"ဆေးခြောက်"

မိတ်ဆွေဟာ ဆေးခြောက်သောက်သုံးသူကို ဆေးသမားလို့သတ်မှတ်ထားပြီး ဆေးခြောက်ကို ကြက်သားကာလသားချက်နဲ့ ဆေးပေါ့လိပ်ထဲထည့်သောက်တာလောက်ပဲ သိထားတယ်ဆိုရင် ဒီစာကိုဆက်မဖတ်ဖို့ အကြံပေးပါရစေ။ ဆေးခြောက်ရဲ့ ဘယ်ဒြပ်ပေါင်းက လူရဲ့ဘာကို ဘယ်လိုကြောင့် မူးယစ်စေတယ်ဆိုတာမျိုးတွေပါတဲ့ သုတေသနစာတမ်းမျိုးကို ဖတ်ချင်သူတွေအတွက်လည်း မဟုတ်ပြန်ပါဘူး။ သတင်းထောက်တယောက်ရဲ့ ဘဝနေထိုင်ဖြတ်သန်းမှု အတွေ့အကြုံတွေကနေရလာတဲ့ အသိသက်သက်တွေကိုပဲ ရေးထားတဲ့စာဖြစ်တယ်ဆိုတာကို အရင်ဆုံးအသိပေးလိုပါတယ်။

ဆေးခြောက်ဟာ ဘယ်လိုမူးယစ်ဆေးမျိုးလဲ ဆေးခြောက်ကို ဆိုးဆိုးရွားရွား စွဲလမ်းစေတဲ့ မူးယစ်ဆေးစာရင်းထဲကနေ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက (၂၀၂၀)ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ပယ်ဖျက်လိုက်ပါပြီ။ ဆေးခြောက်ကို စွဲစွဲလမ်းလမ်း ဖွာရှိုက်လာသူတယောက်ဟာ ဆေးခြောက်မဖွာရရင် အလွန်ဆုံး လေးငါးညလောက် ကောင်းကောင်းအိပ်မပျော်ရုံပါပဲ။ WY၊ ICE၊ ကိုကင်းနဲ့ ဘိန်း စတဲ့မူးယစ်ဆေးဝါးတွေလို ဆိုးဆိုးရွားရွားရင်းကိုက်တာမျိုး မဖြစ်တာကြောင့်ပါ။ ပညာရှင်ဆန်တဲ့ တခြားအကြောင်းပြချက်တွေ အများအပြားရှိနေလို့ အခုလို ပယ်ဖျက်လိုက်ကြတာဆိုတာ အသေအချာပါပဲ။

ဆေးခြောက်ကို ဘယ်လိုသုံးကြလဲ မြန်မာနိုင်ငံမှာ ကြက်သားကာလသားဟင်းထဲထည့်ချက်စားတဲ့ဓလေ့က အပျော်အနေနဲ့ ဟိုးအရင်ကတည်းကရှိပြီးသားပါ။ ဆေးပေါ့လိပ်ထဲထည့်သောက်ကြတာများပြီး သိပ်မကြာခင်နှစ်တွေကစလို့ နိုင်ငံခြားကဝင်လာတဲ့ စီးကရက်လိပ်သောက်တဲ့ စက္ကူတွေနဲ့ လိပ်သောက်လာကြပြီ။ နိုင်ငံခြားကဝင်လာတဲ့ ဆေးခြောက်ရှူတဲ့ အိုးနဲ့တချို့သောက်ကြသလို ရေသန့်ဗူးလို ပလက်စတစ်ဗူးနဲ့လည်း အိမ်လုပ်အိုးလုပ်သောက်ကြသူတွေရှိတယ်။ နိုင်ငံခြားမှာ ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံး၊ ရေခဲမုန့်စတဲ့ မုန့်တွေလုပ်တဲ့အထဲ ထည့်ကြသလို အဖျော်ယမကာတွေအဖြစ်လည်း ထုတ်လုပ်ကြတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဒေသတွေမှာ ဆေးခြောက်အနွယ်ဝင် စက်မှုလျှော်ပင် (Hemp)ကရတဲ့ချည်နဲ့ အဝတ်အထည်ချုပ်ဖို့ ဖျင်စတွေယက်လုပ်ကြတဲ့ ဓလေ့ရှိပြီး ပူတာအိုလေဆိပ်မှာ ဆေးခြောက်စက်မှုလျှော်ပင်နဲ့ ယက်လုပ်ထားတဲ့ အဝတ်အထည်တွေဝယ်လို့ရတယ်။ ပဝါတထည်ကိုတောင် သုံးသောင်းခွဲ အနည်းဆုံးပေးရတယ်။ စက်မှုလျှော်ပင် (Hemp)ကနေ ကား Dashboard အပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးပေါင်း နှစ်သောင်းခွဲကျော်ထုတ်လုပ်နိုင်တယ်လို့ ကမ္ဘာကျော် Forbes စီးပွားရေးမဂ္ဂဇင်းကြီးကနေ ရေးသားခဲ့ဖူးတယ်။

