ရန်ကုန်မြို့
ရန်ကုန်မြို့ (အင်္ဂလိပ်: Yangon) သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊မတ်လ မှ စတင်၍ စစ်အစိုးရသည် နေပြည်တော်ကို မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊[၂] လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။
ရန်ကုန်မြို့တော် Yangon City မဟာရန်ကုန် | ||
---|---|---|
တိုင်းဒေသကြီးမြို့တော် | ||
ရန်ကုန် | ||
ရန်ကုန်မြို့တော် မြင်ကွင်းအစုံစုံ | ||
| ||
ရန်ကုန်မြို့တည်နေရာ | ||
ကိုဩဒိနိတ်: 16°51′N 96°11′E / 16.850°N 96.183°Eကိုဩဒိနိတ်: 16°51′N 96°11′E / 16.850°N 96.183°E | ||
နိုင်ငံ | ![]() | |
ဒေသ | အောက်မြန်မာပြည် | |
တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီး | |
တည်ထောင် | ၆ ရာစု | |
အစိုးရ | ||
• အမျိုးအစား | ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ | |
ဧရိယာ | ||
• မြို့ပေါ် | ၅၉၈.၇၅ စတုရန်းကီလိုမီတာ (၂၃၁.၁၈ စတုရန်းမိုင်) | |
• မြို့ပြကြီး | ၁၀၁၇၀ စတုရန်းကီလိုမီတာ (၃၉၃၀ စတုရန်းမိုင်) | |
လူဦးရေ (၂၀၁၄ သန်းခေါင်စာရင်း) | ||
• မြို့ပေါ် | ၅,၁၆၀,၅၁၂ | |
• မြို့ပေါ် သိပ်သည်းမှု | ၈၆၀၀/km၂ (၂၂၀၀၀/sq mi) | |
• ကျေးလက် | ၂,၂၀၀,၁၉၁ | |
• မြို့ပြကြီး[၁] | ၇,၃၆၀,၇၀၃ | |
• မြို့ပြကြီး သိပ်သည်းမှု | ၇၂၀/km၂ (၁၉၀၀/sq mi) | |
• လူမျိုးများ | ဗမာ၊ အိန္ဒိယမြန်မာ၊ ချင်း၊ ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း၊ ကယား၊ ကချင်၊တခြား | |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ ၉၁% အစ္စလာမ်ဘာသာ ၄.၇% ခရစ်ယာန် ၃.၂% ဟိန္ဒူ ၁.၀% အခြား ၀.၁% | |
အချိန်ဇုန် | အာရှ/ရန်ကုန် (UTC+6:30) | |
ဧရိယာကုဒ်(များ) | ၀၁ | |
ယာဉ်မှတ်ပုံတင် | YGN | |
ဝက်ဘ်ဆိုဒ် | ycdc.gov.mm |
ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။[၃] လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။
ဝေါဟာရရင်းမြစ် ပြင်ဆင်ရန်
ရန်ကုန်မြို့သည် ရှေးယခင်က ဒဂုံဟုခေါ်သော ရွာကြီးတရွာဖြစ်သည်။ ဒဂုံဟူသော အမည်သည် မွန် ဝေါဟာရ ဒဂုင်(မြန်မာအသံထွက်-ဒဂုန်)၊ လဂုင်(မြန်မာအသံထွက်-လဂုန်) တို့က ဆင်းသက်လာပြီး ဒဂုံဖြစ်လာသည်ဟု ယူဆကြသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့မည်တော်ဖြစ်သည်။ ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ ကျာ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့ဟု အဓိပ္ပာယ်ရသော တိကုမ္ဘနဂရဆိုသည့် ပါဠိဝေါဟာရက ဆင်းသက်ကြောင်း၊ တိကုမ္ဘက တိကုမ်၊ တိဂုံ၊ ဒဂုံဟု ပြောင်းလဲလာကြောင်း ဆိုကြသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပာယ်ရသည်။ [၄] ခရစ်နှစ် ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ရန်အပေါင်းကုန်စင်ပြီဟုအဓိပ္ပာယ်ဖြင့် ရန်ကုန်မြို့ဟု အမည်ပေးခဲ့သည်။
တည်နေရာ ပြင်ဆင်ရန်
မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁ဝ မိနစ် ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်(ခေါ်)လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ဆုံရာအရပ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောကြီးများသည် ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းသို့အရောက် ဝင်ထွက်သွားလာနိုင်သည်။ ရန်ကုန်မြို့သည် ပင်လယ်ဝမှ ၂၁-မိုင်သာ ဝေးသည်။ ပြည်တွင်းကျောထောက်နောက်ခံ နယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျက် ရှိလေသည်။ တံခါးမကြီးသဖွယ်ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာဌာနလည်း ဖြစ်လေသည်။
သမိုင်း ပြင်ဆင်ရန်
ရန်ကုန်မြို့သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈)) လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ဝ အထက်ကစ၍ မြတ်စွာဘုရားသခင်၏ ဆံတော်ဓာတ်မြတ်များနှင့် စပ်လျဉ်းပြီးလျှင် သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သည်[၅] ဟူ၍ မြန်မာတို့က ယုံကြည်ကြသော်လည်း အထောက်အထားမရှိပေ။
