စစ်တောင်းတူးမြောင်းတံတား (ပဲခူး)

စစ်တောင်းတူးမြောင်းတံတားသည် ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်၊ ဒိုက်ဦး-စစ်တောင်းလမ်း မိုင်တိုင်အမှတ်(၅/၄)တွင် တည်ရှိပြီး ၂၀၁၀ ခုနှစ်၊ ဇူလိုင် ၄ ရက် က စတင်တည်ဆောက်၍ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သစ် လက်ထက်တွင် ခြောက်စင်းမြောက်ဖွင့်လှစ်ခဲ့သော ပေ ၁၈၀ နှင့်အထက် တံတားဖြစ်သည်။ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကာ စုစုပေါင်းတံတားအရှည်ပေ ၂၄၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ ယာဉ်နှစ်လမ်းသွားနှင့် လူသွားလမ်းတစ်ဖက်လျှင် သုံးပေခွဲစီပါရှိ၍ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ (ယာဉ်+ကုန်) တန် ၆၀ ဖြစ်သည်။

စစ်တောင်းတူးမြောင်းတံတားသည် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး ဒိုက်ဦးမြို့မှ ရန်ကုန်-မော်လမြိုင်လမ်းရှိ စစ်တောင်းတို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ဖြတ်လမ်းပေါ်တွင် တည်ရှိပြီး ဒိုက်ဦး-စစ်တောင်းလမ်းမှ သွားလျှင် ၂၄ မိုင်ခန့် သက်သာသွားသည့်အပြင် အချိန်တိုအတွင်းမော်တော်ယာဉ်ကြီးများ အလွယ်တကူ သွားလာနိုင်သည်။

ဤတံတားကြီး ဖွင့်လှစ်ပေးသည့်အတွက် ပဲခူးတိုင်းဒေသကြီးမှတဆင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့လည်းကောင်း၊ မွန်ပြည်နယ်ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများသို့ လည်းကောင်း၊ မြန်မာပြည်အရှေ့မှ အနောက်၊ တောင်မှမြောက်သို့ ကွန်ရက်သဖွယ်ယှက်သွယ်သွားလာနိုင်မည်ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Myanmar.com။ 5 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 February 2012 တွင် ပြန်စစ်ပြီး။