တဏှာသည် ဝေဒနာကြောင့် ဖြစ်ပေါ်သည်။ "တဏှိယတီတိ တဏှာ" ငတ်မွတ်တတ်သောကြောင့် "တဏှာ" မည်သည်။ မည်သည့်အခါကာလမှာမှ အလိုပြည့်ဝသည်ဟု မရှိဘဲ အမြဲငတ်မွတ်လျက်ရှိနေသည်ကို "တဏှာ" ဟူ၍ ဆိုသည်။[]

တဏှာဖြစ်ပေါ်ခြင်း

ပြင်ဆင်ရန်

ဝေဒနာကြောင့် တဏှာ ဖြစ်ပေါ်၏။ စက္ခုသမ္ဖဿဇာဝေဒနာကြောင့် ရူပတဏှာသည် ဖြစ်ပေါ်သည်။ ထိုရူပတဏှာသည် မျက်စိဟူသည့် ဒွါရမှ ဖြစ်ပေါ်သည်။ ရူပတဏှာ၏ သဘောမှာ မျက်စိအတွေ့ကြောင့် ဖြစ်သည့် ဝေဒနာကို သာယာ၏၊ ထိုမျက်စိအတွေ့ကြောင့် ဖြစ်သည့် ဝေဒနာသည် အဆင်းရူပါရုံနှင့် ကင်း၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် မျက်စိအတွေ့ကြောင့်ဖြစ်သော ဝေဒနာကို သာယာသည်ရှိသော် အဆင်းရူပါရုံကိုလည်းကောင်း၊ ထိုရူပါရုံ၏ တည်ရာအဆောက်အဦဖြစ်သော သက်ရှိသက်မဲ့ ဝတ္ထများကိုလည်းကောင်း သာယာသည် မည်၏။ ထိုသို့ မျက်စိအတွေ့ကို သာယာသော တဏှာကိုပင်လျှင် ရူပါရုံတို့၌ သာယာခြင်းသို့ ရောက်လေသောကြောင့် ပရိယာယ်အားဖြင့် "ရူပတဏှာ" ဟူ၍ ဆိုရသည်။[]

စင်စစ်အားဖြင့် ဆိုပါက မျက်စိ၌ အဆင်းရူပါရုံ ထင်မြင်လာ၏၊ ထိုအခါ စက္ခုဝိညာဏ်ဟု ဆိုအပ်သော အမြင်စိတ် ဖြစ်ပေါ်လာ၏။ ဤသုံးပါးပေါင်းစု၍ ကြိတ်နယ်သကဲ့သို့ ဖြစ်သော "ဖဿ" ဖြစ်ပေါ်၍ လာ၏။ ဖဿကြိတ်နယ်မှုကြောင့် အာရုံ၏ အရသာကို "ဝေဒနာ" ခံစား၏။ ထိုဝေဒနာကို "တဏှာ" က သာယာ၏။ ဝေဒနာသည် တဏှာ၏ အစာအာဟာရ ဖြစ်၏။ သို့ရာတွင် ဝေဒနာကို သာယာသော်လည်း ရူပါရုံကို သာယာသည်ဟု အဓိပ္ပာယ်ရောက်နေသောကြောင့် "ရူပတဏှာ" ဟူ၍ ဆိုသည်။

တိုက်ရိုက်အားဖြင့် ဆိုပါက စက္ခုဒွါရ၌ ဖြစ်ပေါ်သော တဏှာသည် စက္ခုသမ္ဖဿဇာဝေဒနာကို သာယာ၏။ ရူပါရုံသည် တဏှာကြိုက်နှစ်သက်တတ်သော ဝေဒနာတို့ကို တဏှာအရှင်အား ဆက်သွင်းလေ၏၊ ရူပါရုံက ဆက်သွင်းသော ဝေဒနာတို့ကို တဏှာက သိမ်းပိုက်သာယာ၏။ ရူပါရုံသည် တဏှာသခင်၏ လိုသမျှကို ဆက်သွင်းနိုင်သော သူဋ္ဌေးကြီးနှင့် တူသည်။ []

အခြားသော သဒ္ဒတဏှာ စသည့်တဏှာများသည်လည်း ဤနည်းအတိုင်း ဖြစ်သည်။[]

တဏှာနှင့် ကာမုပါဒါန်

ပြင်ဆင်ရန်

[] အချင်းချင်း ထောက်ဆ၍ ရှေးကျသော ဒုဗ္ဗလ (အားသေးသော) လိုချင်မှုကို တဏှာ, ထို့နောက် (အားကြီးသော) လိုချင်မှုကို ကာမပါဒါန်-ဟု ခေါ်သည်။

