သခင်တင် (ဝိုင်အမ်ဘီ)

(တင်၊ သခင် (ဝိုင်အမ်ဘီ) မှ ပြန်ညွှန်းထားသည်)

သခင်တင် (၁၈၉၄- ၁၉၅၀) သည် ဂီတစာဆို တစ်ဦး ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးတွင် အရေးပါသော တို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်သည့်အပြင်၊ တို့ဗမာ သီချင်း နှင့် ကမ္ဘာမကျေ မြန်မာနိုင်ငံတော်သီချင်း တို့ကို ရေးစပ်သီကုံး ခဲ့သူ ဖြစ်သည်။ သူသည် ဂျပန်တော်လှန်ရေးတွင်လည်း တော်လှန်ရေး သမားတစ်ယောက် အဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။

ဝိုင်အမ်ဘီ သခင်တင်
ဖိုင်:ဝိုင်အမ်ဘီ ဆရာတင်.jpg
မွေးဖွားမောင်တင်
(၁၈၉၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၁၂)ဖေဖော်ဝါရီ ၁၂၊ ၁၈၉၄
မန္တလေးမြို့၊ ရွှေဘုန်းရှိန် (မင်းသားစုရပ်)
ကွယ်လွန်ဩဂုတ် ၈၊ ၁၉၅၀(၁၉၅၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၀၈) (အသက် ၅၆)
နိုင်ငံလူမျိုး မြန်မာ
အခြား အမည်များဝိုင်အမ်ဘီ ဆရာတင်
အလုပ်အကိုင်ဂီတစာဆို
အဖွဲ့အစည်းတို့ဗမာအစည်းအရုံး
ကျော်ကြားမှုအရင်းခံကမ္ဘာမကျေ
တို့ဗမာ သီချင်း
မိဘ(များ)ဦးရန်အောင်၊ ဒေါ်သိန်း
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်ဘွဲ့

ငယ်စဉ်ဘဝ နှင့် ပညာရေး

ပြင်ဆင်ရန်

မြန်မာ သက္ကရာဇ် ၁၂၅၅ ခုနှစ် တပို့တွဲလဆန်း ၇ ရက်နေ့၊ ခရစ်သက္ကရာဇ် (၁၈၉၄)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့၊ ရွှေဘုန်းရှိန်၊ မင်းသားစုရပ်၌ ဖွားမြင်သည်။ အဘမှာသီပေါမင်း လက်ထက် မင်းမှုထမ်းတစ်ဦး ဖြစ်သူ ဦးရန်အောင် ဖြစ်ပြီး မိခင်မှာရွှေဘုန်းရှန် မင်းသားစုရပ် ဒေါ်သိန်း ဖြစ်သည်။ မွေးချင်း သုံးယောက် အနက် မောင်တင်မှာ အလတ် ဖြစ်သည်။

မောင်တင်ခြောက်နှစ်သားအရွယ်တွင် ဘီ၊ တီ၊ အင် ခေါ် ဗုဒ္ဓသာသနနုဂ္ဂဟကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ထိုချိန်က ဘီ၊ တီ၊ အင် ကျောင်း၏ ကျောင်းအုပ် ဆရာကြီးမှာ ၁၉၁၉ ခုနှစ်တွင် ဘိလပ်သို့ မြန်မာ ကိုယ်စားလှယ် အဖြစ် သွားရောက်ခဲ့သော ဖေ၊ ပု၊ ရှိန် သုံးဦးတွင်တစ်ဦး အပါအဝင် ဖြစ်သော ဦးထွန်းရှိန်ပင် ဖြစ်သည်။ မောင်တင်သည် ငယ်စဉ်ကပင် ဂီတ ဝါသနာပါသည့် အလျောက် ကျောင်းအားချိန်များ၌ တေးကိုသာညည်း၍ အချိန်ကုန် စေတတ်သည်။ မောင်တင် ဤသို့နေသည်ကို အတန်းပိုင်က မကြိုက်၊ ပညာသင်မှု နည်းပါးမည်စိုး၍ တေးမညည်းရန် အခါမလပ် သတိပေး ဆုံးမခဲ့သည်။ မောင်တင်ကား သူ့အား မတရားချုပ်ချယ်သည်ဟု ယူဆကာ သတ္တမတန်း အောင်သည်နှင့် ကျောင်းမှ ထွက်လိုက်သည်။

