ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (အင်္ဂလိပ်: Irrigation and Water Utilization Management Department) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁၉၁၇ (ဆည်​မြောင်းဌာနခွဲ)
  • ၁၉၂၉ (ဆည်​မြောင်းဌာန)
  • ၁၉၇၂ (ဆည်​မြောင်းဦးစီးဌာန)
  • ၁၆ ဇန်နဝါရီ ၂၀၁၅ (ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန)
ယခင်အဖွဲ့အစည်း
ဌာနချုပ်ရုံးအမှတ် (၃၆)၊ ​နေပြည်​တော်
ဝန်ကြီးများဦးမင်းနောင်
မိခင်အဖွဲ့အစည်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဝက်ဘ်ဆိုက်iwumd.gov.mm

သမိုင်း​ကြောင်း ပြင်ဆင်ရန်

ဦးစီးဌာန၏ နောက်ခံသမိုင်းမှာ မြန်မာနိုင်ငံရှိ ဆည်မြောင်းလုပ်ငန်းများအပေါ် အခြေခံ၍ အစဉ်တစိုက် ဖြစ်ပေါ်တိုးတက်ခဲ့ခြင်း ဖြစ်သည်။ သမိုင်း အထောက်အထားများအရ မြန်မာနိုင်ငံတွင် ဆည်မြောင်းလုပ်ငန်းများကို ပုဂံခေတ် မတိုင်မီ ပျူခေတ်ကတည်း ကပင်စတင်ခဲ့သည်။ မိတ္ထီလာကန်၊ ကျောက်ဆည်ဒေသမှ ကင်းတား၊ ငပြောင် စသည့် ရေလွှဲဆည်များနှင့် ရွှေဘိုဒေသမှ မူးတူးမြောင်းဟောင်း၊ မဟာနန္ဒာကန်စသည့် ဆည်မြောင်းများသည် ထင်ရှားသော သာဓကများ ဖြစ်သည်။ ကိုလိုနီခေတ် ၁၈၆၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအောက်ပိုင်း၌ ပြည်သူ့လုပ်ငန်းများ ထိန်းသိမ်း ခြင်းနှင့် တည်ဆောက်ခြင်း လုပ်ဆောင်ရန် ပြည်သူ့လုပ်ငန်းဌာနကို စတင်ဖွင့်လှစ်ခဲ့သည်။ ထိုဌာနကို အင်ဂျင်နီယာချုပ် တစ်ဦးတည်း ကသာ ဌာနအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ဆည်မြောင်းဌာနဟု သီးခြားမရှိခဲ့။ ပြည်သူ့လုပ်ငန်းဌာနကသာ ဆည်မြောင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် လမ်းအဆောက်အအုံများနှင့် ဆည်မြောင်းလုပ်ငန်းများမှာ တဖြည်းဖြည်းနှင့် တိုးတက်ကျယ်ပြန့်လာခဲ့ရာ ရွှေဘိုတူးမြောင်း၊ မန္တလေးတူးမြောင်းနှင့် မုန်း၊မန်း၊စလင်း တူးမြောင်းများကဲ့သို့ သော ဆည်မြောင်းသီးသန့်လုပ်ငန်းကြီးများ၊ ( ၁၈၈၁ ခုနှစ် မှ ၁၉၁၇ ခုနှစ် အထိ) ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ တာတမံများကဲ့သို့ တာတမံတည်ဆောက်ထိန်းသိမ်းခြင်းလုပ်ငန်းများ မြန်မာပြည်အနှံ့အပြားတွင် ပေါ်ပေါက် ခဲ့သည့်အပြင် ဆည်မြောင်းလုပ်ငန်းဆိုင်ရာ ပညာရပ်များဖြစ်သည့် ရေနှင့်သက်ဆိုင်သော ဇလဗေဒ သိပ္ပံ၊ ဟိုက်ဒရောလစ်သိပ္ပံနှင့်ဆည်မြောင်းအင်ဂျင်နီယာသိပ္ပံပညာရပ်များမှာ တစ်နေ့တစ်ခြားပိုမိုတိုးတက် ထွန်းကား ကျယ်ပြန့်လာခဲ့သည်။၁၉၁၇ခုနှစ်ခန့်တွင်ပြည်သူ့လုပ်ငန်းဌာနကိုအဆောက်အအုံနှင့်လမ်းဌာနခွဲ၊ဆည်မြောင်းဌာနခွဲ ဟူ၍ သီးခြားဌာနခွဲများ ဖွဲ့စည်းခဲ့ပြီး ဌာနခွဲတစ်ခုစီကို အင်ဂျင်နီယာချုပ်တစ်ဦးစီက အုပ်ချုပ်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ပြည်သူ့လုပ်ငန်းဌာနနှင့် ဆည်မြောင်းဌာနတို့သည် သီးခြားရုံးများ ဖွင့်လှစ်တည်ထောင်ကြ သဖြင့် ဆည်မြောင်းဌာနအနေနှင့် ထိုအချိန်မှစ၍ သီးသန့်ဌာနအဖြစ် ပေါ်ပေါက်ခဲ့သည်။

