ဆင်းရဲမွဲတေမှု သည် ပစ္စည်းဥစ္စာအနည်းငယ် သို့မဟုတ် ဝင်ငွေ အနည်းငယ်သာရှိသော အခြေအနေဖြစ်သည်။ ဆင်းရဲမွဲတေမှုကြောင့် အမျိုးမျိုး ကွဲပြားသော လူမှုရေး ၊ စီးပွားရေး နှင့် နိုင်ငံရေး အကြောင်းတရားနှင့် သက်ရောက်မှုများ ရှိနိုင်သည်။ [၁] စာရင်းအင်းပညာ သို့မဟုတ် ဘောဂဗေဒ အားဖြင့် ဆင်းရဲနွမ်းပါးမှုကို အကဲဖြတ်ရာတွင် အဓိက တိုင်းတာမှု နှစ်ခုရှိသည်။ လုံးဝဆင်းရဲနွမ်းပါးမှု ကို တိုင်းတာရာတွင် စားနပ်ရိက္ခာအဝတ်အစား နှင့် အမိုးအကာ များကဲ့သို့သော အခြေခံတစ်ကိုယ်ရည်လိုအပ်ချက်များ ပြည့်မီရန် လိုအပ်သော ဝင်ငွေနှင့် နှိုင်းယှဉ်ပါသည်။ [၂] နှိုင်းရဆင်းရဲမွဲတေမှု ကို တိုင်းတာရာတွင်မူ လူတစ်ဦးသည် တူညီသော နေရာနှင့် အချိန်ကာလ အပိုင်းအခြားတွင် ရှိနေသော အခြားသူများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး လူနေမှု အဆင့်အတန်း ပြည့်မီမှု ရှိမရှိကို နှိုင်းယှဉ်သည်။ ထို့ကြောင့် နှိုင်းရဆင်းရဲနွမ်းပါးမှု သည် နိုင်ငံတစ်ခုနှင့်တစ်ခု၊ သို့မဟုတ် လူ့အဖွဲ့အစည်း တစ်ခုမှ အခြားတစ်ခုသို့ ကွဲပြားစွာသတ်မှတ်သည်။ [၂]

ထိပ်ဆုံးဘယ်ဘက်မှ လက်ယာရစ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ အိမ်ခြေမဲ့တစ်ဦး၊ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် မသန်မစွန်းယောက်ျားတစ်ဦး တောင်းရမ်းနေပုံ၊ အိန္ဒိယနိုင်ငံ လက်ခနောင်းမြို့မှ အမှိုက်ကောက်သူများ၊ ကင်ညာနိုင်ငံ ဒါဒပ်မြို့ ဆေးခန်းတစ်ခုအနီးမှ အာဟာရချို့တဲ့နေသော ကလေးငယ်နှင့် သူ၏ မိခင်

စာရင်းအင်းအရမူ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်ရှိလူအများစုသည် ( ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း ဒေါ်လာဖြင့် ကြည့်ပါက) ၈၅% သည် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၃၀ အောက်ဖြင့် နေထိုင်ကြပြီး သုံးပုံနှစ်ပုံသည် တစ်ရက်လျှင် အမေရိကန် ၁၀ ဒေါ်လာ အောက်ဖြင့်နေထိုင်ကြကာ ၁၀%သည် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ၉၀ ဆင့် အောက် (အလွန်အမင်း ဆင်းရဲမွဲတေမှု) ဖြင့် နေထိုင်ကြသည်။[၃] ကမ္ဘာ့ဘဏ်အုပ်စု၏ အဆိုအရ ၂၀၂၀ ခုနှစ်တွင် ဆင်းရဲနွမ်းပါးသူ ၄၀ ရာခိုင်နှုန်းကျော်သည် ပဋိပက္ခဒဏ်ခံရသော နိုင်ငံများတွင် နေထိုင်ကြသည်။ [၄] နိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွေ့ကြုံနေရသည့်တိုင် အလယ်အလတ် ဝင်ငွေရှိသည့် နိုင်ငံများ၏ အဆင်းရဲဆုံး နိုင်ငံသားများသည် ဆင်းရဲတွင်းမှ လွတ်မြောက်ရန် ၎င်းတို့၏ နိုင်ငံများ၏ တိုးပွားလာသော ကြွယ်ဝမှုမှ လုံလောက်သော ဝေစုကို မရရှိကြပေ။ [၅] အစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ သည် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေး သို့မဟုတ် မြို့ပြများတွင် အိမ်ရာပထမမူဝါဒများ ကဲ့သို့သော ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးဆိုင်ရာ မတူညီသောမူဝါဒများနှင့် အစီအစဉ်များစွာကို စမ်းသပ်ခဲ့ကြသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် နိုင်ငံတကာ မူဝါဒ မူဘောင်များကို စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် အမှတ် (၁)- "ဆင်းရဲမွဲတေမှု မရှိစေရေး" တွင် အကျဉ်းချုပ် ဖော်ပြထားပါသည်။