ဆေးခြောက်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ဆေးခြောက်ပင်ရဲ့ အဖူးတွေ၊ အနှစ်ချည်းသက်သက် ချောကလက်လိုဖြစ်အောင်ထုတ်ထားတဲ့ Hash နဲ့ ပဲဆီလို အဆီထုတ်ထားတဲ့ ဆေးခြောက်ဆီတွေအဖြစ် ထုတ်လုပ်ကြတယ်။ နယ်သာလန်နိုင်ငံမြို့တော် အမ်စတာဒမ်မှာရှိတဲ့ ကော်ဖီဆိုင်တွေရဲ့ ဆေးခြောက် Menu မှာတော့ ကမ္ဘာအနှံ့က ဆေးခြောက်အမျိုးအစားပေါင်း (၃၀)ကျောက်လောက် တွေ့ခဲ့ရလို့ ဆိုင်ရှင်ကိုပဲ ဘယ်ဟာကောင်းလဲဆိုပြီး Recommend လုပ်ခိုင်းခဲ့ရတယ်။ မြန်မာပြည်ကထွက်တဲ့ ဆေးခြောက်အမျိုးအစားတခုဟာလည်း အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ Menu ထဲမှာပါပြီးသားလို့သိရတယ်။

ဆေးခြောက်က ဘယ်လိုကွဲလဲ ဆေးခြောက်ကွဲပြီး အစားအကြီးအကျယ်စားသူတွေ၊ အိပ်ပျော်သွားသူတွေ၊ တဟီးဟီးတဟားဟား ခွီနေသူတွေ၊ မျက်လုံးတွေအရည်လဲ့ပြီး ပြုံးနေသူတွေ၊ စကားတွေ ရေပက်မဝင်အောင်ပြောသူတွေ၊ ကဗျာတွေ စာတွေရေးသူတွေ၊ သီချင်းအဆိုကောင်းသွားသူတွေ၊ အနုပညာတခုခုဖန်တီးသူတွေ၊ လှုပ်စိလှုပ်စိ ခပ်ငြိမ့်ငြိမ့်လေးကသူတွေနဲ့ ချစ်နေကြသူတွေကိုသာ မြင်ဖူးပြီး မူးယစ်ရမ်းကား အော်ဟစ်သောင်းကြမ်း ပြဿနာရှာနေသူတယောက်တလေမှ မမြင်ဖူးပေ။

