စည်သူဦးညွန့် (၁၀ ဇန်နဝါရီ ၁၉၁၀ - ၄ ဧပြီ ၁၉၉၆)သည် ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (Economic and Social Commission for Asia and Pacific - ESCAP) ၏ တတိယ‌မြောက် အမှုဆောင်အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် (Under Secretary) ရာထူးအဆင့်လည်း ဖြစ်သည်။

စည်သူ

ဦးညွန့်
ကုလသမဂ္ဂရုံး၌ ဦးညွန့်ပုံ
ကုလသမဂ္ဂအာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာစီးပွားရေးနှင့် လူမှုရေးကော်မရှင် အမှုဆောင်အတွင်းဝန်
တာဝန်သက်တမ်း
၁၉၅၈ – ၁၉၇၈
ယခင်လူMr. Chakravarthi Vijayaraghava Narasimhan
ဆက်ခံသူMr. Johan Boudewyn Paul Maramis
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၀ ဇန်နဝါရီလ ၁၉၁၀
ဘားအံမြို့၊ ဗြိတိသျှဘားမား
ကွယ်လွန်၈ ဧပြီလ ၁၉၉၆
ရန်ကုန်မြို့

ငယ်ဘဝနှင့် ပညာရေး

ပြင်ဆင်ရန်

ဦးညွန့်ကို ဆားဝန်ထောက် ဦးကြူးလှိုင်၊ မိခင် ဒေါ်ကျင်ဆိုင်တို့က ၁၉၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘားအံမြို့၌ ဖွားမြင်သည်။ တစ်ဦးတည်းသော သားဖြစ်သည်။ ငယ်စဉ်က ဖခင်တာဝန်ထမ်းဆောင်သော မြို့များသို့ လိုက်ပါနေထိုင်ပြီး ပညာသင်ယူသည်။ ၁၉၂၇ ခုနှစ်တွင် သထုံမြို့အစိုးရကျောင်း (ယခု အထက(၁) သထုံ) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက် ပညာဆည်းပူးရာ တက္ကသိုလ်ပညာသင်ဆု ရရှိသည်။ တက္ကသိုလ်တက် ရောက်စဉ် တကောင်းဆောင်နှင့် ပြည်ဆောင်တို့တွင် အဆောင်နေကျောင်းသား ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (ဘီအေ) ရရှိသည်။ ၁၉၃၁ ခုနှစ်တွင် ပုဂံဆောင် အဆောင်နည်းပြအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၃၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့သွားရောက်ပြီး အိုင်-စီ-အက်စ် သင်တန်း တက်ရောက်သည်။ ၁၉၃၄ ခုနှစ်မှစ၍ နိုင်ငံဝန်ထမ်းအဖြစ် ရာထူးအသီးသီး၌ တာဝန်ထမ်းဆောင်သည်။

ဝန်ထမ်းဘဝ

ပြင်ဆင်ရန်

ဦးညွန့်သည် ၁၉၄၇ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့နှင့် ကျူးဘားနိုင်ငံဟားဗားနားမြို့များ၌ ကျင်းပသည့် အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘောတူညီမှု စာချုပ်အဖွဲ့(General Agreement on Tariffs and Trade- GATT) (ယခု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့) တည်ထောင်ရန် ခေါ်ယူသောအစည်းအဝေးများနှင့် ညီလာခံများသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။ ၁၉၄၈ ခုနှစ်တွင် GATT တည်ထောင်သောအခါ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုးသည်။၁၉၄၈ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အစည်းအဝေးများသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ရုံးစိုက်သော အာရှနှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (Economic Commission for Asia and the far East ECAFE) ယခု (ESCAP) ၌ စက်မှုနှင့်ကုန်သွယ်မှုဆိုင်ရာ ဌာနအကြီးအကဲအဖြစ် ၁၉၅၂ ခုနှစ်တွင် တာဝန်ထမ်းဆောင်သည်။ ၁၉၅၇ ခုနှစ်တွင် ဒုတိယအမှုဆောင်အတွင်းဝန်အဖြစ်လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် အမှုဆောင်အတွင်းဝန်အဖြစ်လည်းကောင်း ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည်။ အမှုဆောင်အတွင် ဝန်ရာထူးမှာ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ရာထူးနှင့် အဆင့်အတန်းတူညီပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံးအဆင့်မြင့်ရာထူးကို တာဝန်ထမ်းဆောင်ရသူဖြစ်သည်။


ဦးညွန့်သည် အမှုဆောင်အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် မဲခေါင်မြစ်ဝှမ်းစီမံကိန်း (The Mekong Development Project)အာရှလမ်းမကြီး (The Asian Highway)၊ အာရှစာရင်းအင်းတက္ကသိုလ် (The Asian Statistical Institute)၊ အာရှစက်မှုဖွံ့ဖြိုးရေး ကောင်စီ (The Asian Industrial Development Council)၊ အာရှဖွံ့ဖြိုးရေးဘဏ် (The Asian Development Bank)၊ အာရှငွေကြေးပေးချေမှု အုပ်စု (The Asian Clearing Union)တို့ကို တည်ထောင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် တည်ထောင်ဖွဲ့စည်းသော အာရှဖွံ့ဖြိုးရေးဘဏ်၏ ဖခင်ကြီးတစ်ဦးအဖြစ် နိုင်ငံတကာကအသိအမှတ်ပြုခြင်းခံရသည်။ ၁၉၇၃ခုနှစ်တွင် အမှုဆောင်အတွင်းဝန်အဖြစ်မှ အငြိမ်းစားယူသည်။

အငြိမ်းစားဘဝ

ပြင်ဆင်ရန်

ဦးညွန့်သည် အငြိမ်းစားယူပြီးနောက် မြန်မာနိုင်ငံတွင် ပြန်လည်နေထိုင်ပြီး ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်သည်။ ဆဌသင်္ဃာယနာတင် ပိဋကတ်စာမူကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ပုံနှိပ်ထုတ်ဝေသောလုပ်ငန်းတွင် ပါဝင်သည်။ ထို့ပြင် နိကာယ်ငါးရပ် ထွန်းကားပြန့်ပွားရေး အသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်သည်။ ဦးညွန့်သည် ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော်က ချီးမြှင့်သည့် စည်သူဘွဲ့ကို ရရှိသည်။

ကိုယ်ပိုင်ဘဝ

ပြင်ဆင်ရန်

၁၉၃၅ ခုနှစ်တွင် ဒေါ်သန်းတင် (ဝိဇ္ဇာဘွဲ့ဂုဏ်ထူး) နှင့် လက်ထပ်ခဲ့ပြီး၊ သားလေးဦး၊ သမီးတစ်ဦးထွန်းကားသည်။ ဒေါ်သန်းတင်သည် ၁၉၈၁ ခုနှစ်က ကွယ်လွန်ခဲ့ပြီး သားတစ်ဦးနှင့် သမီးတစ်ဦးတို့သည်လည်း ကွယ်လွန်သည်။ ဦးညွန့်သည် ၁၉⁠၉၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သားများဖြစ်ကြသည့် ဒေါက်တာသန်းညွန့် (ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာစောဝင်း (သမားတော်ကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး)၊ ဒေါက်တာလှညွန့် (ဒုတိယညွှန့်ကြားရေးမှူး၊ မြန်မာသိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာန) နှင့် မြေး ၁၁ ဦးကျန်ရစ်သည်။ []

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၇၈