စားပွဲတင်တင်းနစ်

အားကစား

စားပွဲတင်တင်းနစ်သည် ကစားသမား နှစ်ယောက်မှ လေးယောက်ထိကစားနိုင်သော အားကစားတစ်ခု ဖြစ်သည်။ ဤကစားနည်းကို ပင်ပေါင်(အင်္ဂလိပ်: ping-pong; တရုတ်: 乒乓球)ဟုလည်း ခေါ်ကြသည်။ စားပွဲပေါ်တွင် ကစားကြပြီး၊ စားပွဲတစ်ဖက်မှ တစ်ဖက်သို့ ပေါ့ပါး၍ ခုန်ပေါက်နိုင်သော ဘောလုံးငယ်တစ်ခုကို စားပွဲတင်တင်းနစ် ရိုက်တံများကို အသုံးပြု၍ အပြန်အလှန် တွန်းပို့ရသော ကစားနည်းဖြစ်သည်။ အသုံးပြုသော စားပွဲတွင် ဘောလုံးခုန်နိုင်ရန် မာသော မျက်နှာပြင်ရှိပြီး၊ အလယ်တည့်တည့်တွင် ၆ လက်မမြင့်သော ပိုက်တစ်ခုဖြင့် ကာထားသည်။ (သရုပ်ပြပုံကို ကြည့်ပါ။) ကစားနည်းစည်းမျဉ်း လိုရင်းအတိုချုပ်မှာ ဤသို့ဖြစ်သည်။ စပေးဘော(မြန်မာနိုင်ငံတွင် ဆားဗစ်ဟုလည်း ခေါ်ကြသည်။ အင်္ဂလိပ်တွင်မူ ဆာ့ဖ်(Serve)ဟု အပြောများသည်။)ကို စားပွဲ၏ ကစားသူဖက်ခြမ်းတွင် တစ်ထောက်၊ မိမိပြိုင်ဖက်၏ အခြမ်းတွင် တစ်ထောက်ဖြစ်အောင် ဘောလုံးကို ပေးရသည်။ ထိုအခါ၌ ပြိုင်ဖက်မှ ဘောလုံး နောက်တစ်ထောက် ထပ်မကျမီ တစ်ဖက်ခြမ်းသို့ ရောက်အောင် ပြန်တွန်းပို့ရသည်။ စပေးဘောမှလွှဲ၍ ကျန်သော အပြန်အလှန် ရိုက်ချက်များအားလုံးသည် ပြိုင်ဖက်အခြမ်းတွင် အနည်းဆုံး ဘောလုံးတစ်ထောက် ပြန်ကျရန်လည်းကောင်း၊ မိမိဖက်၌ ပြိုင်ဖက်ဘောလုံး တစ်ထောက်ထက် မပိုမီလည်းကောင်း အချိန်ကိုက် ပြန်ရိုက်ရခြင်းဖြစ်သည်။ အကယ်၍ ကစားသမားတစ်ယောက်က စဉ်းမျဉ်းနှင့်အညီ ဘောလုံးကို မရိုက်နိုင်သောအခါ၌ သူ၏ပြိုင်ဖက်မှ တစ်မှတ်ရသည်။ ဤကစားနည်းသည် အလွန်လျင်မြန်သောကစားနည်းဖြစ်သဖြင့် မြန်ဆန်သောတုံ့ပြန်မှု လိုအပ်သည်။ ဘောလုံးကို လည်စေခြင်းဖြင့် သူ၏သွားရာလမ်းကြောင်းကို ပြောင်းလဲစေနိုင်ပြီး၊ မိမိ၏ ပြိုင်ဖက်ပြန်ရိုက်နိုင်သော နည်းလမ်းများကို ကန့်သတ်နိုင်သည့်အပြင်၊ တိုက်စစ်အားသန်သည့် အရိုက်သမားအတွက် တပန်းသာစေသည်။

စားပွဲတင်တင်းနစ်
ကမ္ဘာ့အဆင့် စားပွဲတင်တင်းနစ်
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်းITTF
ပထမဆုံးကစားခဲ့1880s အင်္ဂလန်[၁]
ဝိသေသလက္ခဏာများ
ထိတွေ့မှုမရှိပါ။ ပြိုင်ဖက်များအကြားတွင် စားပွဲရှိသည်။
အသင်း အဖွဲ့ဝင်များတစ်ဦးချင်း သို့မဟုတ် နှစ်ယောက်တွဲ
ကဏ္ဍရက်ကက်သုံး အားကစား, မိုးလုံလေလုံ
ကိရိယာPoly, ၄၀ mm (၁.၅၇ in),
၂.၇ g (၀.၀၉၅ oz)
အိုလံပစ်၁၉၈၈ခုနှစ်မှစတင်ပါဝင်
မသန်မစွမ်းအိုလံပစ်၁၉၆၀ မသန်မစွမ်း အိုလံပစ်မှစတင်ပါဝင်