ထို့ပြင်-ခိုးသူတို့ ဥစ္စာခိုးရန် လက်လှမ်းသကဲ့သို့ အာရုံတစ်ခုခု မရသေးမီ လိုချင်တောင့်တမှုကို တဏှာ လက်ဖြင့် စမ်းသပ်တွေ့ရှိသော ဥစ္စာကို မြဲစွာယူသကဲ့သို့ ရရှိပြီးနောက် စုံစုံမက်မက် နှစ်သက် စွဲလမ်းမှုကို ကာမုပါဒါန်-ဟု ခေါ်သည်။

အပ္ပိစ္ဆတာ (မလိုချင်မှု)၏ ဆန့်ကျင်ဖက် (အစစွာ လိုချင်မှု)ကို တဏှာ, သန္တုဋ္ဌိတာ (တင်းတိမ်ရောင့်ရဲမှု)၏ ဆန့်ကျင်ဖက် (ရပြီးနောက် တင်းမတိမ်နိုင်ပဲ ထပ်ကာ ထပ်ကာလိုချင်မှု)ကို ကာမုပါဒါန်-ဟု ခေါ်သည်။

တောင့်တ, ရှာဖွေမှု ဒုက္ခစု၏ အကြောင်းရင်းကို တဏှာ, ရရှိသော အာရုံကို ကြောင့်ကြစိုက် စောင့်ရှောက်ရမူ ဒုက္ခစု၏အကြောင်းကို ကာမုပါဒါန်-ဟု ခေါ်၏။ ကာမုပါဒါန်-ဟူသော အမည်သည်လည်း တဏှာ၏အမည်ပင် ဖြစ်၏။ [] []

တဏှာအပြား

ပြင်ဆင်ရန်

တဏှာ နှစ်ပါး

ပြင်ဆင်ရန်

ယင်းတဏှာသည်—ဧသနတဏှာ = ပစ္စည်းဥစ္စာ ရှာမှီးကြောင်း တဏှာ,

ဧသိတတဏှာ = ရှာမှီးပြီး ပစ္စည်းဥစ္စာ၌ တပ်မက်မှု တဏှာ(အံ၊ဋ္ဌ၊၃၊၂၇၃)အားဖြင့် ၂-ပါးပြား၏။ []

တဏှာသုံးပါး

ပြင်ဆင်ရန်

ထို့ပြင်—ကာမတဏှာ = ကာမဂုဏ် ၅-ပါး၌ တပ်မက်မှု,

ဘဝတဏှာ = (ကမ္မ, ဥပပတ္တိ)ဘဝကို တပ်မက် တောင့်တမှု,

ဘဝဒိဋ္ဌိ နှင့် တကွဖြစ်မှု ဝိဘဝတဏှာ = (ဥစ္ဆေဒ-ဟုဆိုအပ်သော) ဘဝကင်းခြင်း၌ တပ်မက်မှုအားဖြင့် ၃-ပါးပြား၏။ [] []


ထိုမှတစ်ပါး—ရူပတဏှာ = ရူပဘဝ၌ တပ်မက်မှု,

အရူပတဏှာ = အရူပဘဝ၌ တပ်မက်မှု,

နိရောဓတဏှာ =(ဥစ္ဆေဒ-ဟု ဆိုအပ်သော) ဘဝချုပ်ခြင်း၌ တပ်မက်မှုအားဖြင့် ၃-ပါးပြား၏။ [] []

မရှိသေးသောအရာကို တောင့်တမျှော်လင့်၍ တမ်းတမ်းစွဲ ဖြစ်နေမှုသည် တဏှာ မည်သည်။ တဏှာ၏ တောင့်တချက်သည် ကာလသုံးပါးကို အစွဲပြု၍ သုံးမျိုးရှိသည်။[]

  1. အတိတ်ကာလကို အစွဲပြု၍ "ရှေးအခါ ဤဝတ္ထုမျိုးကို ငါရဖူး၏၊ ထိုဝတ္ထုမျိုးသည် ယခုအခါ ငါ့မှာ မရှိခဲ့ပါတကား၊ ဆင်းရဲလေစွ" ဟု တောင့်တ၏။
  2. အနာဂတ်ကို အစွဲပြု၍ "ဤကဲ့သို့သော ဝတ္ထုမျိုးသည် နောင်အခါ ငါ၌ ရရှိပါမူကား ကောင်းလေစွ" ဟူ၍ တောင့်တ၏။
  3. ပစ္စုပ္ပန်ကို အစွဲပြု၍ "ယခုအခါ ဤဝတ္ထုမျိုးကို သူတစ်ပါးရရှိကြသည်၊ ငါ့မှာမူကား မရရှိ၊ ရလျှင်ကောင်းလေစွ" ဟူ၍ တောင့်တ၏။ []

ဤသည်မှာ တဏှာ၏ တောင့်တချက်သုံးပါး ဖြစ်သည်။[]

