ပါဏဗေဒအရ ငါးဓားရှည်ကို 'ခိုင်ရိုစင်တြပ်ဒိုရဗ်' ဟု ခေါ်သည်။ ငါးဓားရှည်၏ ကိုယ်သည် ရှည်လျား၍ ပြားသည်။ ဝမ်းပိုင်းစောင်းထက်သော်လည်း ငသလောက်မှာကဲ့သို့ လွှသွား နှင့် တူသော အထစ်များ မရှိချေ။ ပါးဟက်ဝကျယ်သည်။ မျက်စိများသည် အဆီဖြင့် ပြည့်ဝသော မျက်ခွံတို့ဖြင့် ဖုံးအုပ် လျက်ရှိသည်။ နှုတ်သီးမွေး မပါချေ။ ပါးစပ်သည် စောင်း၍ စောက်နက်သည်။ အောက်မေးရိုးသည် အထက်မေးရိုးထက် ရှေ့သို့ ငေါထွက်နေသည်။ ကျောဆူးတောင်ငယ်တစ်ခု ရှိ၍ ယင်းသည် ကိုယ်၏ နောက်ပိုင်းကျကျတွင် တည်ရှိသည်။ စအိုဆူးတောင် ရှည်လျားသည်။ စအိုဆူးတောင်၏ အရှေ့ဘက် ဝမ်းပိုင်းစောင်း တစ်လျှောက်လုံးတွင် ဆံပင်မွှေးနှင့် တူသော ဆူးမျှင်များရှိသည်။ အကြေးခွံတို့သည် ပါးလွှာ၍ သေးငယ်၏။ ငါးဓားရှည်သည် အကြေးခွံလဲတတ်သောငါးမျိုး ဖြစ်သည်။ ကျောက်ဖက်တင် စိမ်းပြာပြာရောင်ရှိ၍ ဘေးဖက်နှင့် ဝမ်းပိုင်း တွင် ငွေရောင်သန်းလျက်ရှိသည်။ ငါးဓားရှည်သည် အလျား ၁၂ လက်မခန့်ထိ ကြီးထွားပေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)