သံကူကွန်ကရစ်

သံ​ချောင်းများအကူ ထည့်ထား​သော ကွန်ကရစ်

သံကူကွန်ကရစ်ဆိုသည်မှာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရသော လုပ်ငန်းဖြစ်သည်။ အာစီ (RC) Reinforced Concrete ဟုလည်း ခေါ်ကြပြီး မြန်မာလို သံကူအားဖြည့် ကွန်ကရစ်ဟု သုံးနှုန်းကြသည်။ သံကူကွန်ကရစ်၏ အခြေခံသဘောတရားမှာ ဆွဲဆန့်အားကို ခံနိုင်သော သံချောင်းနှင့် ဖိနှိပ်အားကို ခံနိုင်သော ဘိလပ်မြေကွန်ကရစ်တို့ကို ပေါင်းစပ်အသုံးပြုခြင်းပင် ဖြစ်သည်။

သမိုင်း ပြင်ဆင်ရန်

ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကတည်းက ရောမလူမျိုးများသည် Vesuvius မီးတောင်မှ ရသော မီးတောင်ပြာနှင့် ဖောက်ထုံး ရောပြီး Pozzolana ဟုခေါ်သော အင်္ဂတေတစ်မျိုးကို အဆောက်အဦးတွေဆောက်လုပ်ရာမှာ အသုံးပြုခဲ့သည်ဟု အထောက်အထားများ တွေ့ရှိရပါသည်။

အင်္ဂတေကို အဆောက်အဦးဆောက်လုပ်ရာတွင် သမိုင်းတစ်လျှောက် ပုံစံအမျိုးမျိုးနှင့် အသုံးပြုခဲ့ကြသည်။ နှစ်ကာလကြာလာတာသည်နှင့်အမျှ အင်္ဂတေသွန်းလုပ်သော နည်းစနစ်များ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့သော်လည်း အားနည်းချက်တစ်ခုကတော့ ရှိနေပါသေးသည်။ ထိုအားနည်းချက်မှာ အင်္ဂတေသည် ဖိနှိပ်ခံနိုင်အား (Compression Strength) အလွန်ကောင်းသော်လည်း ဆွဲဆန့်ခံနိုင်အား (Tensile Strength) အလွန်နည်းပါးခြင်းပင် ဖြစ်သည်။ အင်္ဂတေတုံးတစ်တုံးကို အားနှင့် ဖိနှိပ်ချမယ်ဆိုလျှင် အတိုင်းအတာတစ်ခုအထိ မကွဲမကြေနိုင်ပေမယ့် သားရေပင် ကဲ့သို့ ဆွဲဆန့်လိုက်လျှင် အလွယ်တကူကြေမွပျက်စီးသွားတတ်ပါသည်။ ထို့ကြောင့် အင်္ဂတေလောင်းသောအချိန်မှာ စတီးချောင်း Tensile Strength ကောင်းသော အရာတစ်ခုကို ထည့်သွင်းတည်ဆောက်လာကြသည်။ ကွန်ကရစ်၏ အားသာချက်ဖြစ်သော Compression Strength နှင့် စတီး၏ အားသာချက် Tensile Strength နှစ်ခုစလုံးကို ပေါင်းစည်းပေးလိုက်သလို ဖြစ်သွားပါသည်။

𝗥𝗖 ကို ပထမဦးဆုံးစတင်တည်ဆောက်ခဲ့တာကတော့ Jean-Louis Lambot ပဲဖြစ်ပါတယ်။ Lambot ဟာ သူ့ရဲ့ ကွန်ကရစ်လှေငယ်လေးတွေတည်ဆောက်ရာမှာ ခံနိုင်ရည်အားပိုမိုကောင်းမွန်စေဖို့ သံချောင်းတွေ၊ သံဇကာတွေ ထည့်သွင်းတည်ဆောက်ခဲ့တယ်လို့ အထောက်အထားတွေအရတွေ့ရှိရပါတယ်။ သူကတော့ သမိုင်းမှာ 𝗥𝗖 ကို ပထမဆုံး တည်ဆောက်အသုံးပြုခဲ့သူလို့ အမည်တွင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နာမည်က သိပ်မတွင်ကျယ်ခဲ့ပါဘူး။ 𝗥𝗖 ကို အဆောက်အဦးတည်ဆောက်ရာမှာ ပထမဦးဆုံး စတင်အသုံးပြုခဲ့သူကတော့ ပြင်သစ်လူမျိုး François Coignet ပါပဲ။ အထောက်အထားတွေနဲ့ စွယ်စုံကျမ်းတွေမှာ Coignet ရဲ့နာမည်ကသာ ပိုပြီးအရာတွင်ခဲ့ပါတယ်။ ဒါပေမယ့် သူလည်း 𝗥𝗖 ရဲ့ အသုံးဝင်ပုံ၊ အားသာချက်တွေကိုသိလို့ဆိုတာထက် ပါရီမြို့ Charles Michles အရပ် ခြံအမှတ် ၇၂ မှာ သူဆောက်နေတဲ့ လေးထပ်တိုက်ကလေး ပုံမပျက်သွားအောင်ဆိုပြီးတော့ ကွန်ကရစ်ထဲ စတီးချောင်းတွေ ထည့်သွင်းတည်ဆောက်ရာက 𝗥𝗖 သမိုင်းအစပြုခဲ့တာပဲဖြစ်ပါတယ်။

၁၈၅၄ ခုနှစ်မှာ အင်္ဂလိပ်ဆောက်လုပ်ရေးသမား William B. Wilkinson က ကွန်ကရစ်ရဲ့ Compression Strength အားသာချက်နဲ့ Steel ရဲ့ Tensile Strength အားသာချက်နှစ်ခုကိုပေါင်းစည်းဖို့ရည်ရွယ်ချက်နဲ့ 𝗥𝗖 ကို ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။ Coignet က ၁၈၅၃ မှာ ဆောက်လုပ်ခဲ့တာဖြစ်လို့ Wilkinson ထက် တစ်နှစ်စောပါတယ်။ အဲဒီကနေစပြီးတော့ Steel ထုတ်လုပ်တဲ့နည်းပညာတွေ အဆင့်မြင့်လာသလို 𝗥𝗖 တွေလည်း ပိုမိုအဆင့်မြင့်လာကြတာ ဒီနေ့အထိပါပဲ။


တည်ဆောက်ရေးလုပ်ငန်းများတွင် သံကူကွန်ကရစ်လုပ်ငန်းသည် အရေးပါသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ သံကူကွန်ကရစ်လုပ်ငန်းတစ်ခုတွင် ပါဝင်ရသည့် သံချောင်းအရွယ်အစား၊ အရေအတွက်နှင့် အကွေးပုံသဏ္ဌာန်အမျိုးမျိုးတို့ကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ ပုံထုတ်အင်ဂျင်နီယာများက တွက်ချက်ပုံထုတ်ပေးရသည်။ ထုတ်ပေးသော ပုံစံအတိုင်း မှန်ကန်တိကျစွာ လုပ်နိုင်ရန်အတွက် သံချီသံကွေးပညာတတ်သော အလုပ်သမားများလိုအပ်ပေသည်။ သံကူကွန်ကရစ် လုပ်ငန်းတွင် -

  1. မြေတူးလုပ်သားများ၊
  2. ပန်းရံလုပ်သားများ၊
  3. လက်သမားများ
  4. သံချီသံကွေးလုပ်သားများ လိုအပ်ပေသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. သံချီသံကွေးသင်တန်းမှတ်စု