ဆူးပန်း
Safflower | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Asterales |
မျိုးရင်း: | Asteraceae |
မျိုးဇာတ်: | Cynareae |
မျိုးစု: | Carthamus |
မျိုးစိတ်: | C. tinctorium
|
ဒွိနာမ | |
Carthamus tinctorium |
ပုံသဏ္ဌာန် : -တစ်နှစ်ခံပင်ပျော့မျိုးဖြစ်သည်။ ရွက်လွှဲထွက်ပြီး ရှည်မျောမျောပုံသဏ္ဌာန်ဖြစ်သည်။ ရွက်နားတွင် သေးငယ်သောဆူးသွားများရှိသည်။ ပန်းခိုင်သည် ထိပ်ထွက်ပန်းခိုင်ဖြစ်ပြီး ပြွန်ပုံသဏ္ဌာန်လိမ္မော်ဝါရောင်ပန်းများ ပွင့်သည်။ အပင် - ပင်ငယ်ပင်ပျော့မျိုးဖြစ်၍ ၁-၃ ပေ မြင့်သည်။ ပင်စည် ထောင်မတ်၍ ပြောင်ချောသော်လည်း ဆူးများရှိသည်။ အရွက် - ရွက်လွှဲထွက်သည်။ ရှည်လျားသော လှံသွားပုံဖြစ်၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ အနားများတွင် သေးငယ်သော ဆူးပါသည့် ခွေးသွားစိပ်များ ရှိသည်။ အပွင့် -ပန်းခိုင်၏ထိပ်တွင် စုပြုံ၍ ပွင့်၏။ အပွင့်သေးငယ်၍ လိမ္မော်ရောင်သမ်းသော အနီရောင်ဖြစ်သည်။ အရွက်နှင့်တူသော ပွင့်ခံရွက်များဖြင့်ဝန်းရံထားသည်။ ဆူးရှိ ဆူးမဲ့ ၂ မျိုးရှိ၏။ အသီး - သေးငယ်သည်။ လေးမြှောင့်ရှိသည်။ အမြစ် - ရေသောက်မြစ် တုတ်ခိုင်ပြီး ဘေးမြစ်များ သေးငယ်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အပွင့် ၊ အမြစ်၊ အစေ့။ (အပွင့်အား ကုံကုမံအတုအဖြစ် အသုံးပြုကြ၏။) မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံတွင် စိုက်ပျိုးပင်အဖြစ် ပေါက်ရောက်သည်။ စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံ- (က) မြေပြုပြင်ခြင်း။ ။ စိုက်ခင်းမြေအား မှုန့်ညက်အောင် ကောင်းစွာ ပြုပြင်၍ အကျယ် ၄ ပေ ၊ အလျားပေ ၂၀ ရှိ ဘောင်များပြုလုပ်ပြီး မြေဆွေးများကို ၂ လက်မခန့် ထူအောင်ချ၍ အောက်ခံမြေနှင့် မွှေထားပေးရမည်။ (ခ) စိုက်ပျိုးခြင်း။ ။ တော်သလင်း၊ နတ်တော်လများတွင် အစေ့မှ တိုက်ရိုက် ချ၍ စိုက်ပျိုးသည်။ ပြုပြင်ပြီးဘောင်များပေါ်တွင် တစ်တန်းနှင့် တစ်တန်း ၉ လက်မခြား မြောင်းတိမ်များပြုလုပ်၍ မျိုးစေ့များချကာ မြေဖြင့်ပါးပါး ဖြူး၍ ဖုံးပေးရမည်။ (ဂ) ပြုစုဂရုစိုက်ခြင်း။ ။ နွားချေးမြေ များများ ဖြူးပေးရန်လိုသည်။ တစ်ပင်နှင့် တစ်ပင် ၄ လက်မ ခြား၍ ထားရမည်။ ပေါင်းလိုက်ခြင်း၊ ရေလောင်းခြင်းကို လိုအပ်သလို ပြုလုပ်ပေးရမည်။ (ဃ)ဆွတ်ခူးခြင်း။ ။ စိုက်ချိန်မှ ရက်ပေါင်း ၄၅-၆၀ အကြာတွင် ဆွတ်ခူးနိုင်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ အစေ့သည် ချိုအေး၏။၊ လေသလိပ်ကို ကင်းဝေးစေသည်။ ကာမကို အားပေး၏။ ခွန်အားကို ဖြစ်စေ၏။ အရွက်သည် ပူ၏၊ ခါး၏၊ ချို၏။ ဝမ်းသက်စေ၏၊ ဝမ်းမီးကို တောက်စေ၍ သည်းခြေကို ဖြစ်စေ၏။ မျက်စိကို အကျိုးပြု၏။ သလိပ်ကို ပယ်၏။
အသုံးပြုပုံ-အရွက် ၁။ အရွက်ကို ချဉ်ရည်ဟင်း ချက်စားခြင်းဖြင့် ဆီးကိုရွှင်စေပြီး ခွန်အားကို တိုးပွားစေ၏။ အပွင့် ၁။ အပွင့်ကို ကြိတ်၍ သောက်ပါက မြွေဆိပ်၊ ကင်းဆိပ်ကို ပြယ်စေ၏။ ၂။ အပွင့်ခြောက်ကို အမှုန့်ပြုစားသုံးပါက အသားဝါရောဂါ ပျောက်၏။ ၃။ အပွင့်ကိုကြိတ်၍ သကြားနှင့် ရောသောက်ပါက လိပ်ခေါင်းနှင့် ကျောက်တည်ရောဂါ ပျောက်သည်။ ၄။ အပွင့်ပြုတ်ရည်ကို နှာရောင်၊ ကြွက်သားရောင်ခြင်း၊ အဆစ်နာခြင်း အတွက် သုံးသည်။ ၅။ အပွင့်ကို ဒန်းကြီးရွက်နှင့် ရောကြိတ်ပြီး ခြေ၊ လက်ဖဝါးတို့၌ လိမ်းက ကျောက်ရောဂါ ပျောက်၏။ အမြစ် ၁။ ဆီးရွှင်ဆေး အဖြစ် အသုံးပြုသည်။ အစေ့ ၁။ ဆူးပန်းစေ့နှင့် ဆူးဖြူခေါက်တို့ကို အညီအမျှစီယူ၍ မီးရှို့ပြာချ ပြီးနောက် ယင်းပြာကို စပယ်ဆီနှင့်ရော၍ ဆံပင်၌ လိမ်းလျှင် ဆံပင်များ နူးညံ့ပျော့ပျောင်း၍ ဆံပင်အလွန် ကောင်းလာစေသည်။ ၂။ အစေ့ကို အမှုန့်ပြု၍ နွားနို့နှင့်သောက်ပါက အရူးရောဂါ ၊ လေဖောက်ပြန်သောရောဂါ ၊ ယားနာ ပျောက်၏။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ Tropicos။ Missouri Botanical Garden, St. Louis, MO (2016)။ 16 June 2016 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=130[လင့်ခ်သေ]