ဆဗ္ဗဂ္ဂီ
[၁] ၆-ပါးအစု၊ အပေါင်း၊ အသင်း၌ဖြစ်သော၊ ဆဗ္ဗဂ္ဂီမည်သောသူ။
(က) အရှင်ပဏ္ဍုက၊ အရှင်လောဟိတက၊ အရှင်မေတ္တိယ၊ အရှင်ဘူမဇက၊ အရှင်အဿဇိ၊ အရှင်ပုနဗ္ဗသုက ဟူသော ဂိုဏ်းဆရာ ၆-ပါးနှင့် ထိုပုဂ္ဂိုလ်တို့၏ တပည့်၊ တပည့်မများ။ [၂][၃]
(ခ) မြတ်စွာဘုရား၊ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ၊ အရှင်အဿဇိ။ [၄]
သူငယ်ချင်း ၆-ယောက်
ပြင်ဆင်ရန်သာဝတ္ထိပြည်၌ သူငယ်ချင်း ၆-ယောက်တို့သည် "လယ်လုပ်မှု စသည်တို့သည် ပြုရန်ခဲယဉ်းသော အမှုကိစ္စများဖြစ်ပေသည်။ ယခု ငါတို့သည် ကောင်းစွာရဟန်းပြုကြပါစို့၊ ရဟန်းပြုကြလျှင်လည်း တစ်စုံတရာ အမှုကိစ္စဖြစ်ပေါ်လျှင် ထုတ်ဆောင်ကယ်တင်နိုင်မည့်သူထံ၌ ရဟန်းပြုသင့်သည်။" ဟု သဘောတူ တိုင်ပင်ပြီးလျှင် အဂ္ဂသာဝက (အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်) ၂-ပါးတို့ထံ၌ ရဟန်းပြု ကြလေသည်။ ထိုသူငယ်ချင်း ၆-ယောက်တို့သည် ၅-ဝါရ၍ ဒွေမာတိကာ (ဘိက္ခုပါတိမောက်၊ ဘိက္ခုနီပါတိမောက်)ကို အဝါးဝစ္စာ လေ့လာပြီးလျှင် "ဇနပုဒ်မည်သည် ရံခါ သာယာဝပြော၏၊ ရံခါ ငတ်မွတ်ခေါင်းပါး၏၊ ငါတို့ ၆-ယောက်သည် တစ်နေရာတည်း၌ မနေဘဲ သုံးနေရာခွဲ၍ နေကြစို့ဟု တိုင်ပင်ကြကုန်၏။" [၃]
ပဏ္ဍုကနှင့် လောဟိတက
ပြင်ဆင်ရန်ထိုသို့ တိုင်ပင်ကြပြီးနောက် ပဏ္ဍုကနှင့် လောဟိတကတို့ကို "ငါ့ရှင်တို့ သာဝတ္ထိမည်သည် ငါးဆယ့်ခုနစ်သိန်းသောအမျိုးတို့ စွဲမှီနေထိုင်ရာဖြစ်သည်။ ရှစ်သောင်းသော ရွာတို့ဖြင့် တန်းဆာဆင်အပ်သည်။ ယူဇနာသုံးရာရှိသော ကာသိတိုင်း၊ ကောသလတိုင်းတို့၏ အခွန်အတုတ်ဝင်ရာဖြစ်သည်။ ထိုသာဝတ္ထိမြို့၌ အသင် ပဏ္ဍုက၊ လောဟိတကတို့၏ အနီးအရပ်ဝယ် ပရိဝုဏ်(ကျောင်းတိုက်)တို့ကို ဆောက်လုပ်စေပြီး သရက်ပင်၊ ပိန္နဲပင်၊ အုန်းပင် စသည်တို့ကို စိုက်ပျိုး၍ ထိုသစ်သီးတို့ဖြင့် လာလာသမျှ အမျိုးတို့ကို သိမ်းသွင်းကာ အမျိုးသားငယ်တို့ကို ရှင်ရဟန်းပြုပေးပြီးလျှင် ပရိသတ်ကို တိုးပွားအောင်လုပ်ကြပါ" ဟု ပြောဆိုကြကုန်၏။ [၅]
မေတ္တိယနှင့် သူမဇက
ပြင်ဆင်ရန်ထို့နောက် မေတ္တိယနှင့် သူမဇကတို့ကို "ငါ့ရှင်တို့ ရာဇဂြိုဟ်မြို့ မည်သည် တစ်ဆယ့်ရှစ်ကုဋေသော လူတို့၏နေရာ ဖြစ်သည်။ ရှစ်သောင်းသော ရွာတို့ဖြင့် တန်းဆာဆင်အပ်သည်။ ယူဇနာသုံးရာရှိသော အင်္ဂတိုင်း၊ မဂဓတိုင်းတို့၏ အခွန်အတုတ်ဝင်ရာ ဖြစ်သည်။ ထိုရာဇဂြိုဟ်မြို့၌ အသင် မေတ္တိယ၊ ဘူမဇကတို့သည် ဆိုခဲ့ပြီးသည့်အတိုင်း ပြုကျင့်၍ ပရိသတ်ကို တိုးပွားအောင်လုပ်ကြပါ”ဟု ပြောဆိုကြကုန်၏။[၆]
အဿဇိနှင့် ပုနဗ္ဗသုက