ပထမကမ္ဘာစစ်ကြီးပြီးစအချိန်ကာလတွင် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းပမာဏနှင့် လိုက်လျောညီစွာ ဆည်မြောင်းဌာနသည် အထက်မြန်မာပြည် ဆည်မြောင်းတိုင်း (၂) တိုင်းနှင့် အောက်မြန်မာ ပြည်ဆည်မြောင်းတိုင်း(၂)တိုင်း၊ စုစုပေါင်း(၄)တိုင်းအထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ၁၉၃၀ - ၁၉၃၁ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီး ဆိုက်ရောက်ချိန်၌ ကိုလိုနီစနစ်အုပ်ချုပ်မှု ယန္တရားအောက်တွင် ဆည်မြောင်း တိုင်း(၄)တိုင်းကို အထက်မြန်မာပြည်တွင် ဆည်မြောင်းတိုင်းဟူ၍လည်းကောင်း၊ အောက်မြန်မာ ပြည်တွင် မြစ်ဝကျွန်းပေါ်တိုင်းဟူ၍လည်းကောင်း၊တိုင်း(၂)တိုင်းထိလျော့ချပြီး စုစုပေါင်းဆည်မြောင်းခရိုင် ( ၉ ) ခရိုင် ဖြင့် ဆည်မြောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။        ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံမှ ဗြိတိသျှတို့ ဆုတ်ခွာသွားစဉ် မြန်မာအစိုးရ အဖွဲ့ကို အိန္ဒိယတွင်ထားရှိချိန်၌ ဆည်မြောင်းဌာနခွဲကို လယ်ယာနှင့် ကျေးလက်စီးပွားရေးဌာနအောက်တွင် ထားရှိခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ကချင်၊ ကယားနှင့် ရှမ်းပြည်နယ်များရှိ ဆည်မြောင်းလုပ်ငန်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများကို ဆည်မြောင်းဌာနအောက်သို့ လွှဲပြောင်းပေးပြီး လုပ်ငန်းများကို လုပ်ဆောင် စေခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် လယ်ယာလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လက်ရှိ ဆည်မြောင်း တာတမံများကို ပြုပြင်ထိန်းသိမ်းခြင်းသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လုပ်ငန်းသစ်များကိုလည်း စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်စေသဖြင့် ဆည်မြောင်းဌာန၏ ဝန်ထမ်း အင်အားကိုလည်း တိုးချဲ့ခဲ့သည်။