ဘာကြောင့် ဆေးခြောက်ကို တရားဝင်ဖြစ်သင့်လဲ အာဖဂန်နစ်စတန်ပြီးရင် ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ မြန်မာ့ဘိန်းစိုက်တောင်သူတွေရဲ့ဘဝကို လူလူသူသူဖြစ်စေဖို့၊ စိုက်ပျိုးသီးနှံသစ်တခုအဖြစ် တောင်သူတွေစီးပွားဖြစ်စိုက်ပျိုးနိုင်စေဖို့၊ အထက်တန်းကျောင်းတွေထဲအထိရောက်နေပြီဖြစ်တဲ့ အလုံးရေ သိန်းသန်းချီဖမ်းမိနေတဲ့ အပေါစားစိတ်ကြွရူးသွပ်ဆေးပြား WY နဲ့ ဈေးကြီးတဲ့ ICE တွေ နိုင်ငံတကာဆီပျံ့နှံ့နေတာကို လျော့ပါးသွားစေဖို့၊ လွယ်လွယ်ဝယ်နေကြတဲ့ အရက်တုနဲ့ အပေါစားအရက်တွေသောက်ပြီး အရက်သမားဘဝနဲ့ အရွယ်မတိုင်ခင်သေဆုံးနေကြတာတွေ လျော့ပါးသွားစေဖို့၊ စိတ်ဖိစီးမှုအပေါင်း သရဖူဆောင်းနေတဲ့ လူနေမှုစနစ်မှာ စိတ်အေးချမ်းသက်သာစရာ ထွက်ပေါက်တခုဖြစ်စေဖို့၊ ဆေးခြောက်တလိပ်လောက်နဲ့ ထောင်နန်းစံနေရတဲ့ လူငယ်တွေရဲ့ဘဝကို ကယ်တင်ဖို့၊ ဆေးလိပ်သောက်နှုန်းလျော့ကျစေဖို့၊ နိုင်ငံတော်အခွန် ရပေါက်ရလမ်းတွေ တိုးပွားစေဖို့၊ ထုတ်ကုန်အသစ်တွေ တိုးပွားလာစေဖို့၊ မူးယစ်ရမ်းကား သတ်ဖြတ်တာတွေ လျော့ပါးသွားစေဖို့၊ နိုင်ငံသားတွေ တဟီးဟီးတဟားဟားနဲ့ အေးရာအေးကြောင်း ပေါ့ပေါ့ပါးပါး တွေးတွေးခေါ်ခေါ် စကားတွေပြောပြီး ပျော်နေကြစေဖို့ စတာတွေကြောင့်ပါပဲ။ ကင်ဆာရောဂါပျောက်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေလည်း ရှိနေပြီလို့ ဖတ်ရတယ်။

ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံရှိလား ကမ္ဘာပေါ်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံပေါင်း (၄၄) နိုင်ငံရှိပြီး ပြစ်မှုမမြောက်တဲ့ နိုင်ငံပေါင်း (၅၀) ရှိပါတယ်။

ဆေးခြောက်က လူတိုင်းအတွက်လား ဆေးခြောက်သောက်ပြီး ဘာမှမခံစားရတဲ့ သူတွေလည်းရှိပါတယ်။ ဆေးခြောက်ရဲ့ အေးရာအေးကြောင်း မူးယစ်ပုံကို မကြိုက်ကြသူတွေလည်းရှိပါတယ်။ ဒါကြောင့် ABC နဲ့ G&Gလို စတိုးဆိုင်လေးတွေမှာ တင်ရောင်းရင်တောင် လူတိုင်းဝယ်ပြီး ဖွာရှိုက်နေကြမှာမဟုတ်ပါဘူး။ ဆေးခြောက်တရားဝင်ဖွာရှိုက်လို့ရတဲ့ အရည်အသွေးအကောင်းဆုံး ဆေးခြောက်အမျိုးအစားစုံစုံလင်လင် ဝယ်လို့ရနေတဲ့ နယ်သာလန်နိုင်ငံရဲ့ ကော်ဖီဆိုင်တွေမှာ ဆေးလိပ်သောက်တာကို တားမြစ်ထားပါတယ်။ ဆေးခြောက်တော့ ဖွာလို့ရပါတယ်။ နယ်သာလန်နိုင်ငံက ဒတ်ချ်လူမျိုးမိတ်ဆွေတွေပြောပုံအရတော့ တရားဝင်ဖွာရှိုက်လို့ရနေတော့ အလုပ်သွားခါနီး ဘယ်သူမှ ဖွာရှိုက်မနေကြဘူး။ လုပ်စရာရှိတာတွေလုပ်ပြီး အေးရာအေးကြောင်း အနားယူချိန်ကျမှပဲ ဖွာရှိုက်ကြတယ်လို့ဆိုပါတယ်။