ပြင်ဆင်ရန်ထို့နောက် အဿဇိနှင့် ပုနဗ္ဗသုကတို့ကို “ငါ့ရှင်တို့ ကီဋာဂီရိဇနပုဒ်မည်သည် ၂-မျိုးသော မိုးတို့၏ ချီးမြှောက်မှုကို ခံရသည်။ ၃-မျိုးသော ကောက်တို့သည် အသီးသီးကြသည်။ ထိုကီဋာဂီရိ ဇနပုဒ်၌ အသင် အဿဇိနှင့် အသင် ပုနဗ္ဗသုကတို့သည် ရှေးကဆိုခဲ့ပြီးသည့်အတိုင်း ပြုကျင့်၍ ပရိသတ်ကို တိုးပွားအောင် ပြုလုပ်ကြပါ” ဟု ပြောဆိုကုန်၏။
ထိုရဟန်း ၆-ပါးတို့သည် တိုင်ပင်သည့်အတိုင်း ပြုလုပ်ကြလေသည်။ ထိုသုံးဖွဲ့တို့တွင် တစ်သင်းစီတစ်သင်းစီ၌ ငါးရာငါးရာသော အခြံအရံ ရဟန်းတို့ရှိကြလေသည်။ ဤသို့လျှင် ၆-ပါး အပိုအလွန်နှင့်တကွ တစ်ထောင့်ငါးရာသော ဆဗ္ဗဂ္ဂီရဟန်းများဖြစ်လာကြသည်။
ထိုရဟန်းတို့တွင် အခြံအရံနှင့်တကွသော ပဏ္ဍုက၊ လောဟိတကတို့သည်သာ သီလရှိသူများ ဖြစ်ကြသည်။ ဘုရားရှင်နှင့်အတူ ဒေသစာရီ ကြွချီရာသို့ လိုက်ပါကြကုန်၏။ ထိုပဏ္ဍုကနှင့် လောဟိတကတို့သည် မပြုအပ်သေးသော အကြောင်းဝတ္ထုကို မဖြစ်ပေါ်စေကြကုန်။ ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကိုကား မကျော်နင်း မလွန်ကျူးကြကုန်။
ပဏ္ဍုက၊ လောဟိတကမှ အခြားသော ဆဗ္ဗဂ္ဂီရဟန်း အားလုံးတို့သည် အလဇ္ဇီ(မကောင်းမှုမှ မရှက်သူ)များသာ ဖြစ်ကြသည်။ မပြုအပ်သေးသော အကြောင်း ဝတ္ထုကိုလည်း ဖြစ်ပေါ်စေကြသည်၊ ပညတ် အပ်ပြီးသော သိက္ခာပုဒ်ကိုလည်း ကျော်နင်း ကျူးလွန်ကြလေသည်။ [၇]
ထိုဆဗ္ဗဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား ဝါတော် ၂၀လွန်မှ ဖြစ်ပေါ်လာကြသည်။ ထို့ကြောင့် မြတ်စွာဘုရား၏ ဝိနည်းပညတ်ချက်များသည် ဝါတော် ၂၀အလွန် ဆဗ္ဗဂ္ဂီရဟန်းများ သာသနာအတွင်း ရောက်ရှိလာမှ ဖြစ်ပေါ်လာသည်ကို ကောက်ချက်ချနိုင်ပါသည်။[၈] [၉]
- ↑ ဆဗ္ဗဂ္ဂိယ (တိ) [ဆဗ္ဗဂ္ဂ+ဣယ။ ပဉ္စဝဂ္ဂေ ဘဝါ ပဉ္စဝဂ္ဂိယာ။ ဧဝံ ဆဗ္ဗဂ္ဂိယာ။ ရူ။ ၃၇၈။]
- ↑ (က) သက္ကေသု ဆဗ္ဗဂ္ဂိယေ အာရဗ္ဘ ပညတ္တံ။ ကင်္ခါ၊၁၇၅။ ဆဗ္ဗဂ္ဂိယာ နာမ ပဏ္ဍုကလောဟိတကာဒယော ဆမူလကာ, တေသံ သိဿာ စ။ ကင်္ခါ၊ဋီ၊သစ်၊၃၂၁။ ပဏ္ဍုကော, လောဟိတကော မေတ္တိယော ဘုမ္မဇကော အဿဇိပုနဗ္ဗသုကောတိဣမေ ဆဇနာ ဆဗ္ဗဂ္ဂီယာ နာမ၊ မ၊ဋ္ဌ၊၃၊၁၃၀။ (ဝိ၊၁၊၅၅၊ ၂၉၄၊ ၃၁၅။ ဝိ၊၂၊၆၊ ၂၅၁၊ ၃၁၈၊ ၄၆၈—၉။ ဝိ၊၃၊၁၁၈၊ ၁၄၃၊ ၁၆၉၊ ၂၅၃၊ ၂၇၂။ ဝိ၊၄၊၁၈၈၊ ၂၃၉၊ ၂၆၉၊ ၂၇၇၊ ၂၈၄၊ ၃၀၉၊ ၃၁၂-၅။ ဝိ၊၅၊၁၄၊ ၁၀၃။ ဝိ၊ဋ္ဌ၊၂၊၁၉၈။ ကင်္ခါ၊၃၀၈။)
- ↑ ၃.၀ ၃.၁ တိပိဋကအဘိဓာန် အတွဲ-၇
- ↑ (ခ) တေန ဆဗ္ဗဂ္ဂိယာ (ဆဗ္ဗဂ္ဂါ။ သီ၊သျာ၊ကံ။ ဆဗ္ဗဂ္ဂေါ။ ဣ၊ မူကွဲ) ယာပေမ။ မ၊၁၊၂၂၉။ မ၊၂၊၂၉၇။
- ↑ "တိပိဋကအဘိဓာန်"
- ↑ "တိပိဋကအဘိဓာန်"
- ↑ ဝိ၊ဋ္ဌ၊၂၊၁၉၉။
- ↑ ဝဇိရ၊၅၂၆။
- ↑ "တိပိဋကအဘိဓာန်"