၁၉၇၂ ခုနှစ်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ နှင့်ကော်ပို ရေးရှင်းများကို ပြန်လည်ဖွဲ့စည်းရာ၌ မြေယာကျေးလက်တိုးတက်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းနှင့် လယ်ယာမြေ တိုးချဲ့ရေးဌာနစုကို ဆည်မြောင်းဌာနခွဲနှင့် ပူးပေါင်းဖွဲ့စည်းပြီး ဆည်မြောင်းဦးစီးဌာနဟု အမည်ပေး၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၁၉၈၃ ခုနှစ်၊ မေလ ( ၁၅ ) ရက်နေ့တွင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာနကို လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂) ခုခွဲကာ ဖွဲ့စည်းခဲ့သည်။ ၁၉၉၂ ခုနှစ်၊ မတ်လ ( ၅ )ရက်နေ့တွင် နိုင်ငံတော်၏ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လယ်ယာနှင့်သစ်တော ဝန်ကြီးဌာနကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် သစ်တောရေးရာဝန်ကြီးဌာနဟူ၍ ခွဲခြား ဖွဲ့စည်းခဲ့သည်။  ထို့နောက် ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ ( ၇ ) ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာနအဖြစ် ဌာနပေါင်း (၁၁) ခု ဖြင့်ပြန်လည်ဖွဲ့စည်းခဲ့သည်။လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတွင်ဆည်မြောင်းဦးစီးဌာနသည် ဝန်ထမ်းအင်အားအများဆုံးဖြင့် ဖွဲ့စည်းထားပြီး လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အဓိကဦးဆောင်၍ အရေးပါသောဌာနတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ဆည်မြောင်းဦးစီးဌာန(ရုံးချုပ်)တွင် စီမံရေးရာဌာနခွဲ၊ စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ၊ ဖြည့်တင်း ရေးဌာနခွဲ၊ ငွေစာရင်းဌာနခွဲ၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ လုပ်ငန်းစစ်ဆေးရေးဌာနခွဲဟူ၍ အဓိကဌာနခွဲ ( ၆ ) ခု နှင့် စူးစမ်းလေ့လာတိုင်းတာလေ့ကျင့်ရေး ဌာနခွဲများဖြစ်သည့် ဆည်မြောင်း ပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ၊ ဘူမိဗေဒဌာနခွဲ၊ ဇလဗေဒဌာနခွဲ၊ စူးစမ်းလေ့လာရေးဌာနခွဲ၊ လွန်တူးနှင့်မိုင်း ဌာနခွဲ၊ရေအားလျှပ်စစ်ဌာနခွဲ စသည့်ဆက်စပ်ဌာနခွဲ(၇)ခုဖြင့် ဖွဲ့စည်းထားရှိပြီး ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် ဆည်မြောင်းဦးစီး ဌာန၏ လုပ်ငန်းတာဝန်များကို ဆောင် ရွက်လျက်ရှိသည်။

၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ( ၁၅ )ရက်တွင်   လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အုပ်ချုပ်မှုအောက်၌ ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ဌာန (၂) ခုတို့ကို ပူးပေါင်း၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ထို့နောက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ( ၁ )ရက်နေ့ မှစတင်၍ ယခင် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအား သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းလျက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ဝန်ကြီးရုံး(၃)ရုံးအားဝန်ကြီးရုံး(၁)ရုံးအဖြစ် ပြင်ဆင် ဖွဲ့စည်းပြီး ဝန်ကြီးရုံးအောက်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အပါအဝင်ဌာန(၁၂) ခု ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ရုံးချုပ် ပြင်ဆင်ရန်

  • စီမံ​ရေးရာဌာနခွဲ
  • စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ
  • ဖြည့်တင်း​ရေးဌာနခွဲ
  • ​ငွေစာရင်းဌာနခွဲ
  • ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ
  • လုပ်ငန်း၊စစ်​ဆေး​ရေးဌာနခွဲ
  • ဆည်မြောင်းပညာနှင့် ဖွံ့ဖြိုး​ရေးဌာနခွဲ
  • စူးစမ်း​လေ့လာ​ရေးဌာနခွဲ
  • ဘူမိ​ဗေဒဌာနခွဲ
  • ဇလ​ဗေဒဌာနခွဲ
  • လွန်တူးနှင့်မိုင်းဌာနခွဲ
  • ​ရေအားလျှပ်စစ်ဌာနခွဲ
  • တည်​ဆောက်​ရေးရုံး၉ရုံး

​ရေအရင်းအမြစ် ပြင်ဆင်ရန်

  • စီမံ​ရေးရာ၊​ငွေစာရင်း၊စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ
  • ​မြေ​အောက်​ရေဌာနခွဲ
  • စက်မှုနှင့်လျှပ်စစ်ဌာနခွဲ
  • စက်မှုနှင့်လျှပ်စစ်ဌာနခွဲ
  • ဖြည့်တင်း​ရေးဌာနခွဲ

အခြား ပြင်ဆင်ရန်

  • ပြည်နယ်/တိုင်းရုံး ၁၇ရုံး
  • စက်မှုဌာနခွဲ/စက်မှုတိုင်း ၅ခု

ကိုးကား ပြင်ဆင်ရန်

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ Archived 14 March 2021 at the Wayback Machine. ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း Archived 14 March 2021 at the Wayback Machine.