ဆေးခြောက်ပင်

မြန်မာလို ဆေးခြောက်ဟုဆိုလျှင် နားလည်လွယ်၍ ရုက္ခဗေဒဘာသာ အားဖြင့် cannabis sativa and cannabis indica ဟု ခေါ်ဆိုသည်။ ကမ္ဘာတစ်ဝန်း ရာစုနှစ်များစွာကပင် ကျယ်ပြန့်စွာ ပေါက်ရောက်သိရှိပြီး ဖြစ်သည်။ ပင်စည်အမျှင်များကို ကြိုးနှင့် အဝတ်အထည် ရက်လုပ်ခြင်းအပြင် ဆေးဝါးအနေဖြင့် အသုံးပြုသကဲ့သို့ ဆေးခြောက်ရှူခြင်းမှာ နားနေပျော်ရွှင်မှုအတွက် ရှေးယခင်ကပင် ခေတ်စား၍ ပေါ်ပြူလာဖြစ်လာသည်။ ဆေးခြောက်အဆီကို bhang, ganja, hashish, resin ဟု ခေါ်ကြသည်။ ထို့အပြင် အပွင့်၊ အညွန့်နှင့် ရွက်ခြောက်တို့ကို grass, marijuana, spliff, weed ဟုခေါ်ကြသည်။ Skunkဆိုသည်မှာ ပြင်းသော ဆေးခြောက် အမျိုးအစား ဖြစ်ပြီး ယင်းတွင်ပါဝင်သော အဓိကဓာတုပစ္စည်း THC (tetrahydrocannabinol)ပါဝင်မှုနှုန်းမှာ သာမန်ဆေးခြောက်ထက် နှစ်ဆ၊ သုံးဆမျှ မြင့်မားပေသည်။ ဆေးခြောက်အမျိုးပေါင်းမှာ ရာချီ၍ များစွာရှိပြီး ဗန်းစကားအဖြစ် AK-47, Knock Out, Destroyer ဟု ပြင်းထန်မှုကို ညွှန်း၍ အမည်များ ပေးထားကြသည်။

သုံးစွဲပုံပြင်ဆင်

ဆေးခြောက်ကို ဆေးလိပ်တွင် ဆေးရွက်ကြီးများ နှင့် ရော၍ သောက်ရှူသကဲ့သို့ မီးရှို့၍ အငွေ့ကို နည်းမျိုးစုံဖြင့် ရှူရှိုက်တတ်ကြသည်။ ထို့ပြင် လက်ဘက်ခြောက်၊ အကြမ်းခြောက်ကဲ့သို့ အသုံးပြုခြင်း၊ မုန့်မျိုးစုံနှင့် ဟင်းလျာများတွင် ထည့်သွင်းချက်လုပ် စားသောက်တတ်ကြသည်။ [၁]

ငယ်ရွယ်စဉ်အခါမှာ ဆေးခြောက်(Cannabis)သုံးစွဲခြင်းသည် နောင်နှစ်ရှည်တွင် စိတ္တဇရောဂါကြီး (Psychosis) ရောဂါလက္ခဏာများဖြစ်နိုင်ချေကို တိုးမြင့်စေသည်နဟု သုတေသနပညာရှင်များက ဆိုသည်။ Dutch လူမျိုး သုတေသနပညာရှင်များက ပိုက်ဆံပင်ဟုခေါ်တွင်သော ဆေးခြောက်ပင် (cannabis) နှင့် စိတ်ဝေဒနာများ ဆက်စပ်ပုံကို ၁၀နှစ်တာ သုတေသနပြုလုပ်ပြီးနောက် လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆေးခြောက်သုံးစွဲမှုသည် စိတ္တဇဝေဒနာကိုနှစ်ဆ တိုးပွားစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ လူငယ်များကို ဆေးခြောက်သုံးစွဲခြင်း၊ စားသုံးခြင်းမှ ဟန့်တားရန် အာဏာပိုင်များနှင့် တာဝန်ရှိသူများကို သုတေသနပညာရှင်များက ပြောကြားလိုက်ပါသည်။ လူငယ်များ ဆေးခြောက်သုံးစွဲခြင်းကို ဟန့်တားနိုင်ခြင်းဖြင့် စိတ္တဇာရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေမည်ဟု ဆိုသည်။

