A globus

ပထဝီဝင် ဆိုသည်မှာ ကမ္ဘာ့မျက်နှာပြင် အပေါ်နှင့် မျက်နှာပြင် အနီးရှိ နေရာ၊ အကျယ်အဝန်း၊ ပျံ့နှံ့နေထိုင်မှု၊ အကြိမ်အရေအတွက်နှင့် လူနှင့် သဘာဝပတ်ဝန်းကျင်ကြား ဆက်စပ်ပြောင်းလဲနေသော အရာတို့ကို လေ့လာသော ပညာရပ် ဖြစ်သည်။ အထူးသဖြင့် ၄င်းတို့၏ သွင်ပြင်လက္ခဏာနှင့် ကမ္ဘာပေါ်တွင် လူ အပါအဝင် သက်ရှိတို့ ပျံ့နှံ့နေထိုင်မှု နှင့် လူတို့၏ လုပ်ဆောင်ချက်များမှ ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုတို့ကို လေ့လာခြင်း ဖြစ်သည်။ ရူပပထဝီဝင် ဘာသာရပ်သည် ရုပ်ပိုင်းဆိုင်ရာ၊ မိုးလေဝသဆိုင်ရာ နှင့် သဘာဝသိပ္ပံဆိုင်ရာ သွင်ပြင် လက္ခဏာများကို လေ့လာသော ဘာသာရပ်ဖြစ်ပြီး လူမှုပထဝီဝင် ဘာသာရပ်မှာ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု လုပ်ငန်းဆောင်တာများကို လေ့လာသော ပညာရပ် ဖြစ်သည်။ ပထဝီပညာရှင်များသည် လူနှင့် သဘာဝဆိုင်ရာ သွင်ပြင် လက္ခဏာများကို လေ့လာရုံသာမက နေအဖွဲ့အစည်းနှင့်စကြာဝဠာအတွင်း ကမ္ဘာ၏ တည်နေရာနှင့် ၄င်းတို့မှ ကမ္ဘာမြေအပေါ် မည်သို့ အကျိုးသက်ရောက်ပုံ (ဥပမာ ရာသီဥတု၊ ပင်လယ်ရေစီးကြောင်းများ၊ ဒီရေ) တို့နှင့် အခြားသော ဂြိုဟ်ကမ္ဘာများပေါ်ရှိ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေအနေများကိုလည်း လေ့လာကြသည်။