မောင်တင်သည် ဖခင်ကြီး၏ တိုက်တွန်းချက်အရ ကျောင်းဆက်လက်နေခဲ့ရာ ၁၉၀၉ ခုနှစ်၊ အသက် ၁၇ နှစ်အရွယ်တွင် ကယ်လီကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။

ဝိုင်အမ်ဘီ ဆရာ

ပြင်ဆင်ရန်

ဆယ်တန်း အောင်ပြီးနောက် အမ်ဘီတီ အလွတ် ပညာသင်ကျောင်း၌ ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုချိန်မှစ၍ ဆရာတင်ဟု ထင်ရှားစပြုလာသည်။ ဆရာတင်သည် ကျောင်းသားများကို စာပြပြီးလျှင် လက်ဆွဲဘာဂျာတစ်လုံးဖြင့် တေးညည်းလေ့ရှိသည်။ ယင်းသို့ ဝါသနာအလျောက် အားလပ်ချိန်တွင် တေးဆို၍ ဘာဂျာဆွဲနေသည်ကို ဆရာ၏ဂုဏ်သိက္ခာဖြင့် မညီ၊ သဘင်သည်ဆန်သည်ဟု စွပ်စွဲသံများ ကြားရသဖြင့် ဆရာ့သက်တမ်း သုံးနှစ်ခန့်အပြီးတွင် ယင်း အမ်၊ ဘီ၊ တီ ကျောင်းမှ အလုပ်ထွက်လိုက်သည်။

အလုပ်မှ ထွက်ပြီးသောအခါ ဆရာတင်သည် သူ့ဝါသနာ အလျောက် တေးဆို၍ ဘာဂျာဆွဲနေခဲ့သည်။ ဘာဂျာသံကိုလည်း လေးလေးနက်နက် သုတေသနပြုခဲ့သည်။ သီချင်းကြီးများကို ဆိုတီးရင်း ကာလပေါ် သီချင်းများ စတင်ရေးစပ်ခြင်း ပြုခဲ့သည်။

၁၂၇၆ ခုနှစ်ကစ၍ သီချင်းများ ရေးစပ်ခဲ့သည်။ ယင်းအပြင် သူစပ်သော သီချင်းများကို အသံစမ်းခြင်း၊ တေးသွားသွင်းခြင်း စသည်များ ပြုခဲ့သည်။ အောင်မြင်သော သီချင်းရေးဆရာ အဖြစ်လည်း မရောက်သေး၊ စိတ်ချ ယုံကြည်ချက်လည်း မရှိသေးဖြင့် ရေးစပ်ပြီး သီချင်းများကို ဂီတနယ်ထဲသို့ မသွင်းသေးချေ။

