စိုက်ပျိုးရေး သုတေသန ဦးစီးဌာန
စိုက်ပျိုးရေးသုတေသန ဦးစီးဌာန (အင်္ဂလိပ်: Department of Agricultural Research) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် |
|
ယခင်အဖွဲ့အစည်း | စိုက်ပျိုးခြင်းသုတေသနဗိမာန် |
ဝန်ကြီးများ | ဦးမင်းနောင် |
မိခင်အဖွဲ့အစည်း | စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | moali.gov.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်စိုက်ပျိုးရေးသုတေသနဌာနကို ၁၉၅၄ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့မှစတင်၍ စိုက်ပျိုးရေး သုတေသနဗိမ္မာန်အဖြစ် ဌာနခွဲ(၅)ခု-အုပ်ချုပ်ရေးဌာနခွဲ၊စိုက်ပျိုးရေးဌာနခွဲ၊စိုက်ပျိုးရေးဓာတုဗေဒဌာနခွဲ၊ပိုးမွှားဌာနခွဲနှင့် အပင်ရောဂါဌာနခွဲတို့ဖြင့် အရာထမ်း (၁၆)ဦး၊ အမှုထမ်း(၉၉)ဦးတို့ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ဆန်စပါးသုတေသနလုပ်ငန်းများကို သီးနှံဌာနစိတ်မှ ပြည်တွင်း ပြည်ပစပါးမျိုးများ ယှဉ်ပြိုင်ခြင်းနှင့် စိုက်ပျိုးနည်းစနစ်ဆိုင်ရာ စမ်းသပ်မှုများကိုလည်းကောင်း၊ ရုက္ခဗေဒဌာနစိတ်မှ စပါးမျိုးကူးစပ်မွေးမြူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ရာကျော်-၁၊ရာကျော်-၂ နှင့် စီ ၄-၆၃ စပါးမျိုးများသည် ထိုကာလ၏ သုတေသနရလဒ်များပင်ဖြစ်ပါသည်။ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင်စတင်တည်ထောင်ထားသဖြင့် စပါးတစ်မျိုး တည်းကိုသာ သုတေသနပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများက စပါးအပြင်ယာသီးနှံများကိုပါသုတေသနပြုလုပ်သင့်ကြောင်းသဘောပေါက်ကြသဖြင့် အထက်မြန်မာနိုင်ငံတွင် သီးနှံစုံဖြင့် သင့်လျော်မည့်နေရာကိုရွေးချယ်ရာမှ ပထမတွင် ကျောက်ဆည် ခရိုင်အားရည်ရွယ်ခဲ့သော်လည်း အပူပိုင်းဇုံတွင် ကျရောက်နေသဖြင့် အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံ ဆက်စပ်ရာဝန်းကျင် ဖြစ်သော မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ်၊ ရေဆင်းနယ်မြေအား ရွေးချယ်လိုက်ပါသည်။ပထမဦးစွာ ၁၉၇၁ခုနှစ်တွင် ကြို့ကုန်းမှ ရေဆင်းသို့စတင်ပြောင်းရွေ့ပြီး၊ စတင်ပြောင်းရွေ့သော ၂-၃ နှစ်အတွင်း တစ်ဧကလျှင် စပါး ၂၆-၃၀ တင်းမျှသာထွက်ရှိသည်။၁၉၇၃ ခုနှစ်တွင် ဆန်စပါးဌာနစိတ်ပြောင်းရွေ့လာပြီး စပါးစမ်းသပ်ကွက်များစတင်စိုက် ပျိုးစမ်းသပ်ခဲ့ပါသည်။ဆန်စပါးသုတေသနလုပ်ငန်းများမှာ မျိုးကူးစပ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ စမ်း သပ်ခြင်း၊ ပြည်တွင်းစပါးမျိုးများစုဆောင်းခြင်းနှင့်အခြေခံမျိုးအဆင့်(၁)ပွားများခြင်းလုပ်ငန်းများပါဝင် သည်။ ကြို့ကုန်းတွင်မျိုးကူးစပ်၍ရရှိခဲ့သောသားဆက်လိုင်းများကိုဆက်လက်ရွေးချယ်မှုများပြုလုပ်ခဲ့ရာရွှေဝါထွန်းနှင့် စိန်တလေးစပါးမျိုးများ ရရှိခဲ့ပြီး စတင်ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင်FAO, UNDP အကူအညီဖြင့် စိုက်ပျိုးရေးသုတေသနဌာန တိုးချဲ့ရေးလေးနှစ်စီမံကိန်း(Strengthening of ARI)ဖြင့် သုတေသနလုပ်ငန်းများတိုးချဲ့ရေးများဆောင်ရွက်ခဲ့သည်။ထိုစီမံကိန်းတွင် စပါး၊ ဝါ၊ ဂုန်လျှော်၊ ပဲမျိုးစုံမျိုးကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းများနှင့်မြေယာပြုပြင်ရေး၊ ဝန်ထမ်းအင်အားတိုးချဲ့ခြင်းများ၊ကျွမ်းကျင်ပညာရှင်များအားပြည်ပမှငှားရမ်းဆောင်ရွက်ခြင်းများ၊လယ်ယာသုံးစက်ကိရိယာနှင့် ဓာတ်ခွဲခန်းပစ္စည်းဝယ်ယူဖြည့်တွင်းရေး၊ ပြည်ပသို့ ပညာသင်များစေလွှတ်ခြင်းများဆောင်ရွက်ခဲ့သည်။
