ဆင်ပြောင်ကြီး အမြီးကျမှတစ်

ဆင်ပြောင်ကြီး အမြီးကျမှတစ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ဆင်ပြောင်ကြီး တစ်ကိုယ်လုံး လွတ်လွတ်ကျွတ်ကျွတ် ထွက်နိုင်ပြီး အမြီးကျမှ တစ်သည်ဆိုသကဲ့သို့ လုပ်ငန်းတစ်ခုကို ချောချောမောမော ဆောင်ရွက်လာပြီး နောက်ဆုံးကျမှ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ရသည်။ [၁]

ဝေဿဘူဘုရားလက်ထက်က ကုမာရကဿပမည်သော ရဟန်းတစ်ပါးသည် သူဌေးအိမ်မှ ဆွမ်းကျွေးပင့်ဖိတ်သဖြင့် ကြွရောက်ရာ သူဌေးသမီးကိုမြင်၍ တပ်မက်စွဲလမ်းစိတ်ဖြင့် မကျန်းမမာ ဖြစ်လေ၏။ ထိုအခါ သူဌေး၏စည်းစိမ်စောင့်နတ်သည် သူဌေးသမီးရုပ်ဟန်ကိုလည်းကောင်း၊ ရဟန်း၏ ဥယျာဉ်စောင့်နတ်သည် ဆင်၏အသွင် သဏ္ဌာန်ကိုလည်းကောင်း ဖန်ဆင်း၍ သူဌေးသမီးကို ဖမ်းမည့်ဟန်ဖြင့် ဆင်က လိုက်လေသည်။ သူဌေးသမီးလည်း ရဟန်း၏ ကျောင်းပေါ်သို့ တက်ပြေးကာ ရဟန်းအနီးရှိ ကရားသို့ ဝင်ပြေးလေသည်။ ဆင်လည်း ကရားတွင်းသို့ ဝင်လိုက်ရာ သူဌေးသမီးက ကရား၏နှုတ်သီးမှ ထွက်ပြေးလွတ်မြောက်သွားလေသည်။ ဆင်ကား ကရားနှုတ်သီးမှ ကိုယ်ခန္ဓာထွက်လာသော်လည်း အမြီးမှာမူ မထွက်နိုင်ဘဲ တစ်နေလေသည်။ ရဟန်းသည် ထိုအချင်းအရာကို မြင်ပြီး ငြိတွယ်ခြင်းသဘောကို ဆင်ခြင်မိသဖြင့် ရဟန္တာအဖြစ်သို့ ရောက်လေ၏။ [၂]

မူလရင်းမြစ် ပြင်ဆင်ရန်

  • "ပမာပုံမှီး၊ ဆင်ပြောင်ကြီး၊ အမြီးတွင်မှ၊ မကျပ်ရပါဘူး။" [၁၂၂၅-ခန့်] ပဒု။ ၉။
  • "သတ္တဝါပုံယင်၊ ဤလူရှင်တို့၊ ဆင်တစ်ကောင်ကြီး၊ အမြီးတွင်တစ်၊ ဟူတုံလစ်သို့၊" [၁၂၆၆] မဃ * ၁၂၉

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၀။
  2. သုဓမ္မစာရီဖြတ်ထုံး။ ၆။