စစ်ကိုင်းနရပတိစည်သူ

မြန်မာဘုရင်
ပုဂံ နရပတိစည်သူ အတွက် နရပတိစည်သူ(ပုဂံ) ကို ကြည့်ပါ။
  • စစ်ကိုင်းနရပတိစည်သူကို စလင်းကို စားရ၍ စလင်းစည်သူကျော်ထင်၊ နောက်ပိုင်း စစ်ကိုင်းကို စားရ၍ စစ်ကိုင်းစည်သူကျော်ထင်ဟုလည်း ခေါ်ကြသေးသည်။

စစ်ကိုင်းနရပတိစည်သူ၊ အေဒီ(၁၅၅၁−၁၅၅၅)ပြင်ဆင်

အင်းဝမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် အမည်ရင်း စည်သူကျော်ထင် ရှိသော နရပတိစည်သူသည် တိုက်ရည်ခိုက်ရည်ကောင်းသည့် သူရဲကောင်းတစ်ဦးဖြစ်သည်။ မူလက စလင်းစားအဖြစ် တစ်ထီးတစ်နန်းနေသူဖြစ်သည်။

မြန်မာသက္ကရာဇ် (၉၀၆)တွင် တပင်ရွှေထီးဟံသာဝတီတပ်များ တိုက်ခိုက်မှုတွင် စလင်းစည်သူကျော်ထင်နှင့် ပဲခူးစည်သူကျော်ထင်သည် ဆင်စီးချင်း တိုက်ခိုက်ကြရာ စလင်းစည်သူကျော်ထင် အရေးမသာသဖြင့် ဆင်တစ်ကောင်ဖြင့် လောင်းရှည်ကြောင်းအတိုင်း ချင်းတောင်ကို ထွက်ပြေးရသည်။ စလင်းစည်သူကျော်ထင်ကို ချင်းတို့ဖမ်းမိပြီး မိုးညှင်းစလုံငယ်သို့ ဆက်သလေသည်။ မိုးညှင်းစလုံငယ်၏ အကူအညီဖြင့် အင်းဝကို လုပ်ကြံရန်အတွက် ဆင်ခြောက်ဆယ်၊ မြင်းရှစ်ရာ၊ စစ်သည်သူရဲ ငါးသောင်းပေး၍ သက္ကရာဇ် (၉၀၇)ခုနှစ်တွင် ယခု စစ်ကိုင်းမြို့ကို တည်တော်မူသည်။ [၁]

ထို့နောက်အင်းဝရှမ်းမင်း မိုးဗြဲနရပတိကို စစ်ကိုင်းမှပုန်ကုန် အနိုင်ရသဖြင့် “နရပတိစည်သူဘွဲ့”ဖြင့် အင်းဝတွင် မင်းပြုသည်။ သို့သော် ဘုရင့်နောင်၏ တိုက်ခိုက်မှုကြောင့် အင်းဝကျရှုံးပြီး နရပတိစည်သူလည်း ဟံသာဝတီသို့ ပါသည်။ ဟံသာဝတီရောက်လျှင် အလုပ်အကျွေး သုံးကျိပ်ဖြင့် ကောင်းမွန်စွာထားသည်။ ဘုရင့်နောင် ယိုးဒယားသို့ချီတက်တိုက်ခိုက်နေစဉ် ဟံသာဝတီရှိ ရှမ်းတို့သည် အကြီးအကဲတစ်ဦးကို "ဗညားကျန်းထော" ဘွဲ့ပေးပြီး ပုန်ကန်တော့သည်။ အင်အားစုစုပေါင်း ၃၀၀၀ဝ ကျော်မျှရှိသည်ဟု ဆိုသည်။ ဟံသာဝတီမြို့စောင့်များဖြစ်ကြသည့် ဗညားအိန္န၊ ဗညားပရံ၊ တရဖျား၊ တာနော၊ ဘယသင်္ကြန်တို့လည်း မည်သို့စီမံရမည်ကို မသိသဖြင့် အင်းဝမှ ဖမ်းဆီးလာကာ အကျယ်ချုပ်ဖြင့်ထားသည့် နန်းကျဘုရင် နရပတိစည်သူကို တိုင်ပင်ကြသည်။ နရပတိစည်သူလည်း သစ္စာခံကာ တိုက်ခိုက်ဖြိုခွင်းသဖြင့် ရှမ်းသူပုန်တို့ တပ်ပျက်ကာ ဒလသို့ ပြေးရသည်။ ဘုရင့်နောင် ဟံသာဝတီပြန်ရောက်ပြီး အကြောင်းစုံသိလျှင် ချီးမွမ်း၍ ကောင်းစွာမြောက်စားပြန်သည်။

ကျမ်းကိုးပြင်ဆင်

  1. ကုလား(ဦး) မဟာရာဇဝင်တော်ကြီး၊ ဒုတိယအုပ်၊ နှာ-၁၄၂−၁၄၃၊
  • မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး
  • မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ
  • မင်း၁ဝပါးရာဇဝင်-ဒေါက်တာမတင်ဝင်း