တပည့်ဟောင်းများ၏ တိုက်တွန်းချက်များကြောင့် ဆရာတင်သည် ၁၉၁၈ ခုနှစ်ခန့်တွင် ဗုဒ္ဓဘာသာ လူငယ်များ အင်္ဂလိပ်ပညာ သင်ကျောင်း ခေါ် 'ဝိုင်၊ အမ်၊ ဘီ' အလွတ်ပညာသင်ကျောင်းကို မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၆ လမ်းထောင့်၌ စတင် ဖွင့်လှစ်ခဲ့သည်။ ဆရာတင်၏ကျောင်း၌ မန္တလေးမြို့ပေါ်မှ သာမက ရေနံချောင်းချောက်မကွေးစလေ စသော ရပ်ဝေးမြို့မှ ကျောင်းသားများ လာရောက်တက်ခဲ့သည်။ ကျောင်းဖွင့်စက ကျောင်းသား ၁၀ ယောက်မျှသာ ရှိသော်လည်း သုံးလေးလကြာသောအခါ ကျောင်းသား ၅၀ ကျော်မျှဖြစ်လာခဲ့သည်။ ဆရာတင်သည် ညဘက်တွင် စာသင်၍ နေ့ဘက်တွင် သီချင်းစပ်သည်။ သူ၏ ဂီတရိပ်မြုံ စာဆိုဘုံနန်းမှာ မန္တလေးမြို့၊ မင်းသားစုရပ် နှင့် ပြည်လုံးအံ့ လှေတန်းရပ် အကြား၊ ရွှေတချောင်းမြောင်းဘောင် အနောက်ဘက်၊ သဲပုံ စေတီကြီးနှင့် မျက်နှာချင်းဆိုင် ညောင်ပင်ကြီး အောက်ရှိ ကွပ်ပျစ်လေးပင် ဖြစ်သည်။ ဆရာတင် ပထမဆုံး စပ်ဆိုသော သီချင်းမှာ အာကာသဇိုး အမည်ရှိ သီချင်းဖြစ်သည်။ ထိုသီချင်းကို မြခြေချင်း မငွေမြိုင် အား သီဆိုစေရာ အတော်ပင် လူကြိုက်များခဲ့သည်ဟု ဆိုသည်။ ထိုအခါမှ စ၍ ဝိုင်၊ အမ်၊ ဘီ ကျောင်းကို အစွဲပြု၍ သီချင်းရေး ဆရာ 'ဝိုင်၊ အမ်၊ ဘီ ဆရာတင်' ဟု တွင်ကာ တမုဟုတ်ခြင်း ကျော်ကြား လာခဲ့သည်။ ဒုတိယ ရေးသော သီချင်းမှာ ပထမ ကမ္ဘာစစ်အောင် သီချင်း ဖြစ်သည်။ ပထမ ကမ္ဘာစစ်ပြီးဆုံး၍ စစ်အောင်ပွဲများ ကျင်းပသည်တွင် မန္တလေးမြို့ ဥပုသ်တော်ကုန်း၌ စစ်အောင်ပွဲ အထိမ်းအမှတ်ဖြင့် မငွေမြိုင် ပွဲကသော အခါ ဆိုရန် ရေးပေးထားသော သီချင်း ဖြစ်သည်။ ယင်းသီချင်း ဆိုအပြီးတွင် စစ်သားများ အားလုံး မတ်တတ်ရပ်၍ အလေးပြု ကြသည်ဟု ပြောစမှတ် ပြုခဲ့ကြသည်။

ဝိုင်၊ အမ်၊ ဘီ ဆရာတင်သည် ကျောင်းဆရာ လုပ်ရင်း ကာလပေါ် သံဆန်း သီချင်းများ ရေးသား၍ နာမည် ရလာသော အခါ ကျောင်းကပွဲများ ကျင်းပရာတွင် ဆရာတင်သည်ပင် သီချင်းများ ရေးပေးရသည်။ မြန်မာနိုင်ငံ ဦးချစ်မောင်နှင့် အလွန်ရင်းနှီးသည့် အလျောက် ယင်းအငြိမ့် အတွက် သီချင်းများကို ကူး၍ ရေးပေးခဲ့သည်။ ယင်းအငြိမ့်နှင့် အတူ ၁၉၂၅ ခုနှစ်က ရန်ကုန်သို့ လိုက်ပါဖူးသည်။ မန္တလေးမြို့၌လည်း ကိုယ်တိုင် ဦးစီး၍ ဝိုင်၊ အမ်၊ ဘီ တီးဝိုင်း အဖွဲ့ကို ဖွဲ့ပြီး စေတနာ့ ဝန်ထမ်း အဖိုးအခ မယူဘဲ ရပ်ရွာ ကိစ္စများတွင် ကူညီ တီးမှုတ် ပေးခဲ့သည်။ မန္တလေးမြို့၌ ငါးပွင့်ဆိုင် ကွန်ဖရင့်ကြီးပြီး ၁၂၈၃ ခုနှစ်တွင် ဂီတဖြင့်နိုင်ငံရေး စိတ်ဓာတ် လှုံ့ဆော်ရန် တူရိယာ အသင်းချုပ် ဖွဲ့စည်းခဲ့သည်။ နယ်ချဲ့တို့၏ အနှောင့်အယှက် သွေးခွဲမှုကြောင့် ဆရာတင် ရည်ရွယ်ချက် မအောင်မြင်ဘဲ ပျက်ပြားခဲ့သည်။ ဆရာတင်သည် မင်းသမီး ဥဩမယ်တင်၊ ဥက္ကလာ မအေးကြည်၊ တလိုင်းမလေးကျင်၊ နေရှင်နယ် ခင်ပု၊ မြသီ၊ မြရီတို့ အတွက် ဟေမန်တိင်း၊ ရွှေနွယ်ရိုး၊ ပချိုင့်ကလေး၊ သူကလေး၊ အုံ့ပုံးချစ်၊ လူ၊ အောင်တော်မူ၊ မယ့်ဖူးစာ၊ ပလုပ်တုတ်တုတ် စသော သီချင်းများကို ရေးစပ် ပေးကာ သီဆိုခဲ့သည်။