လိင်ခွဲခြားမှု ၊ မသန်မစွမ်းမှု သို့မဟုတ် လူမျိုး သို့မဟုတ် လူမျိုးစုကဲ့သို့သော လူမှုရေးတွန်းအားများသည် ဆင်းရဲမွဲတေမှု ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်။ အမျိုးသမီးများ၊ ကလေးများ နှင့် လူနည်းစုများသည် ဆင်းရဲမွဲတေမှု၏ မညီမျှသော ဝန်ထုပ်ဝန်ပိုးကို မကြာခဏ ခံရလေ့ရှိသောကြောင့် ဖြစ်သည်။ ထို့ပြင် ဆင်းရဲနွမ်းပါးသူများသည် အခြားလူမှုရေးဆိုင်ရာ ပြဿနာများ၏ သက်ရောက်မှုများကြောင့် ပိုမို၍ ထိခိုက်စေနိုင်ပြီး စက်မှုလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ သို့မဟုတ် ရာသီဥတုပြောင်းလဲမှု သို့မဟုတ် အခြားသော သဘာဝဘေးအန္တရာယ်များ သို့မဟုတ် ပြင်းထန်သော ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များ ကဲ့သို့သော ပြဿနာများ ဖြစ်သည်။ ဆင်းရဲမွဲတေမှုသည် အခြားသော လူမှုရေးပြဿနာများကို ပိုမိုဆိုးရွား စေနိုင်သည်။ ဆင်းရဲနွမ်းပါးသော အသိုက်အဝန်းများ အပေါ် ကျရောက်သော စီးပွားရေးဖိအားများသည် သစ်တောပြုန်းတီးမှု ၊ ဇီဝမျိုးကွဲများဆုံးရှုံးခြင်း နှင့် လူမျိုးရေးပဋိပက္ခ များတွင် တစ်စိတ်တစ်ပိုင်း အဖြစ် မကြာခဏပါဝင်လေ့ရှိသည်။ ထို့ကြောင့်၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ နှင့် COVID-19 မှ အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးကဲ့သို့သော နိုင်ငံတကာမူဝါဒအစီအစဉ်များသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၏ အခြားလူမှုရေးပန်းတိုင်များနှင့် ချိတ်ဆက်မှုကို အလေးပေးထားသည်။ [၆]

ကိုးကား ပြင်ဆင်ရန်

  1. ending poverty
  2. ၂.၀ ၂.၁ Poverty | United Nations Educational, Scientific and Cultural Organization
  3. "Global Extreme Poverty" . 
  4. Fragile and Conflict-Affected Countries and Situations
  5. B. Milanovic, Global Inequality: A New Approach for the Age of Globalization (Harvard Univ. Press, 2016).
  6. dpicampaigns။ Goal 1: End poverty in all its forms everywhere (in en-US)။