စကျင်ကျောက်
ကျွန်ုပ်တို့ ထုံးကျောက်ဟုခေါ်သော ကျောက်နှင့် စကျင်ကျောက်တို့မှာ ဓာတ်သဘောအလိုအားဖြင့် ကယ်လဆီယမ် ကာဗွန်နိတ်များ ဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် လူသားတို့ စတင်မပေါ်ပေါက်မီ နှစ်ပေါင်းသန်းပေါင်းများစွာက ပင်လယ်များတွင် ဖော်ရာမိနစ်ဖာရာခေါ် အလွန်သေးငယ်သော သတ္တဝါတစ်မျိုးရှိလေသည်။ ဖော်ရာမိနစ်ဖာရာတို့မှာ သတ္တဝါဟု ဆိုရငြားသော်လည်း ဦးခေါင်းသို့မဟုတ် ခြေထောက်ဟူ၍ မပါရှိကြချေ။ အလွန်သေးငယ်သော ငထီးများနှင့် ဆင်ဆင်တူ၍ အပြင်ဘက်တွင် အခွံဖြင့် ဖုံးအုပ်လျက်ရှိသည်။ ဤသတ္တဝါတို့သည် မရေမတွက် နိုင်လောက်အောင်များပြားလှသည့် အုပ်သင်းများဖွဲ့ကာ ပင်လယ်ရေမျက်နှာပြင်နားတွင် ကပ်လျက်နေထိုင်ကြသည်။ သေဆုံးသောအခါ သတ္တဝါတို့၏ အခွံများသည် ရေအောက်တွင် အနယ်ထိုင်သွားကြပြီး တဖြည်းဖြည်းစုပုံလျက် ရှိကြလေသည်။ ကာလကြာမြင့်သော် အထက်မှ အနည်တို့၏ ဖိအားကြောင့် ထိုအခွံတို့သည် မြေဖြူနှင့် ထုံးကျောက် ဖြစ်သွားကြလေသည်။ ထုံးကျောက်မှတစ်ဖန် အလွန်ကြီးမားသော ဖိအားနှင့် အပူရှိန်ကြောင့် အသွင်ပြောင်းလဲ၍ စကျင်ကျောက် ဖြစ်လာကြလေသည်။
:en:Metamorphic rock | |
အီတလီနိုင်ငံမှ စကျင်ကျောက်လွှာ | |
ပါဝင်မှု | |
---|---|
Mostly calcite or dolomite |
စကျင်ကျောက်မှာ အလွန်မာ၍ လှပသောကြောင့် ရှေးအခါကပင် ရုပ်လုံးထု ဆရာတို့သည် ကျောက်ရုပ်လုံးများထုလုပ်ရာ၌ ယင်းကို အသုံးပြုခဲ့ကြလေသည်။ ရှေးခေတ် ဂရိရုပ်လုံးထု ဆရာများ အသုံးပြုခဲ့သော ပင်တဲလစ် စကျင်ကျောက်ကို အက်တစ်ကာမြို့၌ ရှိသည့် ပင်တဲလစ်ကပ်တောင်မှ ရရှိခဲ့ကြသည်။ ပယ်ရိကန်စကျင်ကျောက်မှာ ပါးရော့ကျွန်းမှ ရရှိသော စကျင်ကျောက်ဖြစ်သည်။ ထိုစကျင်ကျောက်ကို ဂရိလူမျိုးတို့သည် ကျောက်ရုပ်များနှင့် အဆောက်အအုံများ ဆောက်လုပ်ရန် အမြတ်တနိုး အသုံးပြုခဲ့ကြသည်။ ဗီးနပ်ဒါမဲဒီချီ ကျောက်ရုပ်သည် ပယ်ရိယန် စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ကျောက်ရုပ်ဖြစ်သည်။ ယခုခေတ် နာမည်အကျော်ဆုံး ရုပ်လုံးထုဆရာများ အသုံးပြုကြသည့် စကျင်ကျောက်မှာ ကာရာရာ စကျင်ကျောက်ဖြစ်သည်။ ဤကျောက်မျိုးဖြင့် မိုက်ကယ်အန်ဂျလိုနှင့် ကားနိုဗာအမည်ရှိ ကမ္ဘာကျော်ရုပ်လုံးထု ဆရာတို့သည် အကောင်းဆုံးလက်ရာကို ထုလုပ်ထားခဲ့ကြလေသည်။