တဏှာခြောက်ပါး

ပြင်ဆင်ရန်

တဏှာသည် အောက်ပါအတိုင်း ခြောက်ပါးအပြား ရှိသည်။[]

  1. ရူပတဏှာ - အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာတို့၌ သာယာတပ်မက်ခြင်းကို "ရူပတဏှာ" ဟု ဆိုသည်။
  2. သဒ္ဒတဏှာ - အသံတို့၌ သာယာတပ်မက်ခြင်းကို "သဒ္ဒတဏှာ" ဟု ဆိုသည်။
  3. ဂန္ဓတဏှာ - အနံ့တို့၌ သာယာတပ်မက်ခြင်းကို "ဂန္ဓတဏှာ" ဟု ဆိုသည်။
  4. ရသတဏှာ - အရသာတို့၌ သာယာတပ်မက်ခြင်းကို "ရသတဏှာ" ဟု ဆိုသည်။
  5. ဖောဋ္ဌဗ္ဗတဏှာ - အတွေ့အထိဟူသမျှတို့၌ သာယာတပ်မက်ခြင်းကို "ဖောဋ္ဌဗ္ဗတဏှာ" ဟု ဆိုသည်။ (ဤတဏှာငါးပါးတို့သည် ကာမဂုဏ်ငါးပါး၌ တွယ်တာမက်မောသော တဏှာများ ဖြစ်သည်။)
  6. ဓမ္မတဏှာ - ရူပါရုံ စသော ကာမဂုဏ်ငါးပါးတို့မှတစ်ပါး ဓမ္မရုံခေါ်သော တရားစု၌ သာယာတပ်မက်ခြင်းကို "ဓမ္မတဏှာ" ဟု ဆိုသည်။ ဓမ္မတဏှာ၏ အာရုံတို့သည် အလွန်များပြား၏။ စက္ခုအစရှိသည့် အာယာတနခြောက်ပါးတို့၌ သာယာသည့် တဏှာသည် ဓမ္မတဏှာပင် မည်သည်။ စက္ခုဝိညာဏ်စသော ဝိညာဏ်စသော ဝိညာဏ်ခြောက်ပါးတို့၌ သာယာသော တဏှာသည် ဓမ္မတဏှာ မည်သည်။ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ စသည်တို့၌ သာယာသည့် တဏှာသည် ဓမ္မတဏှာပင် မည်သည်။ ယောက်ျား, မိန်းမ, သားသမီး, ရွှေ, ငွေ, ဥစ္စာ ရတနာဆင်မြင်း, တိုက်အိမ်, ဗိမာန်စသည့် ပညတ်အနန္တစသည်တို့၌ သာယာသည့် တဏှာသည် ဓမ္မတဏှာ မည်သည်။[]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။
  2. ဃမ္မေ တဏှံ’ဝ ဝိန္ဒတိ။ ဇာ၊၁၊၂၄၆။ တဏှံ ဝိန္ဒတိ၊ ပါနီယပိပါသံ ပဋိလဘတိ။ ဇာ၊ဋ္ဌ၊၄၊၁၇၄။
  3. (အဘိ၊ဋ္ဌ၊၂၊၁၇၂။ ဝိသုဒ္ဓိ၊၂၊၂၀၄။ ဝိဘာဝိနီ၊၂၃၆။)
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ တိပိဋကအဘိဓာန် အတွဲ-၉
  5. (အဘိ၊ဓ၊၂၁၅။ အဘိ၊ဝိ၊၃၇၉။ ဝိ၊၃၊၁၅။ ဒီ၊၂၊၂၄၆။ ဒီ၊၃၊၁၈၁။ မ၊၁၊၈၄။ သံ၊၃၊၅၃။ အံ၊၂၊၃၈၇။ ဣတိဝုတ်၊၂၂၉။ မဟာနိ၊၇။ ဒီ၊ဋ္ဌ၊၂၊၃၈၉။ ဒီ၊ဋ္ဌ၊၃၊၁၇၀။ အဘိ၊ဋ္ဌ၊၁၊၃၉၈။ ဣတိဝုတ်၊ဋ္ဌ၊၁၈၉။ သုတ္တနိ၊ဋ္ဌ၊၁၊၁၆။ မဟာနိ၊ဋ္ဌ၊၃၄။ ဝိဘာဝိနီ၊၂၃၆။)
  6. (အဘိ၊ဓ၊၂၁၅။ ဒီ၊၃၊၁၈၁။ မဟာနိ၊၇။ ဒီ၊ဋ္ဌ၊၃၊၁၇၀။ အဘိ၊ဋ္ဌ၊၁၊၃၉၈။ မဟာနိ၊ဋ္ဌ၊၃၄။)