ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတော် မိဂါရ မာတုပြသာဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ မေးလျှောက်သဖြင့် သုညတ ဝိဟာရကို ဟောတော်မူသည့်သုတ်။

အရှင်အာနန္ဒာမထေရ်က သာကီဝင်မင်းတို့၏ နဂရကနိဂုံး၌ သီတင်းသုံးတော်မူစဉ်အခါက “အာနန္ဒာ ... ယခုအခါ၌ ငါဘုရားသည် သုညတာဝိဟာရဖြင့် များစွာနေတော်မူ၏” ဟုမိန့်ကြားတော်မူသည်ကို ကြားနာမှတ်သား ဆောင်ထားပါကြောင်း လျှောက်ထားသည်ကို အကြောင်းပြု၍ (မိဂါရမာတုပြသာဒ် သီတင်းသုံးတော်မူစဉ်) ယခုအခါ၌လည်း သုညတာဝိဟာရဖြင့် ကြိမ်ဖန်များစွာ သီတင်းသုံးတော်မူနေကြောင်းကို မိန့်ကြားတော်မူပြီး ဤမိဂါရမာတုပါသာဒသည် ဟတ္ထိ၊ ဂဝ၊ အဿ၊ ဝဠဝ၊ ဇာတရူပရဇတ၊ ဣတ္ထိပုရိသသန္နိပါတတို့မှ ကင်းဆိတ်ပုံ၊ ဂါမသညာ၊ မနုဿသညာတို့ကို နှလုံးမသွင်းဘဲ အရညသညာကို တည်ကြည် ငြိမ်သက်အောင် စွဲစွဲမြဲမြဲ သက်ဝင်ကြည်လင်အောင် နှလုံးသွင်းနေလျှင် ဂါမသညာ၊ မနုဿသညာတို့၌ ဖြစ်သော ပူပန်မှု(ကိလေသာ)များ မရှိတော့ကြောင်း ဂါမသညာ၊ မနုဿသညာတို့မှဆိတ်သုဉ်းပြီး အရညသညာ၌သာ စွဲစွဲမြဲမြဲတည်နေပုံ ဤအရည သညာသည် ငြိမ်သက်အေးချမ်း၏ဟုသိ၏။ ဤသို့ ထိုရဟန်းအား ဟုတ်မှန်သော ဖောက်ပြန်ခြင်းမရှိသော သုညတ ဖြစ်ပေါ်လာ၏။ ထို့အတူ ပထဝီသညာ၊ အာကာသာနဉ္စာယတနသညာ၊ ဝိညာဏဉ္စာယတနသညာ၊ အာကိဉ္စညာယတနသညာ၊ နေဝသညာနာသညာယတနသညာ အနိမိတ္တ(ဝိပဿနာစိတ္တ) စေတောသမာဓိ တစ်ပါးစီသောသညာတို့ကို အစဉ်အတိုင်း နှလုံးသွင်းပွားများလျှင် ရှေးရှေးသညာနှင့် တကွဖြစ်သော ကိလေသာပူပန်မှုတို့ ငြိမ်းပျောက်ပြီး ဟုတ်မှန်သော ဖောက်ပြန်ခြင်း မရှိသော သုညတဖြစ်လာသည်။ အနိမိတ္တ(ဝိပဿနာစိတ္တ) စေတောသမာဓိသည် ပြုပြင်ရ၊ စေ့ဆော်ရသော တရားဖြစ်၏၊ ထိုတရားသည် မမြဲ၊ ချုပ်ခြင်းသဘောရှိ၏ ဟု သိမြင်၏။ ထိုသိမြင်လာလျှင် စိတ်သည် ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ တို့မှလွတ်မြောက်ပုံ၊ လွတ်မြောက်ပြီဟု သိမြင်တတ်သော ပစ္စဝေက္ခဏာ ဉာဏ်ဖြစ်ပုံ။

