ဆွေမျိုးစု ပြင်ဆင်ရန်

ဆွေမျိုးစုသည် လွန်စွာ အရေးပါအရာရောက်သော ရှေး ခေတ်၏ အခြေခံ လူမှုစနစ်တစ်ခုဖြစ်၏။ မည်သည့် လူမျိုး တွင်မဆို ဆွေမျိုးစု အနည်းနှင့်အများရှိတတ်သည်။ ဆွေမျိုးစု ဆိုသည်မှာ လူမျိုးတစ်မျိုး တည်း၌ပင် ဆွေစဉ်မျိုးဆက်ကိုလိုက် ၍၊ သွေးသား နီးစပ်ရာလူများ အချင်းချင်း စည်းရုံးနေထိုင်ကြ သည့် လူစုကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဆွေမျိုးစုတွင် ဘေးမှ ဆင်းသက်သော ဆွေမျိုးစု၊ အဖိုးမှဆင်းသက်သော ဆွေမျိုးစု၊ အဖမှဆင်းသက်သော ဆွေမျိုးစုစသည်ဖြင့် အမျိုးမျိုးရှိလေ သည်။

ဆွေမျိုးစုများကို ရှေးခေတ်တွင်သာမဟုတ်၊ ယခု မျက် မှောက်ခေတ်တွင်လည်း တွေ့ရှိနိုင်ပေသည်။ ရှေးအခါက စကော့ ဆွေမျိုးစုများသည် တစ်စုနှင့်တစ်စု ရန်ငြိုးထားခြင်း၊ စစ်တိုက် ခြင်းများ ပြုလုပ်ခဲ့ကြ၏။ မြန်မာနိုင်ငံတွင်လည်း ချင်း၊ ကရင် စသော တောင်ပေါ်သားများထဲတွင် ဆွေမျိုးစုစနစ်ကို အခြေ တည်၍ ဖွဲ့စည်းထားသော လူမှုရေးစနစ်ကို ယနေ့ထက်တိုင် တွေ့နိုင်လေသည်။

ဆွေမျိုးစုများမှာ တစ်ဦးနှင့်တစ်ဦး ဓလေ့ထုံးစံများတွင် မတူကြပေ။ ပမာပြရမည်ဆိုသော်၊ အချို့သော ဆွေမျိုးစုများတွင် အစုဝင် အချင်းချင်းထိမ်းမြားလက်ထပ်ခြင်းမပြုရန်ကို တားမြစ် ထား၏။ အချို့မှာ အစုဝင်အချင်းချင်းသာ လက်ထပ်နိုင်၍၊ အခြားဆွေမျိုးစုမှ လူများနှင့် လက်ထပ်နိုင်ခွင့်မရှိပေ။ အချို့ သော ဆွေမျိုးစုများတွင်ကား လက်ထပ်ရေးတွင် ချုပ်ချယ်မှုများ မရှိဘဲ၊ မိမိတို့သဘောအတိုင်း လက်ထပ်လိုသူနှင့် လက်ထပ်နိုင် လေသည်။

ဆွေမျိုးစုတစ်စုတွင် မွေးဖွားခဲ့သောသူသည် မိမိ၏အသက် ထက်ဆုံး ထိုဆွေမျိုးစုဝင်အဖြစ် နေနိုင်ခွင့်ရှိသည်။ ဆွေမျိုးစု ဝင်များသည် မိမိတို့ဆွေမျိုးစု၏ အမှတ်သညာအဖြစ်ဖြင့်အထိမ်း အမှတ် တစ်ခုခုကို တပ်ဆင်တတ်ကြ၏။ ထို့အပြင် မိမိတို့၏ ဘိုးဖအစဉ်အဆက်က ပြုလုပ်ခဲ့သော ရိုးရာအခမ်းအနားများကို ပြုလုပ်ကြ၍၊ ဆွေမျိုးစုသီချင်းများကိုလည်း သီဆိုကြလေသည်။ ဆွေမျိုးစုတို့သည် အများအားဖြင့် ရွာတစ်ရွာတည်းတွင် စုဝေးနေထိုင်လေ့ရှိကြ၏။ ပေါင်းသင်းဆက်ဆံရေး၊ သာရေး၊ နာရေးစသော လူမှုရေးလုပ်ငန်းများတွင် တစ်ဦးနှင့်သာ သက် ဆိုင်သည်ဖြစ်စေ၊ အများနှင့် သက်ဆိုင်သည်ဖြစ်စေ အားလုံးက ဝိုင်း၍လုပ်ကိုင်ပေးလေ့ရှိကြ၏။ ဆွေမျိုးစုတွင် ပါဝင်သော လူတိုင်း လူတိုင်း၌ အသက်မွေးမှု အလုပ်အကိုင် ကိုယ်စီရှိကြ ၏။ ပမာဆိုသော်၊ ယောက်ျားများသည် လယ်ယာစိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်းစသော လုပ်ငန်းများကို လုပ်ကိုင်၍၊ မိန်းမများက အိမ်တွင် ကလေးသူငယ်များနှင့်အတူ နေပြီးလျှင် ဆန်ဖွပ် မောင်းထောင်းခြင်၊ အဝတ်အထည် ရက်လုပ်ခြင်း စသော အိမ်မှုကိစ္စအဝဝတို့ကို ဆောင်ရွက်လုပ်ကိုင်လေသည်။

ဆွေမျိုးစုဝင်တို့သည် မိမိတို့ပိုင်ဆိုင်သော နယ်ဟူ၍ သတ် မှတ်ထားသောနေရာများ အတွင်း၌သာ နေထိုင်လေ့ရှိကြ၏။ ဆွေမျိုးစုတစ်စု ပိုင်ဆိုင်သောနယ်နှင့် အခြားအစုတစ်စုပိုင်နယ် စပ်ကြားတွင် ချောင်းဖြစ်စေ၊ မြစ်ဖြစ်စေ၊ တောတန်းချိုင့်ဝှမ်း တစ်ခုဖြစ်စေ၊ ခြားလျက်ရှိတတ်၏။ ဆွေမျိုးစုဝင် တစ်ယောက် ယောက်အား အခြားအစုမှ လူတစ်ယောက်က စော်ကားနှိပ်စက် လျှင် သို့မဟုတ် တိုက်ခိုက်လျှင် အားလုံးက ဝိုင်းကူကြရသည် သာမက သားစဉ် မြေးဆက်တိုင်အောင်ပင် ရန်စမဆုံးဘဲ၊ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် လက်စားချေခြင်းကို ပြု လုပ်တတ်ကြ၏။ တစ်ခါတစ်ရံ အကျိုးစီးပွား တူညီကြသော ဆွေမျိုးစုများသည် တစ်စုနှင့်တစ်စု မျိုးဆက်ခြင်းဖြင့် မဟာ မိတ်ဖွဲ့ကာ သင့်မြတ်စွာ နေထိုင်ကြ၏။ ယင်းသို့ မဟာမိတ် ဖွဲ့ကာ ပူးပေါင်းခြင်းအားဖြင့် ဆွေမျိုးစုများ တိုးတက်ကြီးပွား လာ၍၊ မျိုးတူစုဖြစ်ပေါ် လာလေသည်။ ထိုမျိုးတူစုများ ပူး ပေါင်းနေထိုင် ရာမှတစ်ဆင့် လူမျိုးဟူ၍ ပေါ်ပေါက်လာသည်။ မနုဿဗေဒ[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)