အသစ်ဖွင့်လှစ်သောဌာနစိတ်များမှာ
- ပြောင်းဖူး နှင့်အခြားသီးနှံ
- ကြံဌာနစိတ်
- ပဲမျိုးစုံ
- ဂုန်လျှော်နှင့်ဝါ
- ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဌာနစိတ်
တို့ဖြစ်သည်။၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ စီမံကိန်းကာလအား ဒုတိယအကြိမ်အဖြစ်သီးနှံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Crop Development Project) အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။၁၉၇၆ခုနှစ်တွင် ဓာတုဗေဒဌာနစိတ်ကိုလည်းကောင်း၊ ၁၉၇၇-၁၉၇၈ ခုနှစ်တွင် ကိမိလနှင့်ရုက္ခဗေဒတို့အားလည်းကောင်းပြောင်းရွေ့ခဲ့သည်။၁၉၇၈ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အီရီ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (IRRI-Burma Cooperative Project) ဖြင့် စပါးမျိုးကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဒုတိယအကြိမ်စီမံကိန်းအား မြန်မာ-အီရီ သီးနှံပုံစံ စိုက် ပျိုးစနစ်သုတေသနစီမံကိန်းအမည်ဖြင့် ဆန်စပါးသုတေသနလုပ်ငန်းအပြင် စပါးအခြေခံသောသီးနှံပုံစံသုတေသနနှင့် အသေးစားလယ်ယာသုံးကိရိယာထုတ်လုပ်ရေးလုပ်ငန်းများပါဝင်သည်။
၁၉၈၇ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ သီးနှံတိရစ္ဆာန်မွေးမြူရေးသုတေသနစီမံကိန်း(Crop-Livestock Farming System)ကိုတတိယ အဆင့်အနေဖြင့်ဆောင်ရွက်ခဲ့သည်။၁၉၉၀ ပြည့်နှစ်တွင် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းခဲ့ပြီး စိုက်ပျိုးရေးအင်ဂျင်နီယာဌာန စိတ်နှင့် စိုက်ပျိုးရေးဘောဂဗေဒဌာနစိတ်၊အထက်မြန်မာနိုင်ငံနှင့်အောက်မြန်မာနိုင်ငံတို့တွင်ရှိသော သုတေသနခြံများကိုအုပ်ချုပ်ရန် ဒေသသုတေသနရုံးတို့ကိုလည်းကောင်း စတင် ဖွင့်လှစ်ခဲ့သည်။
၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခွင့်ရရှိခဲ့သည်။ ယခုအခါ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ သီးနှံဌာနခွဲ (၆)ခုဖြင့် ၎င်းဌာနခွဲ (၆)ခုအောက်တွင် သီးနှံဌာနနှင့်အထောက်အကူပြုဌာန(၁၇)ဌာနနှင့် စီမံခန့်ခွဲ ရေးဌာန၊ ငွေစာရင်းဌာန များဖြင့် ဖွဲ့စည်းထားပါသည်။ ယခုအခါ အပင်မျိုးသစ်များ အကာအကွယ်ပေးရေးလုပ်ငန်းစု၊ တောင် သူလယ်သမားရုပ်သံလွင့်လုပ်ငန်းစု၊ စိုက်ပျိုးရေးအဏုဇီဝဗေဒသုတေသနဌာနစု၊စပါးဇီဝဥယျာဉ် လုပ် ငန်းစု၊ ရိတ်သိမ်းချိန်လွန်နည်းပညာသုတေသနလုပ်ငန်းစုစသည့်လုပ်ငန်းစု၊ ဌာနစုအသစ်များဖွဲ့စည်းခဲ့ ပြီး ယခုအခါ သီးနှံဌာနနှင့်အထောက်အကူပြုဌာန (၂၁)ဌာနဖြင့် ဖွဲ့စည်းထားသည်။[၁]