ဤအရိယာမဂ်သညာ၊ အရိယာဖိုလ်သညာ၌ ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝကြောင့်ဖြစ်သော ပူပန်မှုမရှိတော့ပုံ၊ အရိယမဂ်သညာ၊ အရိယဖိုလ် သညာသည် ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝ မှဆိတ်သုဉ်းပုံကို သိမြင်ပုံ၊ ဤရူပကာယကိုသာ စွဲ၍ဖြစ်သော အာယတနခြောက်ပါးနှင့်စပ်သော ဇိဝိတိန္ဒြေ ဟူသော အကြောင်းကြောင့်ဖြစ်သော ဤမကင်းဆိတ်သည်၏ အဖြစ်သည်သာရှိ၏ဟု သိပုံ၊ ဤသို့လျှင် အနိမိတ္တအရိယမဂ္ဂဖလ စေတောသမာဓိသညာ၌ ပူပန်ခြင်းမှ ကင်းဆိတ်နေပုံကို အဖန်ဖန်ရှု၏။ ဤရူပကာယကိုသာ စွဲ၍ဖြစ်သော အာယတနခြောက်ပါးနှင့်စပ်သော ဇီဝိတိန္ဒြေဟူသော အကြောင်းကြောင့်ဖြစ်သော မကင်းဆိတ်သေးသော ပူပန်မှုထင်ရှားရှိနေသည်ကိုသိပုံ၊ ဤသို့လျှင် ဟုတ်မှန်သော သဘောရှိသော စင်ကြယ်သော အလွန် အတုမရှိမြတ်သော သုညတ ဖလသမာပတ်၏ ဖြစ်ပေါ်မှုသည်ဖြစ်၏။

အတိတ်ကာလ၌ ဗုဒ္ဓ, ဗုဒ္ဓသာဝက, သမဏဗြာဟ္မဏတို့သည် ပရိသုဒ္ဓ ပရမာနုတ္တရ သုညတအရိယဖလသမာပတ်ကိုသာ ပြည့်စုံစေ၍ နေခဲ့ကြကုန်ပြီး အနာဂတ်ကာလ၌ သမဏ၊ ဗြဟ္မဏတို့သည် ဤသုညတအရိယ ဖလသမာပတ်ကို ပြည့်စုံစေ၍ နေကြကုန်လိမ့်လတ္တံ့၊ ယခုပစ္စုပ္ပန်ကာလ၌ သမဏဗြာဟ္မဏတို့သည် ဤသုညတအရိယဖလ သမာပတ်ကို ပြည့်စုံစေ၍ နေကြကုန်၏။ အာနန္ဒာထို့ကြောင့် ပရိသုဒ္ဓ ပရမာနုတ္တရ သုညတအရိယဖလသမာပတ်ကို ပြည့်စုံစေ၍ နေကြကုန်တော့အံ့ဟု ကျင့်ရမည်ဟု ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ အရှင်အာနန္ဒာမထေရ်၏ နိဗ္ဗာနာရမ္မဏသုညတ ဖလသမာပတ်မှ ထခဲ့ပုံ၊ သုညတဖလသမာပတ္တိကထာ ဒေသနာတော်ကို ကြားနာ လိုခြင်းကြောင့် ဥပါယ်တမျဉ်းသုံး၍ လျှောက်ထားပုံ၊ အရှင်အာနန္ဒာမထေရ်၏ ဉာဏ်စွမ်းရည်၊ အရှင်အာနန္ဒာနှင့် တခြားပုဂ္ဂိုလ်များ၌ ဖြစ်တတ်သော သဘာဝ၊ သဝန၊ ဥဂ္ဂဟ၊ ကထနနှင့်ဆက်စပ်သော ပုဂ္ဂိုလ်သုံးမျိုးနှင့် အရှင်အာနန္ဒာ၊ မိဂါရ မာတုပါသာဒ၌ သုညတနှင့်အသုညတများ ဂါမသညာ၊ အရညသညာ၊ ပထဝီ သညာနှင့် ဆက်စပ်သော နှလုံးသွင်းမှု ဟုတ်-မဟုတ်သောသိမှတ်ဖွယ်၊ ဥသဘ သားရေနှင့် အခြားနွားတို့၏ သားရေ၊ အနိမိတ္တ စေတောသမာဓိအရ၊ အတီတ သမဏဗြဟ္မဏအရ၊ သုညတအရတို့ကိုဖွင့်ပြထားပါသည်။

ဋီကာ၌ သုညတဖလသမာပတ္တိအပ္ပေတွာပုဒ်ဖြင့် ပယ်အပ်သော ဝါဒ၊ သေက္ခပုဂ္ဂိုလ်တို့၏သုညတ၊ ဂါမ, မနုဿသဒ္ဒါတို့ဖြင့် ပေါင်းယူထားသော သညာများ၊ သုညတဖလသမာပတ္တိအရ ဗုဒ္ဓသာသနာရှိနေစဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ်များ မရှိသေးပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၃၊၁၄၇-၁၅၁။ မ၊မြန်၊၃၊၁၅၁-၆။ မ၊ဋ္ဌ၊၄၊၁၀၇-၁၁၀။ မ၊ဋီ၊၃၊၃၂၁-၃။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၃-သုညတဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