အညစ်အကြေးကင်းစင်သော စကျင်ကျောက်သည် ဖြူဖွေးလျက်ရှိသည်။ သို့သော် တစ်ခါတစ်ရံ စကျင်ကျောက်တွင် အခြား ဓာတ်ပစ္စည်းများ ရောနှောပါရှိတတ်ရာ ထိုထိုရောနှောနေသော စကျင်ကျောက်တွင် ပစ္စည်းကိုလိုက်၍ အရောင် အမျိုးမျိုးရှိတတ်သည်။ ဤကျောက်မျိုးတွင် အချို့၌ အရောင်တစ်ပြင်တည်း ရှိတတ်၏။ အချို့မှာမူကား အပြောက်ထနေတတ်၏။ အဝါရောင်နှင့်အညိုရောင်ရှိသော မဟူရာ စကျင်ကျောက်သည် အလွန်ထင်ရှားသော အပြောက်ထကျောက်မျိုးဖြစ်သည်။ ထို မဟူရာကျောက်ကို ကားသေ့နှင့် ရောမနိုင်ငံ ကောင်းစားစဉ်က အဆောက်အအုံများ ဆောက်လုပ်ရာ၌ များစွာအသုံးပြုခဲ့ကြလေသည်။ ယခုလည်း ပြင်သစ်နိုင်ငံ၌ အမြတ်တနိုး အသုံးပြုလျက်ရှိသေးသည်။ ဤကျောက်တွင်ရှိသော အရောင်မှာ အိုင်းယန်းအောက်ဆိုက်ကြောင့် ဖြစ်သည်။ ကျောက်မီးသွေးရောနှောပါရှိသော စကျင်ကျောက်တွင် အမည်းရောင်ရှိသည်။ ဤကျောက်မျိုးကို ညောင်ရေအိုးများနှင့် မီးဖိုပေါ်တွင် ဆွဲချိတ်ထားရန် အလှပြအထည်များ ပြုလုပ်ရာ၌ သုံးသည်။ ကျောက်တွင်ရှိသော အမည်းရောင်မှာ ဩဂဲနစ်ပစ္စည်းကြောင့် ဖြစ်၍ မီးတိုက်ပေးသောအခါ ပျောက်ကွယ်သွားသည်။ စကျင်ကျောက်ကို အစိမ်းရောင်၊ မရန်းရောင်၊ အပြာရောင်စသော အရောင်များဖြင့်လည်း တွေ့ရတတ်၏။ စကျင်ကျောက် အမြောက်အမြား ထွက်သော နိုင်ငံများမှာ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန် နှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၊ ရာဇပုတ္တနနယ်၌လည်း ထင်ရှားသော ကျောက်ကျင်းများရှိ၍ အာဂရာမြို့၌ရှိသည့် အလွန်ကျော်ကြားသော တက်ဂျမဟာသင်္ချိုင်းတော် အဆောက်အအုံကြီးမှာ ထိုကျောက်ကျင်းမှ စကျင်ကျောက်များဖြင့် တည်ဆောက်ထားသည် ဆို၏။
မြန်မာနိုင်ငံ၌ မန္တလေးမြို့မြောက်ဘက်မိုင် ၂ဝ တွင် စကျင်တောင်ဟူ၍ ရှိသည်။ ထိုစကျင်တောင်မှ ကျောက်သည် ကျောက် ရုပ်တုများထုလုပ်ရန် ကောင်းမွန်သဖြင့် ထိုကျောက်ကို တူးယူ၍ စစ်ကိုင်း၊ မန္တလေးမြို့များသို့ ပို့ပြီးလျှင် ဘုရားရုပ်တုတော်များ၊ သိမ်တိုင်များ၊ ကျောက်စာချပ်များ ထုလုပ်ကြသည်။ စကျင်ကျောက်သည် နှမ်းဖတ်ကျောက်ထက် အပူကို ခံနိုင်ရည်ရှိသောကြောင့် မီးခံအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် အထူးသင့်တော်သည်။ သို့သော် မိုးရေထိလျှင်ဖြစ်စေ၊ အက်စစ်ဓာတ်ငွေ့ပါရှိသော လေထုနှင့် တွေ့ထိလျှင်ဖြစ်စေ စကျင်ကျောက်၏ မျက်နှာပြင်သည် ကြေမွသွားတတ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)