အိုင်တီတီအက်ဖ်(ITTF) ပြင်ဆင်ရန်

စားပွဲတင်တင်းနစ် အားကစားနည်းကို တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်သော ၁၉၂၆ တွင်တည်ထောင်ခဲ့သည့် အိုင်တီတီအက်ဖ်(ITTF)မှ ကြပ်မတ်ကွပ်ကဲသည်။ အိုင်တီတီအက်ဖ်တွင် ၂၀၁၇-ခုနှစ် စာရင်းအရ အသင်းဝင် နိုင်ငံပေါင်း ၂၂၆-ခု ရှိသည်။[၂] စားပွဲတင်တင်းနစ် စည်းမျဉ်းများကို အိုင်တီတီအက်ဖ်တွင် လက်စွဲစာအုပ်တွင် အတိအကျ ဖော်ပြထားသည်။[၃]

အိုလံပစ် အားကစား ဖြစ်လာခြင်း ပြင်ဆင်ရန်

စားပွဲတင်တင်းနစ်သည် အိုလံပစ်တွင် ၁၉၈၈-ခုနှစ်မှစ၍ ပါဝင်လာခဲ့သည်။[၄] ၁၉၈၈ မှ ၂၀၀၄ အိုလံပစ်အထိ၊ အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများကို ထည့်သွင်းပါဝင်ခဲ့သည်။ ၂၀၀၈ အိုလံပစ်မှစ၍ နှစ်ယောက်တွဲပြိုင်ပွဲများအစား အသင်းလိုက်ပြိုင်ပွဲများကို ပါဝင်ကျင်းပခဲ့သည်။

ရာဇဝင် ပြင်ဆင်ရန်

ဤအားကစားသည် ဝိတိုရိယခေတ် အင်္ဂလန်နိုင်ငံတွင် အထက်တန်းလွှာ လူတန်းစားများက ညစာစားပြီးချိန်တွင် ဧည့်ခန်းအတွင်း ကစားခဲ့ရာမှာ စတင်ခဲ့သည်။[၁] ဤကစားနည်း၏ အစပိုင်းကစားခြင်းပုံစံကိုမူ ဗြိတိသျှစစ်တပ်အရာရှိများ အိန္ဒိယနိုင်ငံတွင် ၁၈၆၀ သို့မဟုတ် ၁၈၇၀ ဆယ်စုနှစ်များ ပတ်ဝန်းကျင်က စထွင်ကစားခဲ့ပြီး၊ နောက်ပိုင်းတွင် ထိုအရာရှိများက အင်္ဂလန်နိုင်ငံသို့ ယူဆောင်လာခဲ့ခြင်းဖြစ်သည်ဟုလည်း ယူဆကြသည်။[၅] စားပွဲပေါ်တွင် အလယ်၌ စာအုပ်များကိုထောင်ကာ ပိုက်အဖြစ်အသုံးပြုပြီး၊ စာအုပ်များကိုပင် ရိုက်တံအဖြစ်သုံး၍ ဂေါက်သီးကို ဘောလုံးအဖြစ်အသုံးပြုကာ ကစားခဲ့ကြသည်။ [၆]

ဗြိတိသျှ အားကစားပစ္စည်းထုတ်လုပ်သူ ဂျေကွိစ်နှင့်သားများကုမ္ပဏီ(J. Jaques & Son Ltd)မှ "ပင်ပေါင်"ဟူသောအမည်ကို ၁၉၀၁-ခုနှစ်တွင် ကုန်ပစ္စည်းမှတ်ပုံတင်မှု မပြုမီအချိန်ထိ ဤအားကစားနည်းကို "ပင်ပေါင်"ဟု လူအများကခေါ်ကြသည်။ ကုန်ပစ္စည်းမှတ်ပုံတင်မှုပြုပြီးနောက်ပိုင်းတွင် ဂျေကွိစ်မှထုတ်လုပ်သော ဈေးကြီးသောအားကစားပစ္စည်းများကို အသုံးပြုသည့် ကစားနည်းကို သာ "ပင်ပေါင်"ဟု ခေါ်ကြပြီး၊ အခြားထုတ်လုပ်သူများက "စားပွဲတင်တင်းနစ်"ဟူသော အသုံးကို စတင်အသုံးပြုလာကြသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း "ပင်ပေါင်"ဟုခေါ်ဆိုခွင့်ကို ဂျေကွိစ်ကုမ္ပဏီမှ ပါကာညီအစ်ကိုများကုမ္ပဏီ(Parker Brothers)သို့ ရောင်းချခဲ့သည်။ ထိုကြောင့် ၁၉၃၀ ဆယ်စုနှစ်ကာလအတွင်း အသင်းအဖွဲ့များက သူတို့၏အမည်တွင် ပိုပြီးလူသိများသော်လည်း မှတ်ပုံတင်ထားသည့် "ပင်ပေါင်"ဟူသည့် အသုံးနှုန်းမှ "စားပွဲတင်တင်းနစ်" ဟူသော စကားလုံးကို ပြောင်းလဲသုံးစွဲလာခဲ့ကြသည်။[၇]

