ဘုရားရှင် ဝဇ္ဇီနိုင်ငံ၊ နာတိကရွာ အုတ်ကျောင်းတော်၌ သီတင်းသုံးတော်မူ နေစဉ် ညနေချမ်းအခါ၌ သုံးပါးတစ်စိတ်တည်းဖြစ်အောင် အညီအညွတ် နေထိုင်ကြသော “ဂေါသိင်္ဂ” အင်ကြင်းတော၌ သီတင်းသုံးနေထိုင်ကြသော အရှင်အနုရုဒ္ဓါ, အရှင်နန္ဒိယ, အရှင်ကိမိလတို့ထံ ကြွသွားတော်မူပြီး ဘုရားရှင်က မေးတော်မူသဖြင့် အရှင်မြတ်သုံးပါးတို့၏ အညီအညွတ်နေထိုင်လိုသောစိတ်ထား၊ အညီအညွတ် နေထိုင်ပြီး ပြုလုပ်ကြသောဆောင်ရွက်ချက်၊ အရိယာအဖြစ်သို့ ရောက်စေနိုင်သော ဉာဏ်အမြင်အထူး ရရှိကြပုံ, အနုပုဗ္ဗဝိဟာရသမာပတ်ဖြင့် နေကြပုံ၊ နိရောဓ သမာပတ်ဖြင့် နေကြပုံ၊ နိရောဓသမာပတ်ဖြင့် နေခြင်းထက် ကောင်းမြတ်သော နေခြင်း မရှိပုံ-တို့ကို အရှင်အနုရုဒ္ဓါထေရ်က ရှင်းလင်းလျှောက်ထားပါသည်။ ဘုရားရှင်က သာဓုခေါ်တော်မူပြီး ပြန်ကြွတော်မူပါသည်။

ဒီဃပရဇနနတ်က အရှင်မြတ်တို့ဂုဏ်သတင်းကို ကြွေးကြော်သဖြင့် အရှင်မြတ်သုံးပါးတို့၏ ဂုဏ်သတင်းသည် အကနိဋ္ဌဗြဟ္မာဘုံအထိ ပျံ့နှံ့သွားပုံ၊ ဒီဃပရဇန နတ်သား၏ မေးလျှောက်ချက်အရ “အရှင်မြတ်သုံးပါးတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲ့ကြသူများ အကျိုးစီးပွားချမ်းသာတို့ ရှည်မြင့်စွာဖြစ်နိုင်ပုံ၊ ဤအရှင်မြတ် သုံးပါးတို့သည် များစွာသော လူအပေါင်း၏ လောက၏အကျိုးစီးပွား များစွာဖြစ်ရန် ကျင့်ရာရောက်ကြပုံ၊ သတ္တလောကကို စောင့်ရှောက်ရာရောက်ပုံ၊ နတ်လူတို့ အကျိုး စီးပွားများရန် ကျင့်ကြပုံတို့ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ နာတိက(ဉာတိက)ရွာ ဂိဉ္ဇကာဝသထကျောင်းတော်, ဂေါသိင်္ဂအင်ကြင်းတောအကြောင်း၊ အရှင်မြတ်သုံးပါးတို့အကြောင်း၊ အရှင်မြတ်သုံးပါး တို့ထံ ကြွရောက်တော်မူခြင်းအကြောင်း၊ အတ္တကာမရူပ-ပုဒ်အဖွင့်၊ တောစောင့်နတ်၏ သဘောထား၊ အရှင်မြတ်သုံးပါး၏ မြတ်စွာဘုရားရှင်အား ဆက်ဆံကြပုံ၊ မေတ္တာ သုံးပါးအကြောင်း၊ သာမဂ္ဂီကာလ ရခဲပုံ၊ အရှင်မြတ်သုံးပါးတို့၏ နေ့စဉ် ဆက်ဆံပြုလုပ် မှု၊ ဒီဃပရဇနနတ်အကြောင်း-အစရှိသော အကျယ်ဖွင့်ဆိုချက်တို့ကို ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း မှတ်သားဖွယ်ရာ ဖွင့်ပြချက်များ ပါရှိပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၁၊၂၆၆-၂၇၂။ မ၊မြန်၊၁၊၂၇၄-၂၈၀။ မ၊ဋ္ဌ၊၂၊၁၃၈-၁၄၇၊ မ၊ဋီ၊၂၊၁၈၀-၁၈၅။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၄-မဟာယမကဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