ဝေဒနာ ဆိုသည်မှာ "ဝေဒယတီတိ ဝေဒနာ" ခံစားတတ်သောကြောင့် ဝေဒနာ မည်သည်။ ဖဿဓာတ်၏ ကြိတ်နယ်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော အာရုံ၏အရသာကို ခံစားတတ်သောတရားသည် "ဝေဒနာ" မည်သည်။[၁]

အာရုံ၏ အရသာမည်သည် ပိယ သာတဟု ဆိုအပ်သော ချစ်ခင်နှစ်သက်ဖွယ် သာယာမြတ်နိုးဖွယ်များကို ဆိုလိုသည်။ ဤပိယသာတများသည် သုခဝေဒနာ၏ အစာဖြစ်၍ ထိုသုခဝေဒနာက ခံစားလေသည်။ အပ္ပိယအဿာတ ဟု ဆိုအပ်သော မုန်းဖွယ် မသာယာ မမြတ်နိုးဖွယ်များသည် ဒုက္ခဝေဒနာ၏အစာဖြစ်သော အာရုံအရသာ မည်သည်။ ထိုအပ္ပိယ အဿတ အာရုံအရသာများကို ဒုက္ခဝေဒနာက ခံစားသည်။[၁]

ဝေဒနာအပြားများပြင်ဆင်

ဝေဒနာ (၆) ပါးပြင်ဆင်

ဝေဒနာသည် အောက်ပါအတိုင်း ခြောက်ပါးအပြား ရှိ၏။ ထိုခြောက်ပါးတို့မှာ - [၁]

  1. စက္ခုသမ္ဖဿဇာဝေဒနာ - မျက်စိ၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို စက္ခုသမ္ဖဿဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် စက္ခုသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် စက္ခုသမ္ဖဿဇာဝေဒနာ မည်သည်။
  2. သောတသမ္ဖဿဇာဝေဒနာ - နား၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို သောတသမ္ဖဿဇာဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် သောတသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် သောတသမ္ဖဿဇာဝေဒနာ မည်သည်။
  3. ဃာနသမ္ဖဿဇာဝေဒနာ - နှာခေါင်း၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို ဃာနသမ္ဖဿဇာဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် ဃာနသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် ဃာနသမ္ဖဿဇာဝေဒနာ မည်သည်။
  4. ဇိဝှါသမ္ဖဿဇာဝေဒနာ - လျှာ၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို ဇိဝှါသမ္ဖဿဇာဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် ဇိဝှါသမ္ဖဿဇာဝေဒနာ မည်သည်။
  5. ကာယသမ္ဖဿဇာဝေဒနာ - ကိုယ်၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကိုကာယသမ္ဖဿဇာဝေဒနာဟု ဆိုသည်။ အကျဉ်းအားဖြင့် ကာယသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် ကာယသမ္ဖဿဇာဝေဒနာ မည်သည်။
  6. မနောသမ္ဖဿဇာဝေဒနာ - စိတ်၌ ဖြစ်ပေါ်သော ဖဿအရှိန်အဟုန်အတွက် ဖြစ်ပေါ်သော ဝေဒနာကို မနောသမ္ဖဿဇာဝေဒနာ ဟု ဆိုသည်။ အကျဉ်းအားဖြင့် မနောသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာသည် မနောသမ္ဖဿဇာဝေဒနာ မည်သည်။[၁]

ဝေဒနာ (၃) ပါးပြင်ဆင်

ထိုမှတပါး ဝေဒနာသည် (၁) သုခဝေဒနာ၊ (၂) ဒုက္ခဝေဒနာ၊ (၃) အဒုက္ခမသုခဝေဒနာ ဟူ၍ သုံးပါးအပြားရှိသည်။ [၁]

  1. ချမ်းသာသဖြင့် ခံစားသော ဝေဒနာသည် "သုခဝေဒနာ" မည်သည်။
  2. ဆင်းရဲသဖြင့် ခံစားသော ဝေဒနာသည် "ဒုက္ခဝေဒနာ" မည်သည်။
  3. ချမ်းသားဆင်းရဲနှစ်ပါးမှ အလွတ်ဖြစ်၍ ခံစားသော ဝေဒနာသည် "အဒုက္ခမသုခဝေဒမာ" မည်သည်။[၁]

ဝေဒနာ (၅) ပါးပြင်ဆင်

ထိုမှတပါး ဝေဒနာသည် (၁) သုခဝေဒနာ၊ (၂) ဒုက္ခဝေဒနာ၊ (၃) သောမနဿဝေဒနာ၊ (၄) ဒေါမနဿဝေဒနာ၊ (၅) ဥပေက္ခာဝေဒနာ စသည်အားဖြင့် ငါးပါးအပြား ရှိပြန်သည်။[၁]

ဝေဒနာ (၃) ပါးပြင်ဆင်

ထိုမှတပါး ဝေဒနာသည် အောက်ပါအတိုင်း သုံးပါးရှိပြန်သည် -

  1. အပါယိကဝေဒနာ - အပါယ်ဘုံ၌ ဖြစ်သော ဝေဒနာသည် "အပါယိကဝေဒနာ" မည်သည်။
  2. မာနုဿိကဝေဒနာ - လူ့ပြည်လောက၌ ဖြစ်သော ဝေဒနာသည် "မာနုဿိကဝေဒနာ" မည်သည်။
  3. ဒိဗ္ဗဝေဒနာ - နတ်ဗြဟ္မာတို့၏ ဘုံ၌ ဖြစ်သော ဝေဒနာသည် "ဒိဗ္ဗဝေဒနာ" မည်သည်။[၁]

အပါယိကဝေဒနာသည် ငရဲ၏ ဒုက္ခဝေဒနာ၊ တိရစ္ဆာန်တို့၏ ဒုက္ခဝေဒနာ၊ ပြိတ္တာတို့၏ ဒုက္ခဝေဒနာ၊ အသုရကာယ်တို့၏ ဒုက္ခဝေဒနာဟူ၍ လေးမျိုးရှိသည်။ သိဉ္ဇိုင်းငရဲမှစ၍ အဝီစိတိုင်အောင် ငရဲဘုံတို့၌ ဖြစ်သော ဆင်းရဲမှုကို ငရဲဒုက္ခဝေဒနာဟု ဆိုသည်။ ဤငရဲဆင်းရဲသည် ဒုက္ခဝေဒနာဟူသမျှတို့တွင် အကြီးအကျယ်ဆုံး ဖြစ်သည်။ မနုဿိကဝေဒနာဟု ဆိုအပ်သည့် လူ့ဘုံ၌ ဖြစ်သော ဝေဒနာသည် ချမ်းသာဆင်းရဲတွဲဖက်ရောနှောလျက် ရှိသည်။[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။