 
Parker Brothers Ping-Pong game

ဗြိတိသျှ စားပွဲတင်တင်းနစ် ဝါသနာအိုးတစ်ဦးဖြစ်သူ ဂျိမ်းစ်ဂစ်ဘ်(James W. Gibb)က အမေရိကန်ပြည်ထောင်စုခရီးတစ်ခု၌ အသစ်အဆန်းဖြစ်နေသော ဆဲလျူလွိုက်ဘောလုံးများအကြောင်းကို သိရှိခဲ့ပြီး စားပွဲတင်တင်းနစ်တွင် အသုံးပြုရန် အလွန်ပင်သင့်တော်ကြောင်း ၁၉၀၁-ခုနှစ်တွင် ရှာဖွေတွေ့ရှိကာ စားပွဲတင်တင်းနစ်၏ ကြီးမားသော တိုးတက်ပြောင်းလဲမှုတစ်ဆင့်ကို ဖြစ်စေခဲ့သည်။ ထိုနောက် ၁၉၀၁-ခုနှစ်မှာပင် အီးစီဂွတ်ဒ်(E.C.Goode)ဆိုသူက သစ်သားသက်သက်ရိုက်တံအပေါ်တွင် ဘုသီးပါသောရာဘာပြားများကို ကပ်၍အသုံးပြုမှုကို စတင်တီထွင်ခဲ့သည်။ ၁၉၀၁-ခုနှစ်အရောက်တွင် စားပွဲတင်တင်းနစ်၏ လူသိများ ကျော်ကြားမှုမှာ ကြီးထွားလာပြီး၊ ပြိုင်ပွဲများစတင်ကျင်းပလာကြကာ စားပွဲတင်တင်းနစ်ဆိုင်ရာ စာအုပ်များကိုလည်း ရေးသားလာကြသည်။[၆]

စည်းမျဉ်းအပြောင်းအလဲများ ပြင်ဆင်ရန်

ဆစ်ဒနီ ၂၀၀၀ ပြည့်နှစ်အိုလံပစ်ပွဲအပြီးတွင် အိုင်တီတီအက်ဖ်သည် စားပွဲတင်တင်းနစ်အား ရုပ်သံလွှင့်အားကစားတစ်ခုအဖြစ် စိတ်ဝင်စားကြည့်ရှုသူများပြားလာပြီး ပိုမိုရှင်သန်နိုင်စေရန် ရည်ရွယ်သည့် စည်းမျဉ်းအပြောင်းအလဲများကိုပြုလုပ်ခဲ့သည်။[၈][၉] ပထမဆုံး အပြောင်းအလဲအဖြစ် ၂၀၀၀-ခုနှစ် အောက်တိုဘာလတွင် အချင်း ၃၈ မီလီမီတာ (၁.၅ လက်မ)ဘောလုံးအား အချင်း ၄၀ မီလီမီတာ (၁.၅၇ လက်မ) ဘောလုံးဖြင့် တရားဝင် အစားထိုးခဲ့သည်။[၆][၁၀] ဤအပြောင်းအလဲသည် ဘောလုံး၏လေထုခုခံအားကို တိုးမြှင့်ခြင်းဖြင့် ဘောလုံးအသွားနှုန်းလျှော့ချကာ ကစားနည်း၏လျင်မြန်မှုကို လျှော့ချရန်ရည်ရွယ်သည်။ သို့သော်လည်း ကစားသမားများက သူတို့၏ ရိုက်တံရာဘာပြားအောက်ခံ ရေမြှုပ်(sponge)အထူကို တိုးမြှင့်ခြင်းဖြင့် ပိုကြီး၍လေးသောဘောလုံး၏ သက်ရောက်မှု အကျိုးဆက်ကို တန်ပြန်ရန်ကြိုးစားခဲ့ကြသဖြင့် ဘောလုံးအသွားနှုန်းမှာ သိသိသာသာ လျှော့သွားခြင်းမရှိပဲ၊ စားပွဲတင်တင်းနစ်ကို ရုပ်သံမြင်ကွင်းမှကြည့်ရန် အလွန်လျင်မြန်လွန်းနေဆဲ ဖြစ်ခဲ့သည်။ လအနည်းငယ်အကြာတွင် အိုင်တီတီအက်ဖ်သည် ၂၁-မှတ်မှ ၁၁-မှတ် အမှတ်ပေးစနစ်သို့ ပြောင်းလဲခဲ့ပြီး၊ စပေးဘောလည်ပတ်မှုကို ၅ မှတ်မှ ၂ သို့လျှော့ချခဲ့ကာ၊ ၂၀၀၁-ခုနှစ် စက်တင်ဘာလတွင် ဤစည်းမျဉ်းအပြောင်းအလဲ စတင်အကြုံးဝင်ခဲ့သည်။[၆] ရည်ရွယ်ချက်မှာ ကစားနည်းကစားကွက် ပိုမြန်လာပြီး စိတ်လှုပ်ရှားမှု မြင့်မားလားစေရန် ဖြစ်သည်။