အေဒီ ၆ မှ ၁၈ ရာစု ပြင်ဆင်ရန်
ရန်ကုန်မြို့အား အောက်မြန်မာပြည်ကို အုပ်ချုပ်စိုးမိုးခဲ့သော မွန်လူမျိုးများက ဒဂုံအဖြစ် အေဒီ ၆ ရာစုတွင် စတင်တည်ထောင်ခဲ့သည်။ မွန်တို့၏ ဟံသာဝတီခေတ် မဂဒူးမင်းဆက် ခေါ် (ဝါရီရူးမင်းဆက်)တွင် (၈) ဆက်မြောက်မင်းဖြစ်သော ဗညားဦးသည် အစ်မတော် မွေ့န ခေါ် (မဟာဒေဝီ)အား ဒဂုံကို စားစေသည်။ မွန်မင်းသမီး မဟာဒေဝီသည် ခရစ်နှစ် ၁၃၆၄ မှ ၁၃၉၂ အထိ ဒဂုံကိုအုပ်ချုပ်ခဲ့သည်။[၆] မဂဒူးမင်းဆက် တွင် (၁၅) ဆက်မြောက်မင်းဖြစ်သော ဘုရင်မကြီး ရှင်စောပု ခေါ် (ဗညားထောဝ်) သည် သူမ၏ ဟံသာဝတီပဲခူးထီးနန်းကို သားမက်တော် ဓမ္မစေတီမင်းအားအပ်နှံ၍ ၁၄၆၀ခုနှစ်တွင် ဒဂုံရှိ ရွှေတိဂုံစေတီအနီးတွင် နန်းတော်ငယ်တည်ကာ ဟံသာဝတီပဲခူးထီးနန်းကို အဝေးမှထိန်းကွပ်ပေးရင်း တရားဓမ္မဖြင့် သူမဘဝ၏ နောက်ဆုံးလက်ကျန်နေ့ရက်များကို ဖြတ်သန်း စံနေတော်မူခဲ့သည်။[၇]
အေဒီ ၁၈ မှ ၁၉ ရာစု ပြင်ဆင်ရန်
၁၇၅၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ထူထောင်သော အလောင်းမင်းတရား သည် ဒဂုံမြို့ကို အောင်နိုင်ပြီး “ရန်ကုန်”ဟု အမည်သတ်မှတ်ခဲ့ပြီး ဒဂုံမြို့ပတ်လည်တွင် တိုးမြင့်၍ အခြေချနေထိုင်မှုများ ပြုလုပ်ခဲ့သည်။
ဗြိတိသျှပိုင်အရှေ့အိန္ဒိယ ကုမ္ပဏီ သည် ၁၇၉၀ ခုနှစ်များတွင် စက်ရုံ တည်ဆောက်ခဲ့သည်။[၈] ၁၈၂၃ ခုနှစ်တွင် လူဦးရေ ၃၀၀၀၀ နေထိုင်ခဲ့သည်။[၉]
ကုန်းဘောင်မင်းဆက် (၇) ဆက်မြောက်မင်းဖြစ်သော ဘကြီးတော်ဘုရား လက်ထက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၂၆) တွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သော်လည်း၊ စစ်ပြီးသည့်နောက် ရန္တပိုစာချုပ် အရ ရန်ကုန်မြို့ကို မြန်မာတို့လက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ မြန်မာဘုရင် သာယာဝတီမင်း လက်ထက် ၁၈၄၁ ခုနှစ်တွင် ရန်ကုန်မြို့ သည် မီးသင့်ပြီး ပျက်စီးခဲ့သည်။
ကိုလိုနီခေတ် ရန်ကုန် (၁၈၅၂ မှ ၁၉၄၈) ပြင်ဆင်ရန်
ဗြိတိသျှတို့ သည် ရန်ကုန်နှင့် အောက်မြန်မာပြည် အားလုံးကို ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်မြန်မာစစ် တွင် သိမ်းယူချုပ်ကိုင်နိုင်ခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်မြို့သည် ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်သော ငါးဖမ်းရွာလေး တစ်ရွာသာ ဖြစ်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြို့ကို ဗြိတိသျှဘားမား၏ စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာကျသော မြို့တစ်မြို့အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ စစ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းပုံစံကို အခြေပြု၍ ဗြိတိသျှများသည် ဂရစ်စီမံချက်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အရှေ့ဘက်၌ ပုစွန်တောင်ချောင်းငယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်ကို နယ်နိမိတ်သတ်မှတ်ပြီး မြို့တော်သစ်တစ်ခု တည်ဆောက်ခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှတို့သည် ရန်ကုန် ကောလိပ် (ယခု ရန်ကုန် တက္ကသိုလ်)ကို ဗြိတိသျှ-အိန္ဒိယရှိ ကလက္ကတား တက္ကသိုလ် လက်အောက်ခံ အဖြစ် စတင် တည်ထောင် ခဲ့သည်။
၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် - မြန်မာစစ် တွင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းယူခဲ့ပြီးနောက် ရန်ကုန်မြို့သည် အားလုံးသော ဗြိတိသျှဘားမားတို့၏ မြို့တော်အဖြစ် တည်ရှိလာခဲ့သည်။ ၁၈၉၀ ခုနှစ်များတွင် ရန်ကုန်မြို့၏ တိုးပွားလာသည့် လူဦးရေများနှင့် ကုန်သွယ်မှုတို့သည် တော်ဝင်ကန်(ယခု ကန်တော်ကြီး)နှင့် အင်းယားကန် တို့၏ မြောက်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ချမ်းသာကြွယ်ဝသည့် လူနေအိမ်ခြေများကို မွေးဖွားပေးခဲ့သည်။ ဗြိတိသျှတို့သည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံ အပါအဝင် ဆေးရုံများနှင့် ကောလိပ်များကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကိုလိုနီခေတ်ရန်ကုန်ကို ၎င်း၏ကျယ်ပြန့်သောပန်းခြံများ၊ ရေကန်များ၊ ရောပြွမ်းနေသည့် ခေတ်မီအဆောက်အအုံများနှင့် ရှေးရိုးအတိုင်း သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာများတို့ဖြင့် “အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်” အဖြစ် သိရှိလာခဲ့ကြသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် ရန်ကုန်မြို့၌ လန်ဒန်မြို့နှင့် တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတို့ ရှိလာခဲ့သည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီက၊ ရန်ကုန်မြို့ရှိ လူဦးရေ ၅၀၀၀၀၀ ၏ ၅၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယ သို့မဟုတ် တောင်အာရှသားများဖြစ်၍ သုံးပုံတစ်ပုံခန့်သည် မြန်မာ၊ ကရင်၊ တရုတ်၊ အင်္ဂလိပ်-မြန်မာကပြားနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ပထမ ကမ္ဘာစစ်ပြီးနောက်၊ ရန်ကုန်သည် လက်ဝဲစွန်းရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုများ၏ ဗဟိုအချက်အချာနေရာ ဖြစ်လာခဲ့သည်။ ၁၉၂၀၊ ၁၉၃၆ နှင့် ၁၉၃၈ ခုနှစ်တို့တွင် ဗြိတိသျှအစိုးရအား သုံးကြိမ်တိုင် နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်သည် (၁၉၄၂ - ၄၅) တွင် ဂျပန်လက်အောက်သို့ ကျရောက်ခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်း ကြီးမားသော ပျက်စီးယိုယွင်းမှုများ ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ တွင် ဗြိတိသျှအင်ပါယာထံမှ နိုင်ငံ၏လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်နှင့် ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့သည်။
လက်ရှိ ရန်ကုန် (၁၉၄၈ မှ ယခု) ပြင်ဆင်ရန်
၁၉၄၈ ခုနှစ် ဗမာ့လွတ်လပ်ရေးကို ရရှိပြီးလျှင်ပြီးခြင်း၊ ကိုလိုနီအမည်များဖြင့် ခေါ်ဝေါ်ခဲ့သည့်လမ်းများ၊ ပန်းခြံများတို့သည် အမျိုးသားရေးအသွင် ပိုမိုဆောင်သည့် မြန်မာအမည်များသို့ ပြောင်းလဲလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့အား နယ်ချဲ့အင်္ဂလိပ်တို့၏ အမည်နာမများကို အစွဲပြု၍ခေါ်ဝေါ်ထားသော မြန်မာအမည်များအဖြစ်ပြောင်းလဲခဲ့သည် ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြို့တော်၏ အင်္ဂလိပ်အမည်ကို “Yangon” ဟု ပြောင်းလဲခေါ်ဝေါ်စေခြင်းနှင့်အတူ အခြားသော အင်္ဂလိပ်အခေါ်အဝေါ်များကိုလည်း မြန်မာအမည်များသို့ ပြောင်းလဲခဲ့သည်။
လွတ်လပ်ရေးရသည့် အချိန်မှစတင်၍ ရန်ကုန်မြို့ကို ပြင်ပသို့ချဲ့ထွင်ခဲ့သည်။ အဆက်ဆက်သော အစိုးရများသည် ၁၉၅၀ ခုနှစ်များ၌ သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို လည်းကောင်း၊ ၁၉၈၀ ခုနှစ်များ၌လှိုင်သာယာ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ်တို့ကို လည်းကောင်း တိုးချဲ့ မြို့နယ်သစ်များကို တည်ဆောက်ခဲ့ကြသည်။ ယနေ့ ရန်ကုန်မြို့ကြီးသည် ဧရိယာ စတုရန်းကီလိုမီတာ ၆၀၀ ခန့် ကျယ်ဝန်းသည်။
ဗိုလ်ချုပ်နေဝင်း၏ အခြားနိုင်ငံများတို့၏အရေး၌ မစွက်ဖက်ရေးဝါဒဖြင့် အုပ်ချုပ်မှု (၁၉၆၂ - ၁၉၈၈) အတွင်း၊ ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံ သည် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ တိုးပွားလာသည့် လူဦးရေနှင့်အညီ မြှင့်တင်နိုင်မှုမရှိခြင်းတို့ကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် စစ်အစိုးရ၏ ပိုမိုတံခါးဖွင့်လာသည့်ဈေးကွက် မူဝါဒများသည် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု ရှိလာခဲ့ပြီး၊ မြို့တော်၏ အခြေခံအဆောက်အအုံကိုလည်း ခေတ်မှီသစ်လွင်မှု၏ မျှတသည့်ပမာဏသို့ ဆောင်ယူလာနိုင်ခဲ့သည်။ မြို့တော်၏ အတွင်းပိုင်းတွင် နေထိုင်သူများကိုလည်း တိုးချဲ့မြို့များသို့ အတင်းအကြပ် လွှဲပြောင်းနေရာ ချထားပေးခဲ့သည်။ များပြားသော ကိုလိုနီခေတ် အဆောက်အအုံများကိုလည်း ဖျက်ဆီးစေ၍၊ မြင့်မားသော ဟိုတယ်များ၊ ရုံးအဆောက်အအုံများ၊ ဈေးရောင်းဆိုင်ခန်းများအတွက် နေရာပေးစေခြင်းဖြင့် မြို့တော်အုပ်ချုပ်သူများသည် ကျော်ကြားထင်ရှားသော ကိုလိုနီခေတ် အဆောက်အအုံ ၂၀၀ ခန့်ကိုလည်း ရန်ကုန်မြို့တော်၏ အမွေအနှစ် စာရင်းသို့ ထည့်သွင်းစေခဲ့သည်။ အဓိက ဆောက်လုပ်မှု အစီအစဉ်များသည် မြို့တော်နှင့် စက်မှုမြစ်ကမ်းပါးဒေသများကို ဆက်သွယ်ပေးသည့် တံတားအသစ်ခြောက်စင်းနှင့် လမ်းမကြီး အသစ် ငါးခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့တိုင်အောင် ရန်ကုန်၏ များစွာသော နေရာတို့တွင် အခြေခံ စည်ပင်သာယာရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုဖြစ်သည့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားနှင့် ပုံမှန်အမှိုက်သိမ်းယူမှုတို့ မရှိသေးပဲ ရှိနေခဲ့သည်။
