ဘုရားရှင် မာဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မောရနိဝါပ ပရိဗိုဇ်ကျောင်းတိုက်၌ သကုလုဒါယီပရိဗိုဇ်၏ လျှောက်ထား ချက်အရ ဧကန္တသုခလောက, ဧကန္တသုခလောကသို့ ရောက်ကြောင်း ပဋိပဒါ, ဗြဟ္မစရိယကို ကျင့်သုံးခြင်းကြောင့် အလွန်ထူးခြားမြင့်မြတ်သော အရဟတ္တဖိုလ်သို့ ဗုဒ္ဓသာဝကတို့ ရောက်ရှိကြပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ ဘုရားရှင်သည် ဆွမ်းခံချိန်စောနေသည့်အချိန်၌ ရံခါပရိဗိုဇ်တို့၏ ကျောင်းများသို့ ကြွတော်မူပုံ ပရိဗိုဇ်များက ဘုရားရှင်အား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပုံ၊ ပရိဗိုဇ်ပရိသတ်၏ အနေအထား၊ သကုလုဒါယီပရိဗိုဇ်က ပရိသတ်ကိုထိန်းသိမ်းပုံ၊ သကုလုဒါယီ ပရိဗိုဇ်က ပရိဗိုဇ်ပရိသတ်၏ မိမိအပေါ် ထားရှိသည့်သဘောထား၊ ဘုရားရှင်နှင့် တွေ့ဆုံရသည့်အခါ မိမိနှင့် ပရိဗိုဇ်ပရိသတ်၏လိုလားချက်၊ နိဂဏ္ဌနာဋပုတ္တ၏ ဂုဏ်ပုဒ်များနှင့် ဝန်ခံချက်၊ သကုလုဒါယီပရိဗိုဇ်၏ မေးမြန်းသော “ပုဗ္ဗန္တကထာ”ကို နိဂဏ္ဌနာဋပုတ္တ၏ ဖြေရှင်းချက်၊ ယင်းကိုမကျေနပ်သဖြင့် ဘုရားရှင်ကို သတိရပုံကို လျှောက်ထားပါသည်။ ဘုရားရှင်က “ပုဗ္ဗန္တ”ကို မေးလျှောက်သူအား ပုဗ္ဗေနိဝါသဉာဏကထာ ဖြင့်လည်းကောင်း၊ အပရန္တကို မေးလျှောက်သူအား ဒိဗ္ဗစက္ခုဉာဏကထာဖြင့် ဖြေကြားပုံ ကြောင်းကျိုးနှစ်ခု ဖြစ်ချုပ်မှု ဒေသနာတော် အကျဉ်းချုပ်ကို ဟောကြားတော်မူပါသည်။ သကုလုဒါယီပရိဗိုဇ်က မိမိသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်တို့ကို မရကြောင်း၊ ကြောင်းကျိုးနှစ်ဝ ဖြစ်ချုပ်နေမှုကိုလည်း အလွန်အမင်း မထင်မြင်ကြောင်းနှင့် မိမိဆရာ၏ဝါဒသည် “အယံပရမောဝဏ္ဏာ” ဖြစ်ကြောင်း၊ ပရမဝဏ္ဏထက်မြင့်မြတ်သော ပရမဝဏ္ဏမရှိသောကြောင့် ပရမဝဏ္ဏ ဖြစ်ကြောင်း လျှောက်ထားပါသည်။ ဘုရားရှင်က “ဇနပဒကလျာဏီ” ဥပမာဖြင့် ပရမဝဏ္ဏရှင်းပြချက်သည် မပီပြင်ကြောင်း မိန့်ကြားပါသည်။ သကုလုဒါယီပရိဗိုဇ်က မဏိဝေဠုရိယဥပမာဖြင့် ဝဏ္ဏအတ္တသည် အရောဂပရံ မရဏ-ဖြစ်ပုံကို လျှောက်ထားပါသည်။

ဘုရားရှင်က မဏိဝေဠုရိယအရောင်၊ ပိုးစုန်းကြူးအရောင်၊ ဆီမီးအရောင်၊ မီးပုံကြီးအရောင်၊ နက္ခတ်ကြယ်တာရာအရောင်၊ လရောင်၊ နေရောင်တို့ကို အဆင့်ဆင့် နှိုင်းယှဉ်ပြတော်မူ၍ လရောင် နေရောင်တို့ထက် ထွန်းလင်းတောက်ပသော နတ်, ဗြဟ္မာတို့၏ အရောင်ရှိသေးပုံကို မိန့်ကြားတော်မူပြီး ဥဒါယီ၏ ပရမဝဏ္ဏသည် ပိုးစုန်းကြူ၏ အရောင်အောက်ပင် ယုတ်ညံ့နေပုံကို မိန့်တော်မူရာ သကုလုဒါယီပရိဗိုဇ်က မိမိတို့၏ အာစရိယသည် ရိတ္တ, တုစ္ဆ, အပရဒ္ဓ ဖြစ်နေပါသည်ဟု လျှောက်ပါသည်။