လူသား တစ်ယောက် ဖြစ်၍ ဆရာတင်သည် ငွေအသပြာ အတွက် အချစ် နှင့် သက်ဆိုင်သော သီချင်းများ ရေးစပ်ခဲ့သည်။ ရေးဖန် များလာသော အခါ သူငြီးငွေ့သွားပြီ ဖြစ်သည်။ ၁၉၂၇ ခုနှစ်တွင် နိုင်ငံခြားဖြစ် အင်္ကျီပါး ဝတ်စ ပြုလာသည်ကို သရော်သည့် အနေဖြင့် ဦးချစ်ဖွယ် သီဆိုရန် ဝံသာနု သီချင်း တပုဒ် ရေးစပ်ပေးခဲ့သည်။ ခေတ်ကို သရော်ရာတွင် ဆရာတင်သည် ထူးခြားသော အတွေးအခေါ် အယူအဆ ရှိသူ ဖြစ်သည်။ ခေတ်ပြောင်း တော်လှန်ရေးကို ထာဝစဉ် ရှေးရှုနေသော သူတစ်ယောက်လည်း ဖြစ်သည်။ ဇာတိမာန် ဆွပေးသည့် အလောင်းဘုရား ဦးအောင်ဇေယျ သီချင်းကိုလည်း တပ်လှန့်သည့် သဘောဖြင့် စပ်ဆိုခဲ့သည်။

ဝိုင်၊ အမ်၊ ဘီ တီးဝိုင်း အဖွဲ့ဝင် ဦးဘသိန်းသည့် ရုပ်ရှင်လုပ်ငန်းကို အားကျလာသဖြင့် မြန့်မာ့သွေး ဖလင် ရုပ်ရှင်ကုမ္ပဏီတစ်ခု တည်ထောင်ကာ "ဗိုလ်ဆင်တောင်" ဇာတ်ကားကို ရိုက်ကူးရန် စီစဉ်သော အခါ ဝိုင်၊အမ်၊ဘီ ဆရာတင်က ဒါရိုက်တာလုပ်၍ ကိုယ်တိုင် သီချင်းရေးသည်။ သို့ရာတွင် ဇာတ်ကား မပြီးမီ အိမ်ထောင်ရေး အဆင်မပြေသဖြင့် ရန်ကုန်သို့ ဆင်းလာခဲ့သည်။ ဦးအုံးမောင် တည်ထောင်သော လန်ဒန်အတ် ကုမ္ပဏီ အသံတိတ် ရုပ်ရှင်ကားများ အတွက် ရုပ်ရှင်တီးဝိုင်းတွင် သီဆို၍ သီချင်းများ ရေးပေးသည့် သီချင်းရေးဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ယင်းနောက် မြန်မာအဆွေ နှင့် ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီတို့မှ ဇာတ်ကားများအတွက် သီချင်းများ ရေးစပ်ရသည်။ ရုပ်ရှင် ကုမ္ပဏီများ အတွက် ဆရာတင် စပ်ဆို ပေးခဲ့သော သီချင်း အပုဒ်ပေါင်းမှာ သုံးထောင်ကျော် လေးထောင်နီးပါး ရှိခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှု

ပြင်ဆင်ရန်

တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခြင်း

ပြင်ဆင်ရန်

ဆရာတင် ရန်ကုန်သို့ ဒုတိယ အကြိမ် ရောက်ခဲ့ခြင်းသည် ဆရာတင် အဖို့ နိုင်ငံရေး နယ်ထဲသို့ တနည်းအားဖြင့် ခြေစုံပစ် ဝင်နိုင်ရန် ဖန်တီး သကဲ့သို့ ဖြစ်လာခဲ့သည်။ အကြောင်းမှာမူ သူ ၁၉၁၈-ခုခန့်က သိကျွမ်း ခင်မင်ခဲ့သော သခင် ဘသောင်းနှင့် ရန်ကုန်တွင် တွေ့ရသော ကြောင့်ပင် ဖြစ်သည်။ သခင် ဘသောင်းနှင့် ဆရာတင် စတင် တွေ့ဆုံရသော အချိန်မှာ မန္တလေးမြို့ ဗုဒ္ဓဘာသာ အထက်တန်းကျောင်း ကပွဲ လုပ်စဉ်က ဖြစ်ခဲ့သည်။ သခင် ဘသောင်းသည် မြန်မာပြည်တွင်း ကျွန်စိတ်ပေါက် သူမျာအား မြန်မာပြည်ကို ကျွန်တွင်းမှ နုတ်ယူရန် သခင်အမည်ကို ရှေးဦးဆုံး ခံယူ၍ တို့ဗမာ အစည်းအရုံး ဖွဲ့စည်း တည်ထောင်ရန် အကြံယူစိုင်းပြင်းနေဆဲ ပုဂ္ဂိုလ် ဖြစ်သည်။ သခင်ဘသောင်း၏ သိမ်းသွင်းမှုကြောင့် ဝိုင်၊ အမ်၊ ဘီ ဆရာတင်သည် သခင် အမည်ခံကာနိုင်ငံရေး ကြိုးပမ်းမှုများကို တဖက်တလမ်းမှ ထောက်ခံသည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုနောက် သခင်တင်သည် မန္တလေးမြို့သို့ ပြန်လာခဲ့သည်။ ငွေရှင်ကြေးရှင်နှင့် ဘဝတူ သီချင်းရေးဖော်ရေးဖက်များ၏ နှိမ်မှုကို နာကြည်းတပ်၍ ထည့်သွင်း စပ်ဆိုခဲ့သည်။ သခင်တင်သည် ရန်ကုန်မှ မန္တလေးမြို့သို့ ပြန်ရောက် လာပြီးနောက် သူ့ကျောင်းကို ပြန်ဖွင့်ပြန်သည်။ ရန်ကုန်သို့လည်း မကြာခဏ ဆင်း၍ ရုပ်ရှင် ကုမ္ပဏီများနှင့် ဓာတ်ပြား ကုမ္ပဏီများသို့ သီချင်းရေးပို့လေ့ရှိသည်။ သူ့ကျောင်း၌ စာသင်ရက် မမှန်တော့ဘဲ ဖြစ်ခဲ့ရာ ကျောင်းသားဦးရေ လျော့ပါးလာသည်။ ထိုကြောင့် သူ၏ ဝိုင်၊ အမ်၊ ဘီ ကျောင်းကို ဖွင့်လိုက်ပိတ်လိုက်နှင့် နောက်ဆုံး စတုတ္ထအကြိမ်တွင် လုံးဝပိတ်ကာ ရန်ကုန်သို့ အပြီးပြောင်းရွှေ့သွားခဲ့သည်။

ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် ရန်ကုန်၌ သခင် ဘသောင်း စသည်တို့နှင့် အမြဲ တွေ့ဆုံ ဆွေးနွေးကာ နိုင်ငံရေးသီချင်းများ ရေးရန် အကြံယူလျက် ရှိသည်။ သို့ဖြင့် ယခုနိုင်ငံတော် သီချင်းအဖြစ် ရောက်ရှိလာသော တို့ဗမာ သီချင်း အကောင်အထည်ပေါ်လာခဲ့သည်။ အစပထမတွင် တို့ဗမာ သီချင်းကို 'နောင်ဥဒါန်း ဘယ်မကျေစရာ' အပိုဒ်မှစ၍ ရေးခဲ့သည်။ နောက်မှ မိတ်ဆွေများနှင့် ထပ်မံဆွေးနွေးကာ 'တကောင်း အဘိရာဇာ' အစချီ ခြေဆင်း စာပိုဒ်ကို ထပ်မံ ဖြည့်သွင်းခဲ့သည်။

တို့ဗမာ သီချင်းကို ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်၊ (၁၂၉၂ ဝါဆို လပြည့်ကျော် ၁၁ ရက်) တနင်္ဂနွေနေ့ ညနေ ၅ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော် ရာဟုထောင့် တန်ဆောင်းကြီး၌ အခမ်းအနားနှင့် သခင်တင်ကိုယ်တိုင် သီဆိုခဲ့သည်။

ထိုစဉ်က သခင်တင်မှာ ကိုယ်ပိုင်တူရိယာလည်း မရှိ၊ ငွေပေး၍လည်း မငှားနိုင်ဖြစ်နေရာ သန်းဘရားသား ကုမ္ပဏီမှ တူရိယာပစ္စည်းများကို အခမဲ့ကူညီသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆိုင်းတီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သီချင်းဆိုအပြီးတွင် ရွှေတောင်တန်းသူဌေး ဦးဘိုးညှင်းနှင့် ဇနီး ဒေါ်မြတင်တို့က လက်ဖက်ရည် မုန့်တို့ဖြင့် ဧည့်ခံလိုက်သေးသည်ဟု ဆိုသည်။

အစပထမ လူထုရှေ့မှောက်သို့ တင်ပြရန် ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ညဘက်တွင် သထုံဆောင် သဟာယနှင့် စာဖတ်ခန်း၌ တို့ဗမာ သီချင်းကို ပထမဆုံး သီဆို ပြခဲ့ကြသည်။ သီချင်းပါ စကားလုံးများကို သခင်ဘသောင်း၊ သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်သာဒိုး၊ သခင်ဖိုးနီစသော သခင်များက စုပေါင်းရှာဖွေပေးခဲ့သည်။

၁၉၃၆ ခုနှစ် ဇူလိုင်လတွင် မြင်းခြံမြို့၌ ကျင်းပသော တို့ဗမာ အစည်းအရုံး၏ ဒုတိယအကြိမ် ညီလာခံတွင် အမျိုးသား သီချင်းအဖြစ် ထပ်မံ ဆုံးဖြတ်ချက် ချခဲ့ကြသည်။ ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် နိုင်ငံတော် သီချင်းအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသော တို့ဗမာ သီချင်းသာ မကာ အခြား နိုင်ငံရေး သီချင်းများကိုလည်း စပ်ဆိုခဲ့သေးသည်။ စစ်ကြိုခေတ်တွင် အမျိုးသားရေးနှင့် စပ်လျဉ်းသော တေးသီချင်းများကို အရေးသားနိုင်ခဲ့ဆုံး ဂီတစာဆို ပုဂ္ဂိုလ်လည်း ဖြစ်သည်။

ဖက်ဆစ် တော်လှန်ရေး

ပြင်ဆင်ရန်

ဂျပန်တော်လှန်ရေးတွင်လည်း မြေအောက် ဂျပန်ဆန့်ကျင်ရေး အဖွဲ့နှင့် ဆက်သွယ်ကာ တော်လှန်ရေး သမားတစ်ယောက် အဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။

စစ်ကြီးပြီးသော အခါ ဆရာတင်သည် ပြဇာတ် အဖွဲ့များ အတွက် သီချင်းများကို စတင်ရေးခဲ့သည်။ မိတ်ဆွေဟောင်း ရန်နိုင်စိန် ဦးစီးသော ပြဇာတ် မန္တလေးသို့ ရောက်လာသော အခါ သီချင်းများ ရေးပေးပြီး ကိုယ်တိုင်လည်း သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ဆင်းကာ ဂီတ အနုပညာ နယ်အတွင်း လှည့်လည် ကျက်စားနေခဲ့သည်။