ရန်ကုန်သည် လွတ်လပ်ရေးရပြီးသည်မှ မျိုးနွယ်စုပြုမှုအရ တိုင်းရင်းသားဒေသခံ မြန်မာလူမျိုးများ ပိုမိုရှိလာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် များစွာသော တောင်အာရှသားများနှင့် အင်္ဂလိပ်-မြန်မာကပြားများ ထွက်ခွါသွားခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များအတွင်း ဗိုလ်ချုပ်နေဝင်းအစိုးရ၏ နိုင်ငံခြားသားများကို ဖိအားပေးသောကြောင့် များပြားသော တောင်အာရှသားများကို ထွက်ခွာသွားစေခဲ့သည်။ သို့သော်လည်း များပြားသော တောင်အာရှသားများနှင့် တရုတ်လူမျိုးစုများသည် ရန်ကုန်၌ ဆက်လက်နေထိုင်လျက် ရှိနေသည်။ နိုင်ငံမှ ထွက်ခွါသွားခြင်း သို့တည်းမဟုတ် အခြားသော မြန်မာအုပ်စုတို့ဖြင့် မျိုးမတူသူများလက်ထပ်မှုပြုခြင်း တို့ကြောင့် အင်္ဂလိပ်-မြန်မာကပြားများသည် သိသာစွာပျောက်ကွယ်သွားခဲ့ကြသည်။
ရန်ကုန်မြို့သည် ၁၉၇၄၊ ၁၉၈၈နှင့် ၂၀၀၇ ခုနှစ်များတွင် အစိုးရဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုများ၏ ဗဟိုအချက်အချာဖြစ်ခဲ့သည်။ ဆန္ဒပြသူများအား အစိုးရမှ ပစ်ခတ်မှုပြုတိုင်း သွေးမြေကျမှုများကို မြို့တော်၏ လမ်းများပေါ်တွင် မြင်တွေ့ခဲ့ရသည်။ မေလ ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်းနာဂစ်သည် ရန်ကုန်မြို့ ကိုတိုက်ခတ်ခဲ့သည်။ မြို့တော်၌ လူအသေအပျောက် အနည်းငယ်ရှိခဲ့ပြီး လေးပုံသုံးပုံသော ရန်ကုန်မြို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတို့ ဖျက်ဆီးခံရ၍၊ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။
၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရသည် ရန်ကုန်မြောက်ဘက် မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) အကွာရှိ နေပြည်တော် ကို အုပ်ချုပ်မှုမြို့တော်အသစ်အဖြစ် သတ်မှတ်၍၊ တပြိုင်နက်တည်းမှာပင် များစွာသော အစိုးရဌာနများကို အသစ်တည်ဆောက်ပြီးသည့် မြို့တော်သို့ ပြောင်းရွှေ့စေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ရန်ကုန်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့တော်နှင့် အရေးကြီးဆုံးစီးပွားရေးဗဟိုအချက်အချာ အဖြစ် ဆက်လက်တည်ရှိနေသည်။
ပထဝီဝင်အနေအထား ပြင်ဆင်ရန်
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ အောက်ပိုင်းတွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ စီးဝင်ရာ မုတ္တမပင်လယ်ကွေ့မှ ၃၀ ကီလိုမီတာ (၁၉ မိုင်)ကွာဝေးသည်။
ရာသီဥတု ပြင်ဆင်ရန်
ရန်ကုန်မြို့ဟာ ကိုပင်၏ ဥတုရာသီ အမျိုးအစားခွဲခြားသတ်မှတ်ခြင်းစနစ်အရ အပူပိုင်းမုတ်သုံရာသီဥတုအတွင်း တည်ရှိသည်။[၁၀] မြို့တော်တွင် မိုးရာသီကာလသည် ရှည်ကြာလေ့ရှိပြီး မေလမှ အောက်တိုဘာလအထိရှိတက်ကာ မိုးရေအများအပြား ရရှိသည်။ နိုဝင်ဘာလမှ ဧပြီလတိုင်အောင် ခြောက်သွေ့သောရာသီပင် မိုးဖွဲ့များ ကျတက်သေးသည်။ များသောအားဖြင့် ရန်ကုန်၌ မိုးများ သည်းထန်စွာရွာသွန်းခြင်းကို မုတ်သုံရာသီကာလအတွင်း တွေ့ရသည်။ တစ်နှစ်ပြီးတစ်နှစ် ကူးပြောင်းလာသည်နှင့် ရန်ကုန်မြို့၏ အပူချိန်သည် အနည်းငယ်ခြားနားလာတက်ကာ ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ၂၉ to ၃၆ ဒီဂရီ စင်တီဂရိတ် (၈၄ to ၉၇ ဒီဂရီ ဖာရင်ဟိုက်) ထိ ရှိတက်ပြီး ပျမ်းမျှအနိမ့်ဆုံးအပူချိန်သည် ၁၈ to ၂၅ ဒီဂရီ စင်တီဂရိတ် (၆၄ to ၇၇ ဒီဂရီ ဖာရင်ဟိုက်) ထိ ရှိတက်သည်။
ရန်ကုန်မြို့ (၁၉၆၁—၁၉၉၀) အတွက် ရာသီဥတု အချက်အလက်များ | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