အိုင်တီတီအက်ဖ်သည် ပျမ်းမျှအပြန်အလှန်ရိုက်ချက်များ ပိုများလာစေရန်လည်းကောင်း၊ စပေးဘောပေးသောကစားသမား၏ အားသာချက်ကို လျှော့ချရန်လည်းကောင်း၊ စပေးဘောပေးသော ကစားသမားသည် ဘောလုံးကို တစ်ဖက်ပြိုင်ဖက်၏ မြင်ကွင်းမှ ဝှက်ထားခြင်းမပြုရန် စည်းမျဉ်းကို ပြောင်းလဲခဲ့ပြီး၊ ၂၀၀၂-ခုနှစ်တွင် ဤစည်းမျဉ်း စတင်အကြုံးဝင်ခဲ့သည်။[၁၁] ပြိုင်ဖက်မှ စပေးဘောပေးခြင်းကို သိသာစေရန် စပေးဘောပေးသော ကစားသမားသည် ဘောလုံးကို လေထဲတွင် အနည်းဆုံး ၁၆ စင်တီမီတာ (၆.၃ လက်မ) ပစ်တင်ရမည်ဟုလည်း သတ်မှတ်ခဲ့သည်။[၁၂]

၂၀၁၄-ခုနှစ် ဇူလိုင်လနောက်ပိုင်းမှစ၍ အိုင်တီတီအက်ဖ်ပြိုင်ပွဲများအားလုံးတွင် ဆဲလျူလွိုက်ဖြင့် ပြုလုပ်ထားခြင်းမရှိသော ပိုလီ ပလတ်စတစ် ဘောလုံးများ(Poly balls - non-celluloid material)ဖြင့်သာ ကစားရန် ဆုံးဖြတ်ခဲ့သည်။[၁၃][၁၄]

အားကစားသုံး ကိရိယာများ ပြင်ဆင်ရန်

ဘောလုံး ပြင်ဆင်ရန်

 
အိုင်တီတီအက်ဖ်မှ ပြိုင်ပွဲသုံးရန် လက်ခံသော စားပွဲတင်တင်းနစ် ပလတ်စတစ်ဘောလုံးများ (40+ mm)

စားပွဲ ပြင်ဆင်ရန်

 
စားပွဲတင်တင်းနစ် ပြိုင်ပွဲသုံး စားပွဲနှင့် ၎င်း၏ တရားဝင် အတိုင်းအတာများ

ရိုက်တံ(ဘက်တံ) ပြင်ဆင်ရန်

 
စားပွဲတင်တင်းနစ် ရိုက်တံ

ရိုက်တံ(ဘက်တံ)ကိုင်တွယ်ပုံ ပြင်ဆင်ရန်

ရှိတ်ကိုင်နည်း(Shakehand) ပြင်ဆင်ရန်

လက်ဆွဲနှုတ်ဆက်သည့်အခါ လက်ကိုင်တွယ်ပုံကဲ့သို့ ရိုက်တံကို ကိုင်သည့်အတွက် ရှိတ်က်ဟဲန်ဒ်ကိုင်နည်း သို့မဟုတ် အတိုကောက် ရှိတ်ကိုင်နည်းဟု ခေါ်ကြခြင်းဖြစ်သည်။[၁၅]

ရှိတ်ကိုင်နည်းတွင် ရိုက်တံကိုင်ပုံ
လက်သင့်(Forehand)ကိုင်ပုံ
လက်ပြန်(Backhand)ကိုင်ပုံ

