တင်လှိုင် (ဒေါက်တာ)

(တင်လှိုင်၊ ဒေါက်တာ မှ ပြန်ညွှန်းထားသည်)

ဒေါက်တာတင်လှိုင် ကို ၁၉၄၁ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်၊ အရာတော်မြို့နယ် သခွတ်ပင်လည်ရွာတွင် ဖွားမြင်သည်။ ရွာမြောက်ကျောင်း ခေါ် ဆရာတော် ဦးခန္တီ၏ ရွှေသိမ်တော် တိုက်တွင် ပညာစတင် သင်ကြားသည်။ ၁၉၅၁ မှ ၅၈ ထိ မန္တလေး ဒိုင်အိုစီဇင် သံတဲ အထက်တန်း ကျောင်းတော်တွင် ပညာသင်သည်။ မန္တလေးတက္ကသိုလ်တွင် ဆက်လက် ပညာ သင်ကြားခဲ့ပြီး၊ ရူပဗေဒ ဘာသာဖြင့် သိပ္ပံ (ဂုဏ်ထူးတန်း) ဘွဲ့ကို ၁၉၆၃ တွင် ရရှိခဲ့သည်။

၁၉၇၂ ခုတွင် ဗြိတိသျှ ကောင်စီ (ကိုလံဘို စီမံကိန်း) စကောလားရှစ် ရပြီး လန်ဒန် တက္ကသိုလ်တွင် ဘွဲ့လွန် ပညာ သင်ကြားခဲ့ရာ M. Sc ဘွဲ့ ဂုဏ်ထူးနှင့် အောင်ပြီး၊ ၁၉၆၇ တွင် နယူကလီယာ ရူပဗေဒ အထူးပြုဖြင့် Ph. D ဘွဲ့ ရခဲ့သည်။

မကွေးရန်ကုန်မော်လမြိုင် နှင့် မန္တလေး တက္ကသိုလ် များတွင် ဆရာ အဖြစ် နှစ် ၃ဝ ကျော် သင်ကြားခဲ့သည်။ ၁၉၉၅ တွင် မြန်မာ့ သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာနသို့ ရွှေ့ပြောင်းပြီး ညွှန်ကြားရေးမှူး တာဝန် ထမ်းသည်။ ၁၉၉၇ တွင် အဏုမြူ စွမ်းအင် ဦးစီး ဌာနကို ဦးစီး တည်ထောင် ခဲ့ပြီး၊ ပထမဆုံး ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။

ဒေါက်တာတင်လှိုင်သည် ၁၉၉၉ တွင် အပြည်ပြည် ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ညီလာခံ၌ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အဖြစ် တက်ရောက်ခဲ့သည်။ ထိုညီလာခံ ၅ ကြိမ်တွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် တက်ခဲ့သည်။ ၁၉၉၇ - ၉၈ တွင် RCA ခေါ် အာရှ - ပစိဖိတ် ဒေသ ၁၇ နိုင်ငံ ပါဝင်သော နယူကလီယာ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ဒေါက်တာ တင်လှိုင်ကို ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခဲ့သည်။ ထိုအဖွဲ့၏ ကော်မတီ များတွင် ပါဝင်ခဲ့သည်။

ဒေါက်တာ တင်လှိုင်သည် ရန်ကုန် နည်းပညာ တက္ကသိုလ်တွင် အချိန်ပိုင်း ပါမောက္ခ အဖြစ် ငါးနှစ် သင်ကြားခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အငြိမ်းစား ယူပြီးနောက် မြန်မာနိုင်ငံ နည်းပညာ ပညာရှင် အဖွဲ့၏ အလုပ်အမှုဆောင် အဖြစ် တာဝန် ထမ်းဆောင်ဆဲ ဖြစ်သည်။ နယူးယောက် သိပ္ပံ အကယ်ဒမီ အဖွဲ့ဝင်လည်း ဖြစ်သည်။

သုတေသန စာတမ်းများ ဆောင်းပါး ပေါင်းစုံနှင့် တက္ကသိုလ်သုံး စာအုပ် နှစ်အုပ် (အင်္ဂလိပ် ဘာသာနှင့်) ရေးသားသည်။ ထို့ပြင် သိပ္ပံ ပညာပေး ခေးအော့ (စ)နှင့် ပိုးချည်မျှင် မိုးနဂါး ပညာရှင် အတ္ထုပ္ပတ္တိ စာအုပ် နှစ်အုပ်လည်း ရေးသားခဲ့သည်။ ဘိုးလှိုင် ကလောင် အမည်ဖြင့် မဂ္ဂဇင်း များတွင် စာများ ဆက်လက် ရေးသား နေသည်။

ဇနီး ဒေါ်မြမြဆွေ (အငြိမ်းစား ရုက္ခဗေဒ ကထိက) နှင့် သား သမီး ၃ ဦး ရှိသည်။

ရရှိခဲ့သော စာပေဆုများ ပြင်ဆင်ရန်

  1. ၂၀၀၄ ခု အမျိုးသား စာပေဆု ( ဘာသာပြန်၊ သုတ) - ဦးနှောက်များကို မီးညှိခြင်း (မုံရွေးစာပေ) (မူရင်း Ignited Minds by Abdul Kalam)[၁]
  2. ၂၀၁၀ ခု အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ) - အိန္ဒိယကို တွေ့ရှိခြင်း (မုံရွေးစာပေ) (မူရင်း Discovery of India by J.Nehru)[၁]
  3. သုတစွယ်စုံစာပေဆု (သုတသိပ္ပံ) ဘက်ညီမှုနှင့် လောကနိယာမများ
  4. ၂၀၀၈ ခု ထွန်းဖောင်ဒေးရှင်းစာပေဆု (အင်္ဂလိပ်ဘာသာ) Victory into Defeat
  5. ၂၀၁၉ ခု အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ) ဂျဝါဟားလားနေရူး၏လျှပ်တစ်ပြက်ကမ္ဘာ့သမိုင်း (၃တွဲ) (ပထမပိုင်းနှင့်ဒုတိယပိုင်း -ထွန်းဖောင်​ေဒးရှင်းစာပေ၊တတိယပိုင်း-နှင်းဆီဖြူစာပေ)[၁]

ရည်ညွှန်း ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ အမျိုးသားစာပေဆုရစာအုပ်စာရင်း
  2. ဒေါက်တာ လှဘေ၏ မြန်မာ ဗုဒ္ဓဘာသာ တယောက်၏ ဘဝ ပုခက် အတွင်းမှသည် ဂူအတွင်းထိ၊ ဒေါက်တာ တင်လှိုင် မြန်မာပြန်၊ ဒေါင်းစာပေ၊ ၂၀၀၄၊ စက်တင်ဘာ၊ ပထမအကြိမ်။