုင်။ နောက်မှ မြားဖြင့် နှိမ်ရာ ဆပ်တပ် ပျက်သည်။ ဆင်တပ်ပျက်ပြီးနောက် မြန်မာတို့ မခံနိုင်တော့ ငဆောင်ချမ်းမှ ဆုတ်ရသည်။ တိုက်ပွဲမှ နံနက်မှ မွန်းတည့်အထိ ကြာသည်။

မန်လည်တောင်ရံအရှေ့၌ ထပ်ခံသည်။ ထိုအရပ်၌လည်း ရှုံးပြီး စစ်သူကြီး အနန္တပစ္စည်း ကျသည်။ တရုတ်တို့ တရုတ်မော် (ထိုအရပ်မှာ တရုတ်တို့ရောက်ပြီးမှ ထိုအမည်ရခြင်း ဖြစ်) အထိ ရောက်လာသည်။ နရသီဟပတေ့လည်း ပုဂံအနောက်ဘက် လည်ကျအရပ်၌ ပုန်းရသည်။

ဤငဆောင်ချမ်းတိုက်ပွဲနှင့် စပ်လျဉ်း၍ ပုဂံ မင်းနန်သူရွာ၊ လေးထောင့်ကန်မြောက်ကျောင်းကျောက်စာတွင် အောက်ပါအတိုင်း ကျောက်စာထိုးထားသည်။

အနန္တပစ္စည်းလေ ငဆောင်ချမ်းမြို့နေရလေ၏။ ပြည်ထဲပျက်စီးသည် ဖြစ်ခဲ့၏။

ယင်းသို့ ငဆောင်ချမ်းတိုက်ပွဲတွင် တရုတ်စစ်သည်တို့ မြားစွမ်းပြပုံကို မြင်စိုင်း ငါးစီးရှင်သီဆိုသည့် မြင်းစိုင်းမြို့ဘွဲ့ ကာချင်းတွင် ဤသို့ ပါလေသည်။

တရုတ်လာသည် ရိုင်ရိုင်လော ရိုင်ရိုင်

မြားမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်

လင်းပြင်ပြည့်မျှ ငှက်လင်းတ

လတိုင်းလော လတိုင်းလတိုင်း

မြင်းသည်သိန်းသန်း များစွာလွန်းသည် ထက်ဝန်းရံသ မနိုင်မနိုင်

  1. ပုဂံရှိ အသျှင်ဒိသာပြာမောက် ကျောက်စာ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)