ပဲန်ကိုင်နည်း(Penhold) ပြင်ဆင်ရန်

စာရေးသည့် မှင်တံကို ကိုင်တွယ်သည့်ပုံကဲ့သို့ ရိုက်တန်ကို ကိုင်သည့်အတွက် ပဲန်ကိုင်နည်းဟု ခေါ်ကြခြင်းဖြစ်သည်။[၁၆]

 
Wong Chun Ting, a penholder
တရုတ်ပဲန်ကိုင်နည်း သို့မဟုတ် စီပဲန်(CPEN)ကိုင်နည်းသည် အာရှကစားသမားများ အကိုင်များခဲ့ကြသည်။[၁၆](မြန်မာပြည်တွင် အသုံးပြုသည့် ဘက်တံပုံကိုယူ၍ အဝိုင်းဟုလည်း ခေါ်ကြသည်။)
 
တရုတ်ပဲန် သို့မဟုတ် စီပဲန်ဘက်တံနှင့်ကိုင်နည်း
 
တရုတ်ပဲန်ကိုင်နည်းသုံးထားသည့် (မာလင်း)
ဂျေပဲန်(JPEN) သို့မဟုတ် ကိုရီးယားပဲန်ကိုင်နည်း၌ ဘက်တံ၏နောက်တွင်ထားသော ကစားသမား၏ လက်ချောင်းများက တရုတ်ပဲန်မှာကဲ့သို့ မကွေးထားပဲ အဖြောင့်ထားခြင်းဖြင့် ပို၍အင်အားကောင်းသော လက်သင့်ရိုက်ချက်များကို ဖြစ်စေနိုင်သည်။[၁၆](မြန်မာပြည်တွင် အသုံးပြုသည့် ဘက်တံပုံကိုယူ၍ လေးထောင့်ဟုလည်း ခေါ်ကြသည်။)
 
ဂျေပဲန်ဘက်တံနှင့်ကိုင်နည်း
 
ဂျေပဲန်(JPEN) သို့မဟုတ် ကေပဲန်ကိုင်နည်းသုံးထားသည့် (ယူဆွန်မင်း)

အသင့်ရပ်တည်ပြင်ဆင်ပုံ ပြင်ဆင်ရန်

'စားပွဲတင်တင်းနစ်တွင် ကောင်းမွန်သော အသင့်ရပ်တည်ပြင်ဆင်ပုံ (ready position) ဆိုသည်မှာ အင်အားပြင်းသော ရိုက်ချက်များကို ဟန်ချက်မပျက်ပဲ ရိုက်နိုင်ရုံသာမက ထိုသို့ရိုက်နိုင်ရန် လိုအပ်သော (ဘောလုံးလာသော) နေရာသို့ အလျင်အမြန် ရွှေ့သွားနိုင်သော ကိုယ်ခန္ဓာအနေအထားမျိုးကို ဆိုလိုသည်။'[၁၇]

၎င်းကိုယ်ခန္ဓာ အသင့်ရပ်တည်ပြင်ဆင်ပုံ အနေအထားကို ပြိုင်ဖက်ဘောလုံးကို လက်ခံရာတွင် လည်းကောင်း၊ မိမိ၏ ရိုက်ချက်ကို ကစားပြီးသည့်နောက် နောက်ပြန်လာနိုင်သည့် ရိုက်ချက်ကို တန်ပြန်ရန် လည်းကောင်း၊ ကစားသမားအားလုံးက ရယူကာ ပြင်ဆင်ထားလေ့ရှိသည်။ ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ထက် အနည်းငယ်ကားကာ ရှေ့သို့အနည်းငယ်ကုန်း၍ နေလေ့ရှိသော ကိုယ်နေကိုယ်ထားကို ဆိုလိုသည်။ ဤသို့ ကုန်းထားခြင်းသည် ကိုယ်ခန္ဓာကို လျင်လျင်မြန်မြန် ရွှေ့လျားရန် ထိရောက်သော ကိုယ်နေကိုယ်ထားဖြစ်သည့် အပြင်၊ ကြွက်သားများကိုလည်း တက်ကြွလျင်မြန်စွာ ရွှေ့လျားမှုကို အထောက်အကူပေးရန် အသင့်ဖြစ်စေသည်။ ကိုယ်အပေါ်ပိုင်းကို ရှေ့သို့အနည်းငယ် ကိုင်းထားပြီး၊ ရှေ့သို့ အာရုံစိုက်ထားသည့် အနေအထားဖြစ်သည်။ ဘက်တံကို အသင့်အနေအထား ကိုင်ထားပြီး၊ လက်မောင်းမှာ ကွေးထားသည်။ ကိုယ်အနေအထား၏ ဟန်ချက်ညီမျှမှုကို သတိပြုသင့်ပြီး၊ ရိုက်ချက်ကောင်းများအတွက် လိုအပ်သော ခိုင်မာတောင့်တင်းသော အောက်ပိုင်းလည်းရှိ၊ လျင်မြန်စွာ ဘေးတိုက်ရွှေ့လျားမှုလည်းပြုနိုင်သော အနေအထား ဖြစ်နေသင့်သည်။ ကစားသမားတစ်ယောက်စီသည် မိမိတို့၏ ရပ်တည်ပြင်ဆင်ပုံကို မိမိစိတ်ကြိုက် အံဝင်အောင်ပြုလုပ်ပြီး၊ ကစားပွဲ၏ အခြေအနေ လိုအပ်ချက်အပေါ် မူတည်ပြီး သင့်တော်သလိုလည်း ပြောင်းလည်းနိုင်ရမည်ဖြစ်သည်။[၁၇]