ဘုရားရှင်၏ မေးမြန်းတော်မူချက်အရ သကုလုဒါယီပရိဗိုဇ်က မိမိတို့ ဆရာ၏ဝါဒ၌ ဧကန္တသုခလောကရှိပုံ၊ ဧကန္တသုခလောကသို့ ရောက်ကြောင်း ပဋိပဒါသည် ပါဏာတိပါတဝိရတီ၊ အဒိန္နာဒါနဝိရတီ၊ ကာမေသုမိစ္ဆာစာရဝိရတီ၊ မုသာဝါဒဝိရတီ၊ အညတရတပေါဂုဏ သမာဒါနဝတ္တနဖြစ်ပုံ၊ ထိုအာကာရဝတိ ပဋိပဒါကို ကျင့်သည့်အခါ ကိုယ်ခန္ဓာသည် သုခ ဒုက္ခဖြစ်ပုံ၊ မိမိတို့ ဆရာဝါဒသည် ရိတ္တ တုစ္ဆ အပရဒ္ဓ ဖြစ်ပုံကို ဘုရားရှင်၏ စိစစ်မေးမြန်းတော်မူချက်များကို ဖြေဆိုရင်း လျှောက်ထားပါသည်။

သကုလုဒါယီပရိဗိုဇ်က မေးလျှောက်သည့်အခါ ဘုရားရှင်က သာသနာတော်၌ ဧကန္တသုခလောကရှိပုံ၊ ပထမဈာန် ဒုတိယဈာန် တတိယဈာန်တို့သည် ဧကန္တသုခလောကသို့ရောက်နိုင်သော ပဋိပဒါဖြစ်ပုံ ထိုပဋိပဒါသည် ဧကန္တသုခ လောက သစ္ဆိကတမဟုတ်သေး၊ ဧကန္တသုခ လောကသစ္ဆိကိရိယာယ၏ အာကာရ ဝတီသာ ဖြစ်သေးပုံကို မိန့်တော်မူသည့်အခါ ပရိဗိုဇ်ပရိသတ်က “ဧတ္ထမယံ အနယာမ သာစရိယကာ၊ ဧတ္ထမယံ အနဿာမ သာစရိယကာ၊ နမယံ ဣတော ဘိယျော ဥတ္တရိတရံ ပဇာနာမ”ဟု ပဲ့တင်ထပ်အောင် အော်ဟစ်ပြောဆိုကြပုံ၊ သကုလုဒါယီပရိဗိုဇ်၏ ဆက်လက်မေးလျှောက်ချက်အရ စတုတ္ထဈာန်သည် ဧကန္တသုခ လောကသစ္ဆိကတဖြစ်ပုံ၊ ထိုဧကန္တသုခ လောကထက် ထူးကဲမွန်မြတ်သော အခြားဓမ္မတို့အတွက် ရဟန်းတော်များ ဗြဟ္မစရိယကို ကျင့်သုံးနေကြပုံကို “ဗုဒ္ဓဂုဏ်တော်ကိုးပါးနှင့်တကွ ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် စုတူပပါတဉာဏ် အာသဝက္ခယဉာဏ် သစ္စာလေးအင် သိမြင်ကြပုံ၊ အရဟတ္တဖိုလ်သို့ ရောက်ရှိပုံ၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ရန်အတွက် ရဟန်းတော်များ ငါဘုရားအထံတော်၌ ဗြဟ္မစရိယကို ကျင့်သုံးနေကြပုံ ဤတရားတို့သည် အလွန်ထူခြားမြင့်မြတ်သော တရားတို့ဖြစ်ပုံကို ဟောကြားတော်မူပါသည်။

သကုလုဒါယီပရိဗိုဇ် ဥပသကာအဖြစ်ခံယူပြီး ရဟန်းပြုလိုကြောင်း လျှောက်ထားသည့်အခါ ပရိဗိုဇ်ပရိသတ်က ဝိုင်းဝန်းတားမြစ်ကြပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဘုရားရှင်က တရားဟောတော်မူရန်အတွက် သကုလုဒါယီ ပရိဗိုဇ်အား တရားဟောရန်အကြောင်း လျှောက်ထား မိန့်ကြားပုံ၊ သကုလုဒါယီ ပရိဗိုဇ်က ဘုရားရှင်အား သတိရပုံ၊ သုကုသလပုဒ်အဖွင့်၊ ပုဗ္ဗေနိဝါသဉာဏ်ရသည့် ပုဂ္ဂိုလ်နှင့် မရသည့် ပုဂ္ဂိုလ်တို့ အခြေအနေ၊ သကုလုဒါယီ တရားမရနိုင်သော်လည်း နောင်အခါ အထောက်အပံ့ ဖြစ်နိုင်ပုံ ပံသုပိသာစကဝတ္ထု အပ္ပဋိဟီရကတံပုဒ်အဖွင့်၊ သုဘကိံဏှ ဗြဟ္မာလောကကို ပရမဝဏ္ဏဟု ယူဆပုံ၊ ဩသဓိတာရကာအဖွင့်၊ တပေါဂုဏအဖွင့်၊ ဧကန္တသုခ အာကာရဝတီ ပဋိပဒါကို မေးလျှောက်ခြင်းအကြောင်း၊ အနဿာမပုဒ်အဖွင့်နှင့် အဓိပ္ပါယ်၊ သစ္ဆိကိရိယာနှစ်မျိုးအဖွင့် သကုလုဒါယီပရိဗိုဇ် ဘုရားရှင်အထံတော်၌ ရဟန်းမဖြစ်ခြင်းအကြောင်း သကုလုဒါယီ ပရိဗိုဇ်အတွက် အနာဂတ်မျှော်မှန်းချက်၊ အသောကခေတ်၌ အဿဂုတ္တထေရ်ဖြစ် မေတ္တာဝိဟာရီ ဖြစ်ပုံတို့ကို ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၂၊၂၂၁-၂၃၀။ မ၊မြန်၊၂၊၂၃၃-၂၄၂၊ မ၊ဋ္ဌ၊၃၊၁၈၆-၁၉၀။ မ၊ဋီ၊၃၊၁၃၀-၂။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၃-ပရိဗ္ဗာဇကဝဂ်၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