လ | ဇန်နဝါရီ | ဖေဖော်ဝါရီ | မတ် | ဧပြီ | မေ | ဇွန် | ဇူလိုင် | ဩဂုတ် | စက်တင်ဘာ | အောက်တိုဘာ | နိုဝင်ဘာ | ဒီဇင်ဘာ | နှစ် |
စံချိန်တင် အမြင့်ဆုံး °C (°F) | 37.8 (100) |
38.3 (100.9) |
39.4 (102.9) |
41.1 (106) |
40.6 (105.1) |
36.7 (98.1) |
33.9 (93) |
33.9 (93) |
34.4 (93.9) |
35.0 (95) |
35.0 (95) |
35.6 (96.1) |
41.1 (106) |
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) | 32.2 (90) |
34.5 (94.1) |
36.0 (96.8) |
37.0 (98.6) |
33.4 (92.1) |
30.2 (86.4) |
29.7 (85.5) |
29.6 (85.3) |
30.4 (86.7) |
31.5 (88.7) |
32.0 (89.6) |
31.5 (88.7) |
32.3 (90.1) |
နေ့စဉ် ပျမ်းမျှ °C (°F) | 25.1 (77.2) |
26.9 (80.4) |
28.8 (83.8) |
30.7 (87.3) |
29.2 (84.6) |
27.4 (81.3) |
26.9 (80.4) |
26.9 (80.4) |
27.3 (81.1) |
27.9 (82.2) |
27.2 (81) |
25.3 (77.5) |
27.5 (81.5) |
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) | 17.9 (64.2) |
19.3 (66.7) |
21.6 (70.9) |
24.3 (75.7) |
25.0 (77) |
24.5 (76.1) |
24.1 (75.4) |
24.1 (75.4) |
24.2 (75.6) |
24.2 (75.6) |
22.4 (72.3) |
19.0 (66.2) |
22.6 (72.7) |
စံချိန်တင် အနိမ့်ဆုံး °C (°F) | 12.8 (55) |
13.3 (55.9) |
16.1 (61) |
20.0 (68) |
20.6 (69.1) |
21.7 (71.1) |
21.1 (70) |
20.0 (68) |
22.2 (72) |
21.7 (71.1) |
16.1 (61) |
12.8 (55) |
12.8 (55) |
ပျှမ်းမျှ မိုးရေချိန် mm (inches) | 5 (0.2) |
2 (0.08) |
7 (0.28) |
15 (0.59) |
303 (11.93) |
547 (21.54) |
559 (22.01) |
602 (23.7) |
368 (14.49) |
206 (8.11) |
60 (2.36) |
7 (0.28) |
၂၆၈၁ (၁၀၅.၅၅) |
ပျမ်းမျှ မိုးရွာသွန်းရက်များ | 0.2 | 0.2 | 0.4 | 1.6 | 12.6 | 25.3 | 26.2 | 26.1 | 19.5 | 12.2 | 4.8 | 0.2 | 129.3 |
Average relative humidity (%) | 62 | 66 | 69 | 66 | 73 | 85 | 86 | 87 | 85 | 78 | 71 | 65 | 74 |
Mean monthly sunshine hours | 300 | 272 | 290 | 292 | 181 | 80 | 77 | 92 | 97 | 203 | 280 | 288 | ၂၄၅၂ |
Source #1: World Meteorological Organization,[၁၁] Sistema de Clasificación Bioclimática Mundial (extremes)[၁၂] | |||||||||||||
Source #2: Danish Meteorological Institute (sun and relative humidity)[၁၃] |
မြို့တော်မြင်ကွင်း ပြင်ဆင်ရန်
၁၉၉၀ ခုနှစ် အလယ်နှစ်များတိုင်အောင် ရန်ကုန်သည် ပဲခူး၊ ရန်ကုန်နှင့် လှိုင်မြစ်တို့အကြား ရှေးရိုးကျွန်းဆွယ် နှင့်တူသော အသွင်သဏ္ဌာန်ဖြင့် ပင်ကိုအတိုင်း တည်ရှိနေခဲ့သည်။ လူအများအပြား ပြောင်းရွှေ့ဝင်ရောက်လာ ကြသော်လည်း မြို့တော်မှာ အပြင်ဘက်သို့ အနည်းငယ်မျှသာ ပြောင်းရွှေ့မှုရှိသည်။ ၁၉၄၄ ခုနှစ်၏ မြေပုံအနေအထားအရ အင်းယားကန်၏ မြောက်ဘက်တွင် အနည်းငယ်မျှသော ဖွံ့ဖြိုးတိုးတက်မှုသာရှိခဲ့ပြီး၊ ယခုဘိလပ်မြေဖြင့် ဖုံးလွှမ်းထားသော ဧရိယာများ၊ ပြည့်သိပ်နေသော နေအိမ်များသည် ယခင်က ခြုံနွယ် ပိတ်ပေါင်းတို့ဖြင့် ရှိနေခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းနှစ်များမှ စတင်၍ မြို့တော်သည် မြောက်ဘက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ရှိနေသည့် နေရာအထိ လျင်မြန်စွာ ကျယ်ပြန့်လာသည်။ သို့ရာတွင် ထွက်ပေါ်လာသည့် အဖြေမှာ မြို့တော်ကို နောက်ပိုင်းသို့ ဖြန့်ချခြင်းဖြစ်၍၊ မြို့လယ်ခေါင် ဧရိယာကို ပထဝီဝင်အရ ဗဟိုနေရာမှ ရွှေ့ပြောင်းယူခြင်း ဖြစ်သည်။ မြို့တော်၏ ဧရိယာအကျယ်အဝန်းသည် ၁၉၀၁ ခုနှစ်တွင် ရ၂.၅၂ စတုရန်းကီလိုမီတာမှ ၁၉၄၀ ခုနှစ်တွင် ၈၆.၂ စတုရန်းကီလိုမီတာ၊ ၁၉၇၄ ခုနှစ်တွင် ၂၀၈.၅၁ စတုရန်းကီလိုမီတာ၊ ၁၉၈၅ ခုနှစ်တွင် ၃၄၆.၁၃ စတုရန်းကီလိုမီတာနှင့် ၂၀၀၈ ခုနှစ်တွင် ၅၉၈.၇၅ စတုရန်းကီလိုမီတာသို့ တစ်ဖြည်းဖြည်း တိုးမြှင့်လာသည်။
ခုနှစ် | ခေတ် | ဧရိယာ(စတုရန်းမိုင်) |
---|---|---|