ရိုက်ချက် အခေါ်အဝေါ်များ ပြင်ဆင်ရန်

  • ကာ (သို့) ဘလော့ခ် (block)
  • ရိုက် (သို့) ဒရိုက်ဖ် (drive)
  • တွန်း (သို့) မ (push)
  • မြှင့် (သို့) လော့ဘ် (lob)
  • ဆွဲ (သို့) စမက်ရှ် (smash)
  • လု(ပ်) (loop)
  • ခုတ် (သို့) ချော့ပ် (chop)
  • ဖလစ် (flip)

လည်ဘောပုံစံများနှင့် ၎င်းတို့၏ အကျိုးသက်ရောက်မှုများ ပြင်ဆင်ရန်

ဘောလုံးကို လည်စေခြင်းသည် စားပွဲတင်တင်းနစ် ကစားကွက်ကို သိသိသာသာပြောင်းလဲစေနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ စားပွဲတင်တင်းနစ်ရိုက်ချက်အများစု သို့မဟုတ် စပေးဘောအများစုတွင် ဘောလည်ပတ်မှုပါဝင်သဖြင့် မည်သို့လည်ပတ်သည်ကို နားလည်ရန်အလွန်ပင် အရေးကြီးသည်။ ဤသို့ နားလည်မှသာ ကစားသမားတစ်ယောက်အနေဖြင့် မည်သို့လည်သောဘောကို မည်သို့တန်ပြန်ကာကွယ်ရမည်၊ မိမိကိုယ်တိုင် မည်သို့သော လည်ပတ်မှုကို ဖန်တီးကာ ကစားကွက်သာအောင် ပြုလုပ်ရမည်ကို သိနိုင်ပေမည်။[၁၈]

အောက်လည်ဘော(backspin) ပြင်ဆင်ရန်

 
အောက်လည်ဘော လမ်းကြောင်း အဆင့် ၄ ဆင့်
သွားသည့်လမ်းကြောင်းနှင့် ပြောင်းပြန်လည်နေသော ဘောလုံးကို အောက်လည်ဘောဟု ခေါ်ခြင်းဖြစ်သည်။ ဘောလုံး၏ အောက်ခြေကို ရိုက်တံရာဘာပြားဖြင့် ရှပ်ပွတ်ခြင်းဖြင့် ထိုသို့သော အောက်လည်ဘောကို ဖန်တီးနိုင်သည်။[၁၈]

အပေါ်လည်ဘော(topspin) ပြင်ဆင်ရန်

 
အပေါ်လည်ဘော လမ်းကြောင်း အဆင့် ၄ ဆင့်
သွားသည့်လမ်းကြောင်းအတိုင်းလည်နေသော ဘောလုံးကို အပေါ်လည်ဘောဟု ခေါ်ခြင်းဖြစ်သည်။ ဘောလုံး၏ အပေါ်ပိုင်းကို ရိုက်တံရာဘာပြားဖြင့် ရှပ်ပွတ်ခြင်းဖြင့် ထိုသို့သော အပေါ်လည်ဘောကို ဖန်တီးနိုင်သည်။

ဘေးလည်ဘော(sidespin) ပြင်ဆင်ရန်

စပေးဘောတွင် အောက်လည်ဘော သို့မဟုတ် အပေါ်လည်ဘောနှင့် ပေါင်းစပ်ပြီး အသုံးများသောဘောဖြစ်သည်။ ဘောလုံး၏ ဘေးကို ရိုက်တံရာဘာပြားဖြင့် ရှပ်ပွတ်ခြင်းဖြင့် ထိုသို့သော ဘေးလည်ဘောကို ဖန်တီးနိုင်သည်။ ညာဘေးလည်ဘောနှင့် ဘယ်ဘေးလည်ဘောဟူ၍ နှစ်မျိုးရှိသည်။