လွတ်လပ်ရေး ရပြီးခေတ်

ပြင်ဆင်ရန်

သခင်တင်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နေ့တွင် မြင်းခြံမြို့၌ ကျင်းပသော လွတ်လပ်ရေးအထိမ်းအမှတ် အောင်ပွဲဝင်အခမ်းအနားတွင် 'နိုးနိုးနာ' ပြဇာတ်နှင့် 'နှစ်ကိုယ့်တစ်စိတ်' အော်ပရာတို့ကို ကိုယ်တိုင် သရုပ်ဆောင်ကပြခဲ့သည်။ အခွင့်အရေးယူသည့် နိုင်ငံရေးသမားများအား သရော်လှောင်ပြောင် ထားသည့် ဇာတ်လမ်းဖြစ်သည်။ ခေတ်ကာလကို သရော်ထားသော ဇာတ်လမ်း ဟုလည်း ဆိုနိုင်သည်။ မြင်းခြံတခွင် ဂီတပညာဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ပြီးနောက် ပုတီးစိပ်ဂိုဏ်းသို့ဝင်ကာ နဝင်္ဂ သီလ ဆောက်တည်ခြင်းဖြင့် လောကုတ္တရာ အကျိုးကို ကျင့်ကြံ အားထုတ်ခဲ့သည်။

ဒေါ်သီတာ ဆိုသူ မိုးကုတ်သူဖြင့် အိမ်ထောင်ကျပြီး သားသမီးမထွန်းကားခဲ့ပေ။ ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် အရပ်ပုသည်။ အသားညိုသည်။ ပါးစပ်ပြဲ၍ မျက်လုံး အရောင်တောက်သည်။ အသံမြည်၍ စူးရှသည်။ အဆိုပိုင်၍ မှင်နှင့်မောင်းနှင့် ဟန်ကောင်းသည်။ စကားပြောရာတွင် စိတ်ရောကိုယ်ပါ ပြောတတ်၍ နားထောင်ကောင်းသည်။ လက်ရေးလက်သားလှသည်။ မြန်သည်။ အင်္ဂလိပ် စကားပြောကောင်းသည်ဟု ဆိုသည်။ စာရေးရာတွင် မင်နက်ကို သုံးလေ့ မရှိ၊ ရဲရင့်သည် ဟူသော အနက်ကို ဆောင်သောမင်နီကို သုံးသည်။ အချို့က လူ့ကန့်လန့်ကြီးဟု ခေါ်ဆိုကြသည်။

ဘဝနိဂုံး

ပြင်ဆင်ရန်

ဘက်စုံ နယ်စုံ ပညာရှင်ကြီး ဝိုင်အမ်ဘီ သခင်တင်သည် တီဘီ ရောဂါဖြင့် မြန်မာ သက္ကရာဇ် ၁၃၁၂ ခု၊ ဒုတိယ ဝါဆိုလပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၁၉၅၀ ဩဂုတ် ၈ ရက်) နေ့ အသက် ၅၇ နှစ် အရွယ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း

ပြင်ဆင်ရန်

မကွယ်လွန်မီ (၁၉၅၀)ပြည့်နှစ် မြန်မာ့ လွတ်လပ်ရေး ဒုတိယ နှစ်ပတ်လည် (၁၉၅၀ပြည့် ဇန်နဝါရီ ၄ရက်) နေ့တွင် သခင်တင်အား နိုင်ငံတော် အစိုးရက "ဝဏ္ဏကျော်ထင်ဘွဲ့" ပေးအပ်ချီးမြင့်ခဲ့သည်။

ရည်ညွှန်းကိုးကား

ပြင်ဆင်ရန်
  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂)
  2. တို့ဗမာသီချင်း (၃၅)နှစ်မြောက် နှင့် ဝိုင်အမ်ဘီ သခင်တင် အထိမ်းအမှတ်စာအုပ်