ရိုးရာဓလေ့ထုံးလမ်းစဉ်လာအဖြစ် ဆေးခြောက်ကို စားသုံးမှုများသည် စိတ်ကစဉ့်ကလျားရောဂါဖြစ်သော Schizophrenia ရောဂါဖြစ်ပွားစေကြောင်း သုတေသနတွင် ပါဝင်ဆောင်ရွက်နေသော လန်ဒန်မြို့၊ Kings College၊ Institute of Psychiatry မှ Robin Murray က ထပ်လောင်းပြောကြားခဲ့သည်။

ငယ်ရွယ်စဉ်ကာလတွင် ဆေးခြောက်ကို ၆ နှစ်နှင့်အထက်သုံးစွဲသူများသည် စိတ်မူမမှန်မှုများ၊ အမြင်အာရုံမှောက်မှားခြင်းများကို နှစ်ဆတိုးဖြစ်ပွားနိုင်ကြောင်း British Medical Journal တွင် သုတေသနမှတွေ့ရှိချက်များကို ဖော်ပြခဲ့သည်။

ဆေးခြောက်(Cannabis)သည် ကမ္ဘာအနှံ့နေရာများတွင် ဥပဒေအရတားမြစ်ထားသော မူးယစ်ဆေးဝါးဖြစ်သည်။ သုတေသီများက ဆေးခြောက်နှင့် စိတ်မူမမှန်မှု ဆက်စပ်နေမှုသည် မတော်တဆတိုက်ဆိုင်မှု ဖြစ်သည် မဖြစ်သည်ကို ရှင်းလင်းခြင်းမရှိသေးပေ။ စိတ်မူမမှန်သူများသည် သူတို့၏ ဝေဒနာကို ရှောင်တခင်သက်သာစေရန် ဆေးခြောက်ကို သုံးစွဲလေ့ရှိကြသည်။ Dutch လူမျိုး Jim van Os ဦးဆောင်သော Maastricht University မှသုတေသီအဖွဲ့သည် အသက် ၁၄ နှစ်နှင့် ၂၄ နှစ်အကြား ဆယ်ကျော်သက်နှင့် ငယ်ရွယ်သူပေါင်း ၁၉၂၃ ဦးကို သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လေ့လာမှုကို ဂျာမဏီနိုင်ငံတွင် ပြုလုပ်ခဲ့သည်။ ဆေးခြောက်သုံးစွဲနေသည်ဟု ဆိုသော ဆယ်ကျော်သက် တစ်ဦးချင်းစီကို နဂိုမူလကတည်းက စိတ်ဝေဒနာ လက္ခဏာများ ခံစားနေရသူများနှင့် သီးသန့်စီ ခွဲထားပြီးနောက် ဆေးခြောက်သုံးစွဲမှုနှင့် စိတ္တဇရောဂါ ဆက်စပ်မှုကို လေ့လာခဲ့ကြခြင်းဖြစ်သည်။ လေ့လာမှုအစကတည်းကပင် ဆေးခြောက်သုံးစွဲနေပြီးဖြစ်သောသူများသည် ဖြစ်ပေါ်ခံစားနေသော စိတ်ဝေဒနာကို နှစ်ဆတိုး ခံစားရကြောင်း သုတေသနက ဆိုသည်။ ဆေးခြောက်သုံးစွဲမှုကို ဥပဒေအရ တားမြစ်ရန်၊ ဥပဒေပြုလုပ်ရန် အာဏာပိုင်များအား University of Liverpool မှ clinical psychology ပါမောက္ခတစ်ဦးဖြစ်သူ Peter Kindermanက အကြံပေးပြောကြားခဲ့သည်။ [၂]

ကိုးကားပြင်ဆင်

  1. ကြေးမုံသတင်းစာ၊ (၂၀. ၆. ၂၀၁၈)စာ-၁၀
  2. Pot can double psychosis risk by Kate Kelland (REUTERS)