ထူးခြားထင်ရှားသော ကစားသမားများ ပြင်ဆင်ရန်

တရားဝင် ထူးခြားထင်ရှားသူဂုဏ်ပြုခန်းမ (ITTF Hall of Fame)ကို ITTF ပြတိုက်တွင်တွေ့နိုင်သည်။[၁၉] အားကစားသမားတစ်ယောက်သည် အိုလံပစ်ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲ (WTTC)နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲအားလုံးတွင် ရွှေတံဆိပ်ရရှိမှသာ သူ့ကို စားပွဲတင်တင်းနစ်တံခွန်စိုက်ဆုရှင် (Grand Slam)ဟု ပြောနိုင်သည်။[၂၀] ဆွီဒင်နိုင်ငံကိုယ်စားပြု Jan-Ove Waldnerသည် ၁၉၉၂ အိုလံပစ်တွင် ရွှေတံဆိပ်ရရှိခဲ့ပြီး ပထမဆုံး စားပွဲတင်တင်းနစ်တံခွန်စိုက်ဆုရှင်စာရင်း ဝင်ခဲ့သည်။ တရုတ်နိုင်ငံကိုယ်စားပြု Deng Yapingသည် ၁၉၉၆-ခုနှစ်တွင် ပထမဆုံးကျင်းပသော အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိကာ၊ ပထမဆုံး အမျိုးသမီး စားပွဲတင်တင်းနစ်တံခွန်စိုက်ဆုရှင်စာရင်းဝင်သူ ဖြစ်လာခဲ့သည်။ စားပွဲတင်တင်းနစ်တံခွန်စိုက်ဆုရှင်များစာရင်း အပြည့်အစုံကို အောက်တွင် ဖော်ပြထားသည့်ဇယားတွင် တွေ့နိုင်သည်။

အမည် ကျား/မ ကိုယ်စားပြုနိုင်ငံ အနိုင်ရသည့် အကြိမ်များ
အိုလံပစ် ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲ (WTTC) ကမ္ဘာ့ဖလား
Jan-Ove Waldner ကျား   ဆွီဒင်နိုင်ငံ 1 (1992) 2 (1989, 1997) 1 (1990) [၂၁]
Deng Yaping   တရုတ်နိုင်ငံ 2 (1992, 1996) 3 (1991, 1995, 1997) 1 (1996) [၂၂]
Liu Guoliang ကျား   တရုတ်နိုင်ငံ 1 (1996) 1 (1999) 1 (1996) [၂၃]
Kong Linghui ကျား   တရုတ်နိုင်ငံ 1 (2000) 1 (1995) 1 (1995) [၂၄]
Wang Nan   တရုတ်နိုင်ငံ 1 (2000) 3 (1999, 2001, 2003) 4 (1997, 1998, 2003, 2007) [၂၅]
Zhang Yining   တရုတ်နိုင်ငံ 2 (2004, 2008) 2 (2005, 2009) 4 (2001, 2002, 2004, 2005) [၂၆]
ကျန်းကျိခဲ (Zhang Jike) ကျား   တရုတ်နိုင်ငံ 1 (2012) 2 (2011, 2013) 2 (2011, 2014) [၂၇]
Li Xiaoxia   တရုတ်နိုင်ငံ 1 (2012) 1 (2013) 1 (2008) [၂၈]
တင်းနင် (Ding Ning)   တရုတ်နိုင်ငံ 1 (2016) 3 (2011, 2015, 2017) 2 (2011, 2014) [၂၉]
မာလုံ (Ma Long) ကျား   တရုတ်နိုင်ငံ 2(2016,2020) 3 (2015, 2017, 2019) 2 (2012, 2015)

