ဆွန်ဂရမ် လွန်ပီးဗူ
ယိုးဒယားနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်သော
ဝန်ကြီးချုပ် ပီးဗူ ဆွန်ဂရမ်သည် ၁၈၉၇ ခုနှစ် ဇူလိုင်လ ၁၄
ရက်နေ့တွင် ယိုးဒယားနိုင်ငံ ဗန်ကောက်မြို့၌ ဖွားမြင်လေသည်။
အခြေခံပညာကို သင်ကြားတတ်မြောက်ပြီးနောက်၊ ယိုးဒယား
နိုင်ငံ၌ပင် စစ်ပညာကို သင်ကြားသည်။ ထိုနောက် ပြင်သစ်
နိုင်ငံ ဖောင်တိန်ဗလိုမြို့တွင် စစ်ပညာကို လေးနှစ်တာမျှလေ့လာ
ဆည်းပူးခဲ့လေသည်။ သူ၏နာမည်အပြည့်အစုံမှာ လွန် ပီဗူး
ဆွန်ဂရမ် ဖြစ်သည်။ ဆွန်ဂရမ်သည် သက်ဦးဆံပိုင် ဘုရင်
စနစ်ကို မနှစ်မြို့သည်အလျောက်၊ ယင်းစနစ် ပပျောက်ရေးကို
ကြိုးပမ်းအားထုတ်ခဲ့ရာ ၁၉၃၂ ခုနှစ်တွင် ထမြောက်အောင်မြင်
လေသည်။ ထိုနောက် မာရှယ်ခေါ် စစ်သူကြီးအဖြစ် ခန့်ထား
ခြင်းခံရသူဖြင့် စစ်တပ်ကို လက်ကိုင်ပြုကာ အမျိုးသားစိတ်
ဓာတ် လှုံ့ဆော်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့လေသည်။ ၁၉၃၈
ခုနှစ် ဒီဇင်ဘာလတွင် ယိုးဒယားအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်
အဖြစ် ရွေးကောက်တင်မြေ|ာက်ခြင်းခံရလေသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဆွန်ဂရမ်သည် ဂျပန်နှင့် မဟာမိတ်ပြုခဲ့၏။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဂျပန်တို့နှင့် ဆယ်နှစ် မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့သည်။ ၁၉၄၂ ခုနှစ် ဇန္နဝါကီလ ၂၅ ရက် နေ့တွင် အင်္ဂလိပ်နှင့် အမေရိကန် ကို စစ်ကျေညာခဲ့လေသည်။ ၁၉၄၄ ခုနှစ် ဇူလိုင်လတွင်ကား ဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်လိုက်လေသည်။ ဂျပန်တို့စစ်ရှုံး ၍ လက်နက်ချလိုက်ကြရပြီးသည့်နောက်တွင် ဆွန်ဂရမ်သည် နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်ပြီးလျှင် သူခေါင်း ဆောင်သော 'ထာမာထီပတ်'ပါတီကို ပြန်၍ စည်းရုံးခဲ့လေ သည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် မာရှယ်ဆွန်ဂရမ် အုပ်ချုပ်သော ယိုးဒယားစစ်တပ်များသည် အစိုးရအဖွဲ့ကို ဖြုတ်ချပြီးလျှင်၊ ဆွန်ဂရမ်၏ သူငယ်ချင်းတစ်ဦးဖြစ်သော နိုင်ခူအန် ခေါင်းဆောင်သည့် အစိုးရ အဖွဲ့သစ်ကို တင်ခဲ့ကြ သည်။ သို့သော် ၁၉၄၈ ခုနှစ် ဧပြီလတွင် မာရှယ် ဆွန်ဂရမ် ကိုယ်တိုင် ခေါင်းဆောင်သော အစိုးရအဖွဲ့သစ် တက်ခဲ့လေ သည်။
ဆွန်ဂရမ်သည် ၁၉၄၉ ခုနှစ် ဇွန်လတွင်း အစိုးရအဖွဲ့သစ် ကို အသစ်ပြုပြင်ဖွဲ့စည်းခဲ့ရာ၊ သူကိုယ်တိုင်မှာ ဝန်ကြီးချုပ် ရာထူးအပြင် နိုင်ငံခြားရေးဝန်ကြီးရာထူးကိုလည်း ယူထားခဲ့လေ သည်။ ထိုနှစ် အောက်တိုဘာလတွင် ဘဏ္ဍာရေးဌာနကိုပါ ကိုင် ခဲ့ပြန်လေသည်။
