ဆိုဒါ
ဆိုဒီယမ်ပါသော ဒြဗ်ပေါင်းများကို ဆိုဒါဟူ၍ ခေါ်ဝေါ် လေ့ရှိသည်။ ဆိုဒီယမ်ဒြဗ်ပေါင်းများကို ဆိုဒီယမ် ကလိုရိုက်ဟု ခေါ်သော ရိုးရိုးအိမ်သုံးဆားမှ ထုတ်ယူကြသည်။ လူသိများသော ဆိုဒီယမ်ဒြဗ်ပေါင်း တစ်ခုမှာ ဆိုဒီယမ် ကာဗွန်နိတ်ဖြစ်သည်။ ဆိုဒီယမ် ကာဗွန်နိတ်ကို ဝါရှင်ဆိုဒါ (အဝတ်လျှော်ဆော်ဒါ) ဟူ၍လည်းခေါ်သည်။ ဆိုဒီယမ် ကာဗွန်နိတ်သည် ပုံဆောင်ခဲ ကဲ့သို့၎င်း၊ အဖြူရောင်အမှုန့် ကဲ့သို့၎င်း ရှိသည်။ အယ်လကာလီသတ္တိ ထက်မြက်သည်။ အက်ဆစ်တန်ခိုး ပြယ်စေနိုင်သည်ဟု ဆိုလိုသည်။ ဆိုဒီယမ်ကာဗွန်နိတ်ကို ဖန်ထည်လုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ စက္ကူလုပ်ငန်းတို့တွင် အမြောက်အမြား အသုံးပြုကြသည်။ ထို့ပြင် ပိုးသတ်ဆေးအဖြစ် ၎င်း၊ ချေးချွတ်ဆေးအဖြစ် ၎င်း အသုံးပြုကြသေးသည်။
လူသုံးများသော အခြားဆိုဒါတစ်မျိုးမှာ ဆိုဒီယမ် ဗိုင်ကာဗွန်နိတ် ဖြစ်သည်။ ဆိုဒီယမ် ဗိုင်ကာဗွန်နိတ်သည် အစားအသောက် စီမံရာ၌ ၎င်း၊ ဆေးဝါး ဖော်စပ်ရာ၌ ၎င်း အသုံးပြုကြသည်။ အထူးအားဖြင့် ပေါင်မုန့်၊ ဘီစကွတ်စသော မုန့်များ ဖုတ်ရာ၌ အသုံးပြုရသော မုန့်ဖုတ်ပေါင်ဒါထဲ၌ ဆိုဒီယမ် ဗိုင်ကာဗွန်နိတ် ပါသည်။ ဆိုဒီယမ် ဗိုင်ကာဗွန်နိတ် ပါသောကြောင့် ပေါင်မုန့်၊ ဘီစကွတ် ဖုတ်ရာ၌ မုန့်သည် ပွတက်လာခြင်း ဖြစ် သည်။ ဆိုဒီယမ် ဗိုင်ကာဗွန်နိတ်ကို ဝမ်းသတ်ဆေး ဖော်စပ်ရာ၌လည်း အသုံးပြုကြသည်။ ထိုဆေးသည် အစာအိမ်အတွင်း၌ အက်ဆစ်လွန်ကဲခြင်းကို သက်သာစေနိုင်သည်။
ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက်ခေါ် ဆိုဒါတစ်မျိုးလည်း ရှိသေးရာ၊ ထိုဆိုဒါကို ကော့စတစ်ဆိုဒါဟု အများအားဖြင့် ခေါ်သည်။ ကော့စတစ်ဆိုဒါကို ဆပ်ပြာလုပ်ငန်း၊ ဒန်လုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ပိုးတုလုပ်ငန်း၊ ဆိုဆေးလုပ်ငန်း၊ အရောင်ချွတ်ဆေးလုပ်ငန်း၊ ရေနံချက်လုပ်ငန်းတို့တွင် အမြောက်အမြား အသုံးချကြသည်။
ထိုဆိုဒါများအပြင် အရပ်အခေါ်အားဖြင့် ဆိုဒါရေဟူ၍ လည်း ရှိသေးသည်။ ထိုဆိုဒါရေထဲ၌ ဆိုဒါပါ၍ ဆိုဒါဟု ခေါ်ဝေါ်ခြင်းမဟုတ်ပေ။ ထိုဆိုဒါရေကို စတင်စီမံစဉ်က ဆိုဒီ ယမ် ကာဗွန်နိတ်နှင့် အက်ဆစ်တို့မှ ထုတ်ယူသော ဓာတ်ငွေ့ ဖြင့် စီမံရသောကြောင့် ဆိုဒါရေဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဆိုဒါရေသည် ဖိအားဖြင့် ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထည့်သွင်းထားသော ရေပင်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက် ပါရှိသောကြောင့် ဆိုဒါရေသည် ဆူတက်တတ်ခြင်းဖြစ်သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
ဤသံတူကြောင်းကွဲစာမျက်နှာသည် ခေါင်းစဉ်တူပြီး အဓိပ္ပာယ်နှင့် အကြောင်းအရာမတူသော ဆောင်းပါးများကို စုစည်းထားသော ဆောင်းပါးစု စာရင်း ဖြစ်သည်။ အကယ်၍ ဆောင်းပါးအတွင်းလင့်ခ် တစ်ခုမှတဆင့် ဤနေရာသို့ သင်ရောက်ရှိလာပါက၊ ဆောင်းပါးအတွင်းရှိ လင့်ခ်ကို ရည်ရွယ်သည့်နေရာသို့ မှန်ကန်စေရန် ပြင်ဆင်ပေးနိုင်ပါသည်။ |