ပြင်သစ်နိုင်ငံကိုယ်စားပြု Jean-Philippe Gatienနှင့် တရုတ်နိုင်ငံကိုယ်စားပြု Wang Haoတို့သည် ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲများနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရဖူးသော်လည်း၊ အိုလံပစ်တွင် ငွေတံဆိပ်ဖြစ်သာ ကျေနပ်ခဲ့ရသူများဖြစ်သည်။ ဆွီဒင်နိုင်ငံကိုယ်စားပြု Jörgen Perssonသည်လည်း ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲများနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရဖူးသော်လည်း၊ အိုလံပစ်တွင် ဆုတံဆိပ်များနှင့် လွဲခဲ့သည်။ တရုတ်နိုင်ငံကိုယ်စားပြု Ma Linသည် အိုလံပစ် ရွှေတံဆိပ်နှင့် ကမ္ဘာ့ဖလားရွှေတံဆိပ်ရဖူးသော်လည်း၊ (၁၉၉၉၊ ၂၀၀၅နှင့် ၂၀၀၇)တို့တွင် ကျင်းပသော ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲများ၌ သုံးကြိမ်တိုင်တိုင် ငွေတံဆိပ်ဖြစ်သာ ကျေနပ်ခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Letts၊ Greg။ A Brief History of Table Tennis/Ping-PongAbout.com။ The New York Times Company။ 2011-05-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-29 တွင် ပြန်စစ်ပြီး။
  2. Member Associations။ ITTF။ 2017-08-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-06-25 တွင် ပြန်စစ်ပြီး။
  3. ITTF Handbook Release 1. 1-JAN-2020.။ 2020-06-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-06-27 တွင် ပြန်စစ်ပြီး။
  4. Hurt III၊ Harry (2008-04-05)။ Ping-Pong as Mind Game (Although a Good Topspin Helps)The New York Times။ 2011-06-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-28 တွင် ပြန်စစ်ပြီး။
  5. [https://www.washingtonpost.com/sports/table-tennis-pingpong-or-whiff-whaff-victorian-parlor-game-returns-home-for-london-olympics/2012/07/27/gJQAXnpmDX_story.html WashingtonPost.com.] Accessed 2 August 2012. Archived 3 January 2019 at the Wayback Machine.
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ [https://web.archive.org/web/20150313051738/http://www.ittf.com/museum/history.html A Comprehensive History of Table Tennis]။ www.ittf.com။ ITTF။ 13 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2010 တွင် ပြန်စစ်ပြီး။
  7. Dean R. Karau (August 2008)။ Are There Any Trademark Rights Left In The Term Ping-Pong?။ Fredrikson & Byron, P.A.။ 2011-05-30 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. Clemett၊ Colin။ Evolution of the Laws of Table Tennis and the Regulations for International Competitions (PDF)။ ITTF Museum။ ITTF။ 31 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2010 တွင် ပြန်စစ်ပြီး။
  9. "Bigger ball after Olympics"၊ 24 February 2000၊ စာ- 39။ Archived from the original on 22 December 2015။ 
  10. Board of Directors Passes Use of 40mm Ball။ USA Table Tennis။ 19 June 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2010 တွင် ပြန်စစ်ပြီး။
  11. "Sport takes plunge with new rule"၊ 27 April 2001၊ စာ- 40။ 13 December 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 22 December 2015။ 
  12. 2020ITTFHandbook_v1.pdf။ 2020-08-01 တွင် ပြန်စစ်ပြီး။
  13. BOARD OF DIRECTORS MEETING (PDF)။ ITTF။ 11 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2014 တွင် ပြန်စစ်ပြီး။
  14. What Are the Origins of Table Tennis?။ 10 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2010 တွင် ပြန်စစ်ပြီး။
  15. McAfee၊ Richard (2009)။ Table Tennis Steps to Success။ Human Kinetics။ pp. 1ISBN 0-7360-7731-6
  16. ၁၆.၀ ၁၆.၁ ၁၆.၂ Table Tennis Grip Types: Pros and Cons - PongBoss (2017-06-21)။ 2020-07-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-07-08 တွင် ပြန်စစ်ပြီး။
  17. ၁၇.၀ ၁၇.၁ Russell Moore (1 October 2010)။ Coaching – Grip & Ready Position။ 6 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2019 တွင် ပြန်စစ်ပြီး။
  18. ၁၈.၀ ၁၈.၁ Hodges၊ Larry (1993)။ Table Tennis: Steps to Success။ Human Kinetics။ p. pp. 20။ ISBN 0-87322-403-5CS1 maint: ref=harv (link) CS1 maint: extra text (link)
  19. ITTF Hall of Fame (PDF)။ www.ittf.com။ ITTF။ 27 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 July 2010 တွင် ပြန်စစ်ပြီး။
  20. Cao Jianjie (13 December 2003)။ Liu Guoliang needs to prove he is good as coach။ ITTF။ 18 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  21. Jan-Ove Waldner's results of tournaments။ ITTF။ 11 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  22. Deng Yaping's results of tournaments။ ITTF။ 26 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  23. Liu Guoliang's results of tournaments။ ITTF။ 26 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  24. Kong Linghui's results of tournaments။ ITTF။ 26 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  25. Wang Nan's results of tournaments။ ITTF။ 26 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  26. Zhang Yining's results of tournaments။ ITTF။ 26 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  27. Zhang Jike's results of tournaments။ ITTF။ 26 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  28. Li Xiaoxia's results of tournaments။ ITTF။ 26 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2010 တွင် ပြန်စစ်ပြီး။
  29. Ding Ning's results of tournaments။ ITTF။ 26 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 August 2016 တွင် ပြန်စစ်ပြီး။