ဆင်ပိုး (Weevil)
Temporal range: Middle Jurassic - Recent
Rhinotia sp. (Belidae)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Coleoptera
မျိုးစဉ်သေး: Polyphaga
Infraorder: Cucujiformia
Clade: Phytophaga
Superfamily: Curculionoidea
Latreille, 1802
မျိုးရင်းများ

ဆင်ပိုး (Weevil) သည် ပိုးတောင်မာဖြစ်သည်။ 'ရင်ခိုဖိုးရား'ခေါ် ဆင်ပိုးမျိုးရင်းတွင် ပိုးတောင်မာအငယ် စားမျိုးပေါင်း ၂၅ဝဝဝ ကျော်ရှိသည်။ ဤမျှများပြားသော ပိုးတောင်မာတို့အနက် လူကို ကောင်းကျိုးပေးသော အမျိုးတမျိုးမှ မပါရှိပေ။ စင်စစ်အားဖြင့်ကား လူတို့၏ အကျိုးကိုဖျက်ဆီးကာ အနှောင့်အယှက်အပေးဆုံး တိရစ္ဆာန်မျိုးပင်ဖြစ်သည်။ ဆင်ပိုးသည် သေးမွှားသော သတ္တဝါကလေးများ ဖြစ်ရာ၊ မျက်စိဖြင့် အလွယ်တကူ မမြင်နိုင် ပေ။ သို့သော် ဆင်ပိုးကို ခွဲခြားသိသာရန်လွယ်သည်။ ဦးခေါင်းသည် နှုတ်သီးကဲ့သို့ ရှည်လျားသည်။ အချို့အကောင်များတွင် တိုတုတ်သော ဦးခေါင်းရှိသည်။ သို့သော် 'ကာကူလီအွန်းနီဒီး' မျိုးရင်းဝင် ဆင်ပိုးအစစ်တွင် ဦးခေါင်းသည် ကိုယ်လုံးထက်ပင် ရှည်လျားတတ်သည်။ မွေးခါစဆင်ပိုးကလေးများသည် သစ်သီး အတွင်း၌နေ၍ အသားကိုစားကြသည်။ ဆင်ပိုးကလေးများရှိ သော သစ်သီးတို့သည် အများအားဖြင့် ရစရာမရှိအောင် ပျက်စီးသွားကြသည်။

ဆင်ပိုးကလေးများက သစ်သီးအတွင်းကို စားနေစဉ် ဆင်ပိုးကြီးများက သစ်ပင်၏ အစို့၊ အရွက်၊ အခေါက်တို့ကို စားတတ်ကြသည်။ သစ်ပင်၊ ချုံဖုတ်တို့ပေါ်တွင် ဆင်ပိုးတို့ ရာလိုက် ထောင်လိုက် ရှိနေစေကာမူ၊ ယင်းတို့ကို ရုတ်တရက် မမြင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဆင်ပိုးသည် ကိုယ်လုံးသေးငယ်ရုံမျှမက အရောင်မှာလည်း အပင်နှင့်ခွဲမရအောင်တူသောကြောင့်ဖြစ်သည်။ ဆင်ပိုး၏ အရောင်မှာ အစိမ်းပုပ်ရောင်၊ မီးခိုးရောင်၊ ချောကလက်ရောင်စသည်တို့ဖြစ်၏။

'ဗိုးဝီးဗဲ'ခေါ် ဝါသီးစားပိုးသည် အဖျက်ဆီး အသန်ဆုံးသော ဆင်ပိုးမျိုးဖြစ်၏။ ထိုပိုးသည် ၁/၅ လက်မ မျှသာရှိ၏။ ထိုပိုးတို့ကြောင့် ဝါပင်စိုက်ပျိုးသော တိုင်းပြည်များတွင် တစ်နှစ် တစ်နှစ်လျှင် ဝါပင်အမြောက်အမြား ပျက်စီးဆုံးပါးကြရ၏။ ဝါသီးစားပိုးသည် ဝါပင်၏ အဖူးအညှောင့်ထဲတွင် ဥ ဥသည်။ ဥမှ ပေါက် လာသော ဆင်ပိုးကလေးများသည် ဝါဖူးကို စားကြသည်။ မိခင် ဆင်ပိုးမများက ဝါသီးကိုစားကြသည်။ ဆင်ပိုးမျိုး မြောက်မြားစွာရှိရာ၊ ယင်းတို့ကို ဖျက်ဆီးလေ့ရှိသော အပင်အမည်နှင့်တွဲ၍ မှည့်ခေါ်တတ်ကြသည်။ ပမာအားဖြင့် ဆန်ပိုး၊ ပြောင်းပိုး စသည်တို့ဖြစ်သည်။ ထိုပိုးမျိုးတို့အပြင် သစ်ရွက်ကိုဖေါက်စားပြီးလျှင် ကျန်အရွက်ပိုင်းကိုလိပ်၍ တင် ထားသည်။ ထိုအလိပ်အတွင်း၌ ဥများကို ဥထားတတ်သည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)