၁၇၅၅ | ရန်ကုန်မြို့စတင်တည်ထောင်စဉ်(အလောင်းမင်းတရားလက်ထက်) | နှစ်မိုင်ခန့်(စတုရန်းမိုင်၏ ရှစ်ပုံတစ်ပုံ) |
၁၈၅၃ | အင်္ဂလိပ်လက်အောက်ကျရောက်စဉ် | ၀.၈ |
၁၉၅၃ | ဖဆပလအစိုးရ | ၄၇.၅၇ |
၁၉၇၃ | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | ၈၀.၅၅ |
၂၀၀၇ | နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ | ၃၅၂ |
လက်ရှိ | ၃၅၀ ကျော် |
ရန်ကုန်မြို့ပြလူဦးရေ ပြင်ဆင်ရန်
ခုနှစ် | ခေတ် | လူဦးရေ |
---|---|---|
၁၇၅၅ | ရန်ကုန်စတင်တည်ထောင်စဉ်ကာလ | ၁၀,၀၀၀ |
၁၈၅၃ | အင်္ဂလိပ်တို့ဝင်ရောက်လာချိန် | ၄၀,၀၀၀ |
၁၉၅၃ | ဖဆပလအစိုးရ | ၈၂၅,၀၀၀ |
၁၉၇၃-၁၉၈၈ | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | ၂,၀၁၅,၂၃၀ |
၁၉၈၈-၂၀၁၁ | နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ | ၆,၆၀၀,၀၀၀ |
၂၀၁၁-၂၀၁၆ | သမ္မတ ဦးသိန်းစိန် အစိုးရ | ၇,၀၀၀,၀၀၀ |
၂၀၁၆-၂၀၁၈ | သမ္မတ ဦးထင်ကျော် အစိုးရ | |
၂၀၁၈-၂၀၂၁ | သမ္မတ ဦးဝင်းမြင့် အစိုးရ | |
၂၀၂၁-ယနေ့ထိ | နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ |
အုပ်ချုပ်ရေး ပြင်ဆင်ရန်
ရန်ကုန်မြို့တော် စီမံခန့်ခွဲခြင်းကိစ္စရပ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Yangon City Development Committee) (YCDC) မှ တာဝန်ယူဆောင်ရွက်သည်။ ရန်ကုန်မြို့တော်၏ မြို့ပြစီမံကိန်းများကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထိန်းကြောင်းဆောင်ရွက်သည်။[၁၅] ရန်ကုန်မြို့တော်ကို ခရိုင်လေးခုအဖြစ် ခွဲခြားထားသည်။ ထိုခရိုင်လေးခုတွင် မြို့နယ်ပေါင်း ၃၃ ခု ပါဝင်သည်။ လက်ရှိ ရန်ကုန်မြို့တော်ဝန်မှာ ဦးဗိုလ်ဌေးဖြစ်သည်။ (၂၀၂၁)ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးအား ခရိုင် (၄)ခုခွဲ၍ အုပ်ချုပ်သည်။ (၂၀၂၂)ခုနှစ် ဧပြီလ (၃၀)ရက်နေ့မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အောက်ပါအတိုင်း ခရိုင်အသစ်များခွဲကာ စီမံအုပ်ချုပ်လျက်ရှိသည်။
ခရိုင် | ပါဝင်သည့်မြို့နယ် |
---|---|
သင်္ဃန်းကျွန်းခရိုင် | သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ တာမွေ |
ဗိုလ်တထောင်ခရိုင် | ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဒေါပုံ၊ သာကေတ |
ဒဂုံမြို့သစ်ခရိုင် | ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ဆိပ်ကမ်း) မြို့နယ်များ |
ကျောက်တံတားခရိုင် | ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ |
အလုံခရိုင် | အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း |
မရမ်းကုန်းခရိုင် | မရမ်းကုန်း၊ လှိုင်၊ မြောက်ဥက္ကလာပ |
ကမာရွတ်ခရိုင် | ကမာရွတ်၊ ဗဟန်း |
ပညာရေး ပြင်ဆင်ရန်
အခြေခံပညာ ပြင်ဆင်ရန်
ရန်ကုန်မြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၁၀၀ ခန့် (ခန့်မှန်း) တည်ရှိသည်။[၁၇]
အဆင့်မြင့်ပညာ ပြင်ဆင်ရန်
- ရန်ကုန်တက္ကသိုလ်၊
- မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊
- ရန်ကုန်နည်းပညာတက္ကသိုလ်၊
- ရန်ကုန် စီးပွားရေး တက္ကသိုလ်၊
- ဆေးတက္ကသိုလ် (၁) ရန်ကုန်၊
- ဆေးတက္ကသိုလ်(၂) ရန်ကုန်၊
- ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊
- ရန်ကုန်ပညာရေးတက္ကသိုလ်၊
- ရန်ကုန်အဝေးသင်တက္ကသိုလ်၊
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊
- သူနာပြုတက္ကသိုလ်(ရန်ကုန်)၊
- ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၊
- ဒဂုံတက္ကသိုလ်၊
- ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊
- ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊
- နည်းပညာတက္ကသိုလ်(မှော်ဘီ)၊
- နည်းပညာတက္ကသိုလ်(သံလျှင်)၊
- ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၊
- ဆေးဝါးတက္ကသိုလ်၊
- ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊
- အခြေခံကျန်းမာရေးတက္ကသိုလ်၊
- သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊
- သမဝါယမတက္ကသိုလ်(သံလျှင်)၊
- အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊
- တပ်မတော်ဆေးတက္ကသိုလ်၊
- တပ်မတော်သူနာပြုနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်၊
- ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)၊
- မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊
- ရန်ကင်းပညာရေးဒီဂရီကောလိပ်၊
- သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၊
- လှည်းကူးပညာရေးဒီဂရီကောလိပ်၊
- အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်၊
- သမဝါယမကောလိပ်(ဖောင်ကြီး)
အစရှိသော အစိုးရပိုင်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များစွာ တည်ရှိသည်။
ကျန်းမာရေး ပြင်ဆင်ရန်
အစိုးရဆေးရုံများ ပြင်ဆင်ရန်
အစိုးရ အထွေထွေရောဂါကု ဆေးရုံများ ပြင်ဆင်ရန်
- ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး ခေါ် (ရန်ကုန်ပြည်သူ့ဆေးရုံကြီး)
- ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး
- မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီး
- သင်္ဃန်းကျွန်း စံပြ အထွေထွေရောဂါကု ဆေးရုံကြီး
- အင်းစိန် အထွေထွေရောဂါကု ဆေးရုံ
- ရန်ကုန် အရှေ့ပိုင်း အထွေထွေရောဂါကု ဆေးရုံ
- ရန်ကုန် အနောက်ပိုင်း အထွေထွေရောဂါကု ဆေးရုံ
- တက္ကသိုလ်များ ဆေးရုံ[၁၈] ခေါ် ရန်ကုန်တက္ကသိုလ် ဆေးရုံ(ခုတင်-၁၀၀)
- ဒဂုံတက္ကသိုလ်ဆေးရုံ (ခုတင်-၅၀)[၁၉]
- လှိုင်သာယာ မြို့နယ်ဆေးရုံ
- သာကေတ မြို့နယ်ဆေးရုံ
- သန်လျင် အထွေထွေရောဂါကုဆေးရုံကြီး
အစိုးရ အထူးကု ဆေးရုံများ ပြင်ဆင်ရန်
- ရန်ကုန် ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီး
- ရန်ကုန် ကလေး ဆေးရုံကြီး
- ရန်ကင်း ကလေး ဆေးရုံကြီး
- ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံကြီး (ယခင်ကိုလိုနီခေတ် Dufferin Maternity ဆေးရုံ)
- ဗဟန်း အမျိုးသမီး ဆေးရုံ ခေါ် (ဒေါ်ခင်ကြည်ဆေးရုံ)[၂၀][၂၁]
- တောင်ဥက္ကလာပ မိခင်နှင့်ကလေး ဆေးရုံ
- ရန်ကုန် အလုပ်သမား ဆေးရုံကြီး
- ရန်ကုန် နား နှာခေါင်း လည်ချောင်း ဆေးရုံကြီး
- ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီး ခေါ် (ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီး)
- ရန်ကုန် အရိုး ဆေးရုံကြီး
- ရန်ကုန် မျက်စိ အထူးကု ဆေးရုံကြီး
- ရန်ကုန် ကူးစက်ရောဂါကု ဆေးရုံ
- ရန်ကုန် တိုင်းရင်းဆေး ဆေးရုံ
- အင်းစိန် အောင်ဆန်း တီဘီရောဂါ အထူးကု ဆေးရုံ
အားကစား ပြင်ဆင်ရန်
နိုင်ငံတွင်းနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံးနှင့် အခြားအားကစား ပြိုင်ပွဲများ ကျင်းပလေ့ရှိသော သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း၊ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း၊ ပဒုမ္မာ အားကစားကွင်း၊ စလင်း အားကစားကွင်း တည်ရှိသည်။ ၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် နှင့် ၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း တွင် ကျင်းပခဲ့သည်။
မြို့ခံအသင် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သော အသင်းတစ်သင်း ဖြစ်သည်။ အိမ်ကွင်းမှ ရန်ကုန်ယူနိုက်တက် အားကစားကွန်ပလပ် ဖြစ်သည်။[၂၂]
အထင်ကရနေရာများ ပြင်ဆင်ရန်
- ရွှေတိဂုံစေတီ(ကမ္ဘာ့အံ့ဖွယ်တစ်ခု အပါအဝင်)
- တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)
- လှော်ကားသဘာဝဥယျာဉ်
- ဗိုလ်ချုပ်အောင်ဆန်းဈေး
- ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်
- အာဇာနည်ဗိမာန်
- လွတ်လပ်ရေးကျောက်တိုင်
- အမျိုးသားပြတိုက်
- ရန်ကုန်တက္ကသိုလ်
- ဆူးလေစေတီတော်
- ကျိုက်ခေါက်စေတီတော်
- ကမ္ဘာအေးစေတီ
- ဗိုလ်တစ်ထောင်ဘုရား
- ဝန်ကြီးများရုံး
- တိုင်းမ်စီးတီး
- ရန်ကုန်မြို့တော်ခန်းမ
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
- ရန်ကုန်ပြည်သူ့ဆေးရုံကြီး
- အမျိုးသားဇာတ်ရုံ (ရန်ကုန်)
- စိန့်မေရီဝတ်ပြုကျောင်းကြီး
- ကရဝိက်
- သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း
- အောင်ဆန်းအားကစားကွင်း
- မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်
- ဆေးတက္ကသိုလ် (၁) ရန်ကုန်
ညီအစ်မမြို့တော် ပြင်ဆင်ရန်
- ယန်ကျိုး၊ ကျန်းစူး ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
- ကူမင်းမြို့၊ ယူနန်ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
- နန်းနင်မြို့၊ ကွမ်ရှီးကျွမ်းပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
- ဟိုချီမင်းစီးတီး၊ ဗီယက်နမ်နိုင်ငံ
- ဘူဆန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံ
- တျူးရင်းမြို့၊ အီတလီနိုင်ငံ
- ဖူကူအိုကာမြို့၊ ဂျပန်နိုင်ငံ
- ကွီဇုန်မြို့၊ ဖိလစ်ပိုင်နိုင်ငံ
ဓာတ်ပုံများ ပြင်ဆင်ရန်
-
ဒုတိယကမ္ဘာစစ် ရန်ကုန်မြို့
-
ဆူးလေစေတီ ညမြင်ကွင်း
-
ဆူးလေစေတီ
အခြားကြည့်ရန် ပြင်ဆင်ရန်
ကိုးကား ပြင်ဆင်ရန်
- ↑ Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 31။
- ↑ "Burma's new capital stages parade"၊ BBC News၊ 27 March 2006။ 3 August 2006 တွင် ပြန်စစ်ပြီး။
- ↑ Martin၊ Steven။ "Burma maintains bygone buildings"၊ BBC News၊ 30 March 2004။ 22 May 2006 တွင် ပြန်စစ်ပြီး။
- ↑ မောင်ခင်မင် (ဓနုဖြူ)
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
- ↑ Pan Hla, Nai (1968). Razadarit Ayedawbon (in Burmese) (8th printing, 2005 ed.). Yangon: Armanthit Sarpay. p. 54
- ↑ Imperial gazetteer of India
- ↑ "Rangoon City", Imperial Gazetteer of India, Oxford: Clarendon Press, 1908
- ↑ Jedidiah Morse; Richard C. Morse (1823), "Rangoon", A New Universal Gazetteer (4th ed.), New Haven: S. Converse
- ↑ Peel, M. C. and Finlayson, B. L. and McMahon, T. A. (2007). "Updated world map of the Köppen–Geiger climate classification". Hydrol. Earth Syst. Sci. 11: 1633–1644. doi: . ISSN 1027-5606.
- ↑ World Weather Information Service – Yangon။ World Meteorological Organization။ 8 May 2012 တွင် ပြန်စစ်ပြီး။
- ↑ Burma (Myanmar) - Rangun (in Spanish)။ Centro de Investigaciones Fitosociológicas။ 14 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 23, 2013 တွင် ပြန်စစ်ပြီး။
- ↑ Myanmar - Rangoon (in Danish)။ Climate Data for Selected Stations (1931-1960)။ Danish Meteorological Institute။ April 27, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 23, 2013 တွင် ပြန်စစ်ပြီး။
- ↑ http://www.news-eleven.com
- ↑ Yangon။ Asian Network of Major Cities 21။ 20 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2006 တွင် ပြန်စစ်ပြီး။
- ↑ ကြေးမုံသတင်းစာ၊ မေ (၁) ၂၀၂၂
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 30 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2019 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 2 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 1 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 January 2019 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 28 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2018 တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်ခင်ကြည်ဆေးရုံ၌ ကလေးမွေးဖွားမှုနှင့် ပတ်သက်သော ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်ပေးမည်ဖြစ်ပြီး အတွင်းလူနာ ၄၀ အထိ လက်ခံကုသမည် – Eleven Media Group
- ↑ http://ygnutd.com
ပြင်ပလင့်ခ်များ ပြင်ဆင်ရန်
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် Yangon နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
- Wikivoyage ရှိ Yangon သို့ ခရီးသွားလမ်းညွှန်များ
- Yangon City Hall website Archived 22 May 2010 at the Wayback Machine.
- Yangon Travel Guide
- Satellite picture by Google Maps