ယိုးဒယားတွင် ကုန်းတပ်နှင့်ရေတပ်မှာ အချင်းချင်းမသင့် မြတ်ဘဲ၊ မကြာခဏခိုက်ရန်ဖြစ်ပွားလျက် ရှိလေသည်။ ၁၉၅၁ ခုနှစ် ဇွန်လတွင် ယိုးဒယားရေတပ်က ဝန်ကြီးချုပ် ဆွန်ဂရမ်ကို လက်ရဖမ်းဆီးသွားရာ၊ ကုန်းတပ်နှင့် ရေတပ်အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ကြလေသည်။ ယိုးဒယားနိုင်ငံ၏ မြို့တော် ဖြစ်သော ဗန်ကောက်မြို့ထဲ၌ပင် လမ်းပေါ်တိုက်ပွဲများ ဖြစ်ပွား ခဲ့လေသည်။ သို့သော်လည်း ရက်သတ္တတစ်ပတ်ခန့်ကြာသော အခါ အခြေအနေမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက်၊ ဆွန်ဂရမ်ကိုလည်း ရေတပ်က ပြန်လွှတ် လိုက်လေသည်။ ယိုးဒယားဝန်ကြီးချုပ် ဆွန်ဂရမ်သည် အိမ်နီးချင်းနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေးရရှိရန် မြန်မာနိုင်ငံ ဝန် ကြီးချုပ် ဦးနုနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့၏။ ၁၉၅၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုသည် ဗောဓိပင်ပျိုများကို ဗန်ကောက်မြို့သို့ ပင့်ဆောင်လာခဲ့၏။ ထိုအခါ ဝန်ကြီးချုပ် ဆွန်ဂရမ်သည် မြန်မာဝန်ကြီးချုပ် ဦးနု နှင့်အတူ ထိုဗောဓိပင်ပျိုတို့ကို သီရိမဟာထတ် တန်ဆောင်း၏ ဝဲယာ၌ အခမ်းအနားဖြင့် စိုက်ပျိုးခဲ့၏။ ထိုဗောဓိပင်စိုက်ပွဲတွင် မြန်မာဝန်ကြီးချုပ် ဦးနုသည် အယုဒ္ဓယမြို့ဟောင်း၌ ပျက်စီးယို ယွင်းနေသော ဘုရားတန်ဆောင်းများ ပြုပြင်ရန် အလှူတော် မြန်မာငွေ တသိန်းနှင့် ယိုးဒယားနိုင်ငံ သာသနာရေးအတွက် သုံးစွဲရန် အလှူတော် ငွေငါးသောင်းကို ယိုးဒယားဝန်ကြီးချုပ် ၏ လက်သို့ ပေးအပ်ခဲ့လေသည်။ ယိုးဒယားဝန်ကြီးချုပ် ဆွန်ဂရပ်က ထိုအလှူတော်ငွေများကို လက်ခံလျက် နှစ်နိုင်ငံ ချစ်ကြည်ရေးမှ ဗောဓိပင်ပျိုစိုက်သည့်အချိန်မှစ၍ ခိုင်ခံ့တည် မြဲတော့မည်ဖြစ်ကြောင်းကို ပြန်လည်မိန့်ကြားခဲ့၏။ ထိုနောက် များမကြာမီ ယိုးဒယားဝန်ကြီးချုပ် ဆွန်ဂရမ် သည် မြန်မာနိုင်ငံမှ ဖိတ်ကြားချက်အရ ထိုနှစ် ဒိဖင်္ဘာလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာခဲ့၏။ ဆွန်ဂရမ် သည် ရွှေတိဂုံဘုရားအား ရွှေသင်္ကန်းကပ်လှူရန် ငွေနှစ်သောင်း လှူခဲ့၏။ မြန်မာနိုင်ငံတော်သမ္မတက ဆွန်ဂရမ်အား အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့ကို ချီးမြှင့်၍၊ ယိုးဒယားဝန်ကြီးချုပ်က ယိုးဒယား တွင် အမြင့်ဆုံးဘွဲ့ဖြစ်သော ဆင်ဖြူတော်ဘွဲ့ကို တုံ့ပြန်ချီးမြှင့်ခဲ့ သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပဆဲ ဖြစ်သော ဆဋ္ဌသံဂါယနာ စတုတ္ထသျာမ (ယိုးဒယား) သန္တိပါတ သဘင်ကို အခမ်းအနားဖြင့် ဖွင့်လှစ်ရာ၌ ဝန်ကြီးချုပ် ပီးဗူ ဆွန်ဂရမ်သည် ယိုးဒယားနိုင်ငံတော်အား ကိုယ်စားပြုလေသည်။ ၁၉၅၇ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ယိုးဒယား တပ်မတော်က မာရှယ်ဆွန်ဂရမ်၏ အစိုးရလက်တွင်းမှ အာဏာ ကို လက်ရသိမ်းပိုက်လိုက်သည်။ မာရှယ် ဆွန်ဂရမ်လည်း ဗီယက်နမ်တောင်ပိုင်း နိုင်ငံသို့ ထွက်ပြေးခိုလှုံရလေသည်။ ယင်း၏ နေရာတွင် ဆီးတိုးစာချုပ်အဖွဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသူ ပုတ်ဆာရာဆင်အား ခန့်ထားလိုက်၏။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)