စိုက်ပျိုးရေးသုတေသနဦးစီးဌာန သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ "စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး" ဦးတည်ချက်ကို အကောင်အထည်ဖော်နိုင် ရန်အတွက် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အဓိက သီးနှံများအတွက် မျိုးနှင့်နည်းပညာများကို ဖော်ထုတ်ရန် စိုက်ပျိုးရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျှော်မှန်းချက်၊ တာဝန်နှင့် ရည်ရွယ်ချက်များ သတ်မှတ်၍ ဆောင်ရွက်လျှက်ရှိသည်။ [၂]
ရည်ရွယ်ချက်
ပြင်ဆင်ရန်စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဒေသအလိုက်သင့်တော်သည့် အထွက်ကောင်းမျိုးများနှင့် စပ်မျိုး(Hybrid Variety) များ ဖော်ထုတ်ရန်။
- သီးနှံအလိုက်၊ ဒေသအလိုက်၊ အကျိုးအမြတ် အများဆုံးရရှိ၍ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်မည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံဗီဇမျိုးကွဲများ ထိန်းသိမ်းအသုံးချရန်နှင့် သီးနှံပုံစံများ ဖော်ထုတ်ရန်။
- အဆင့်မြင့်သိပ္ပံ နည်းပညာများနှင့် အပင်ဇီဝနည်းပညာ သုတေသန လုပ်ငန်း (Biotechnology Research)များ ဖွံ့ဖြိုးရန်။
- ဖော်ထုတ်ရရှိသော မျိုးနှင့် နည်းပညာများကို စိုက်ပျိုးသူများ လက်ဝယ်သို့ရောက်ရှိရေး ဆောင်ရွက်ရန်။
- လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်။
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ လက်အောက်ရှိ ဌာနခွဲများနှင့် ဌာနစုများမှာ အောက်ပါအတိုင်းဖြစ်သည်။[၃]
- စပါးနှင့်နှံစားသီးနှံဌာနခွဲ
- စပါးသီးနှံဌာနစု
- နှံစားသီးနှံဌာနစု
- ဆီထွက်သီးနှံနှင့်ပဲမျိုးစုံဌာနခွဲ
- ဆီထွက်သီးနှံဌာနစု
- ပဲမျိုးစုံဌာနစု
- စက်မှုကုန်ကြမ်းနှင့်ဟင်းသီးဟင်းရွက်သစ်သီးဝလံဌာနခွဲ
- စက်မှုကုန်ကြမ်းသီးနှံဌာနစု
- ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံဌာနစု
- မြေဆီလွှာ၊ ရေအသုံးချရေးနှင့်စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ
- မြေဆီလွှာဌာနစု
- ရေအသုံးချရေးသုတေသနဌာနစု
- စိုက်ပျိုးရေးအင်ဂျင်နီယာဌာနစု
- သီးနှံစိုက်ပျိုးရေးနှင့်လယ်ယာစီးပွားသုတေသနဌာနခွဲ
- သီးနှံစိုက်ပျိုးရေးစနစ်ဌာနစု
- လယ်ယာစီးပွားဌာနစု
- စာရင်းအင်းဌာနစု
- ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့်သီးနှံကာကွယ်ရေးသုတေသနဌာနခွဲ
- ဇီဝနည်းပညာဌာနစု
- မျိုးစေ့ဘဏ်ဌာနစု
- ပိုးမွှားဌာနစု
- အပင်ရောဂါဌာနစု
- စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဌာနခွဲ
- စီမံခန့်ခွဲရေးဌာနစု
- ငွေစာရင်းဌာနစု
- ပြည်ပဆက်သွယ်ရေးနှင့်စီမံကိန်းလုပ်ငန်းဌာနစု
- ဒေသသုတေသနဌာနစု
ကိုးကား
ပြင်ဆင်ရန်- ↑ "စိုက်ပျိုးရေးသုတေသန ဦးစီးဌာန"၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ Archived from the original on 24 September 2020။
- ↑ စိုက်ပျိုးရေးသုတေသနဦးစီးဌာန။ ၂၉ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မတ်လ ၂၀၁၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဌာနခွဲနှင့် ဌာနစုများ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]