တရားသူကြီးမှတ်စာ
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
တရားသူကြီး မှတ်စာ ဟူ၍ လူသိများသော ဣသရေလ(အစ္ဇရာလိုက်)မျိုးနွယ်တို့ကို ကာကွယ်သူ ခေါင်းဆောင်များ[မှတ်စု ၁] ကျမ်း (ספר שופטים, အင်္ဂလိပ်: The Book of Judges) သည် ဟီဘရူးသမ္မာကျမ်းစာနှင့် ခရစ်ယာန် ဓမ္မဟောင်းကျမ်းတို့၏ သတ္တမမြောက်ကျမ်းစာအုပ် ဖြစ်သည်။ ဂျောရှုဝါကျမ်း (ယောရှုမှတ်စာ) တွင်ဖော်ပြထားသော အောင်မြင်မှုကာလမှ ဆမ်မြူယယ်လ်ကျမ်းမှ (ဓမ္မရာဇဝင်ပထမစောင်) တိုင်းပြည်တည်ထောင်ခြင်းအထိ လွှမ်းခြုံနိုင်သော အကြောင်းများပါဝင်သည်။ ယင်းကာလများ၌ သမ္မာကျမ်းလာ တရားသူကြီးဟု ခေါ်သောသူများသည် ယာယီခေါင်းဆောင်များအဖြစ် ထမ်းရွက်ခဲ့ကြသည်။[၂] ဇာတ်လမ်းများသည် တညီတညာတည်းသော ပုံစံအသွင်များဖြစ်၍ လူများသည် 'ယာဝေး' (ယာဗေး) (Yahweh) ဘုရားသခင်ကို မယုံကြည် သစ္စာမရှိသူများဖြစ်၍ ဘုရားသခင်သည် ၎င်းတို့ကို ရန်သူများလက်အတွင်းသို့ ပို့ဆောင် ခဲ့သည်။ လူများ နောင်တရ၍ ဘုရားသခင်ကို တောင်းပန်ကြရာ ဘုရားက ခေါင်းဆောင် (ချန်ပီယံ) တို့ကို စေလွှတ်ခဲ့သည်။ ထိုစေလွှတ်ခံသူများက ဣသရေလ(အစ္ဇရာလိုက်)များကို ဖိနှိပ်ခြင်းမှ ကင်းလွတ်စေ၍ ကြွယ်ဝစေသည်။ သို့သော် များမကြာမီ ဘုရားသခင်အပေါ် ယုံကြည်မှု ပျက်ပြားလာပြန်သည်။ ဇာတ်လမ်းများမှာ ဤသို့ ထပ်ကျော့ပြန်ဖြစ်သည်။[၃] ပညာရှင်များက ဤကျမ်း၌ပါသော ဇာတ်လမ်းများသည် ယောရှုမှတ်စာ၊ တရားသူကြီးမှတ်စာ၊ ဓမ္မရာဇဝင်ပထမစောင် မှ စတုတ္ထစာစောင်၊ယေရမိအနာဂတ္တိကျမ်း များသမိုင်းတွင် အဓိက ကျမ်း၏ နန်းဆက်နေ့စွဲ တည်းဖြတ်သည့်မူတစ်ခုအရ ဘီစီ (၆၀၀/၇၀၀/၈၀၀) သက်တမ်းရှိနိုင်ပြီး ရှေးအကျဆုံး ဖြစ်တန်ရာဟူ၍ ယူဆကြသည်။ ဤကျမ်းပါ ဒေဗေါရသီချင်းများသည် ပို၍ စောနိုင်သည်ဟူ၍လည်း ယူဆကြသည်။[၄][၅]
၁။ စံတော်မီဝိသေသလက္ခဏာ
လူ့သမိုင်းစဉ်ကာလတလျှောက်တွင် ဘုရားသခင်က အားနည်းချက်ရှိသော လူသားအား တစ်မျိုးတစ်ဖုံ ထူးခြားစွာ အသုံးပြုပါသည်။ တရားသူကြီးမှတ်စာကို အချက်(၃)ခုဖြင့်ချိန်ထိုးပါသည်။ “ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအမိုက်အရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စြေခင်းငှါ လောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏” (၁ကော ၁:၂၇-၂၉)။ ဥပမာအားဖြင့် ဘယ်ကျော်ဧဟုဒကို သုံး၍ ဣသရေလအမျိုးကို ကယ်တင်ခဲ့သည်။ သာမန်အားဖြင့် ဘယ်လက်မှာ ညာလက်ထက် အသုံးနည်း၍ အင်အားချို့တဲ့သည်။ ရှံဂါသည်ဟု တုတ်ချွန်ဖြင့် ဖိလိတ္တိသားများကို အနိုင်ယူ တိုက်ခိုက်ပြန်သည်(၃:၃၁)။ အားနွဲ့သူမိန်းမသား ဒေဗောရသည် (၄:၁-၅:၃၁) ဗာရက်၏ စစ်သားတစ်သောင်း အင်အားထက် အစွမ်းတန်ခိုးရှိသည်။ သံရထား ၉၀၀ ပိုင်စိုးသော သိသရစစ်သူကြီးကိုလည်း အတိတ်နိမိတ် ဖတ်၍ အနိုင်ယူသည် (၄:၁၀-၁၃)။ မိန်းမသားယေလက တံသင်တစ်ချောင်းတည်းဖြင့် စစ်သူကြီး သိသရအား သတ်ဖြတ်နိုင်သည် (၄:၂၁) သူ့တံသင်ကိုလည်း ဘယ်လက်ဖြင့် ထိုးစိုက်သည် (၅:၂၆ Septuagint) စစ်သူကြီး ဂိဒေါင်သည် ဘုရားသခင်၏ အမိန့်အတိုင်း စစ်သည်တော် ၃၂,၀၀၀ ကိုလျှော့ချ၍ လက်ရွေးစင်စစ်သား ၃၀၀ ဖြင့် သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ (၇:၁-၈) မုယောမုန့်တစ်ချပ် အိပ်မက်ဖြင့် မိဒျန်တပ်တစ်ခုလုံး ပျက်စီးသွားသည် (၇:၁-၃)။ ဂိဒေါင်၏ စစ်သည်တော်များ ကိုင်ဆောင်သော စစ်လက်နက်ပစ္စည်းများမှာ တံပိုး၊ မီးခွက်နှ၍့် မြေအိုးအစရှိသော ချက်ချင်း လူမသေစေနိုင်သောအရာ ဝတ္ထုများသာဖြစ်သည် (၇:၁၆)။ မိန်းမတစ်ယောက်၏ ကျောက်ဆုံဖြင့် ပစ်ပေါက်လိုက်မှုကြောင့် စစ်သူကြီး အဘိမလက် ခေါင်းကွဲသေပွဲဝင်ရသည် (၉:၃၅)။ ၁၀:၁ တွင်ပါရှိသည့် တောလဆိုသည်မှာ တုပ်သန်ကောင်ဟု အနက်ရသည်။ ရှုံဆုန်၏ မိခင်ကို စတွေ့သောအခါ မြုံမဖြစ်သည် (၁၃:၂)။ ရှံဆုံသည် မြည်းမေးရိုးဖြင့် ဖိလိတ္တိလူတစ်ထောင်ကို နှိမ်နင်းခဲ့သည် (၁၅:၁၅)။
၂။ ကျမ်းရေးသူ
တရားသူကြီးမှတ်စာ ရေးသားသူကို အတိအကျမသိရသော်လည်း ယုဒတာလမွတ် Talmud နှင့် ရှေးဦးခရစ်ယာန်များက တရားသူကြီးမှတ်စာ၊ ရုသနှင့် ဓမ္မရာဇဝင်ကျမ်းများကို ရှမွေလစီရင်ရေးသားသည်ဟု ခံယူသတ်မှတ်ကြသည်။ ထိုအဆိုကို (၁ရာ ၁၀:၂၅)က ဤသို့ထောက်ခံထားသည် “ပရောဖက်တစ်ပါး စီရင်ရေးသားသည်” ဟုဆိုသည်။ ကျမ်းစာပါအတွင်း သရုပ်အကြောင်းအရာများသည်လည်း ရှမွေလလက်ထက် အဖြစ်အပျက်များဖြစ်သောကြောင့် မှန်ကန်သည်ဟု ယူဆရသည်။
၃။ အချိန်ကာလ
သက်ဦးဆံပိုင်စနစ်ထွန်းကားသော ပထမရာစု ခေတ်ဦးကာလ(ဘီစီ ၁၀၅၀-၁၀၀၀)ကာလဖြစ်ကြောင်း အောက်ပါအချက်များဖြင့် သက်သေထူပါသည်။
အချက်အလက်ပေါင်းများစွာထဲမှ ပထမဆုံးသက်သေစကားမှာ “ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ” ဟူသော ကျမ်းစကားဖြစ်၍ (၁၇:၆၊၁၈:၁၊ ၁၉:၁၊ ၂၁:၂၅)တို့တွင်မူ ရှင်ဘုရင်အုပ်စိုးဟန်ရှိသည်။
ဒုတိယအချက်မနေဖြင့် ၁:၂၁ ကျမ်းပိုဒ်အရ ဒါဝိဒ်မင်းက သိမ်းပိုက်သည့်ကာလထိ ယေဗုသိလူများ ယေရုရှလင်တွင် ရှိနေကြသည်။ နောက်ဆုံးအချက် အဖြစ် ၁:၂၉ တွင် ပါရှိသည့် ဂေဇာမြို့သည် ဖာရောဘုရင်က ရှောလမုန်မင်းသို့ မင်္ဂလာလက်ဖွဲ့အဖြစ် ပေးဆက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှောလုမင်းနန်းစံချိန် သို့မဟုတ် ဒါဝိဒ်မင်း နန်းတက်ခါစကာလဟု ယူဆနိုင်ပေသည်။
၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်
ဣသရေလ လူမျိုးခေါင်းဆောင် ယောရှု ကွယ်လွန်သွားပြီးနောက် ဣသရေလလူတို့၏ သမိုင်းကြောင်း ဖြစ်သည်။ ဣသရေလလူတို့သည် ဒေသခံခါနန်လူများအား အကုန်အစင် ရှင်းလင်းခြင်း မပြုခဲ့ကြ။ အကြွင်းအကျန် အစအနများ ရှိနေကြသေးသည်။ ထို့ကြောင့် မူလက ရုပ်တုကိုးကွယ်ချင်စိတ်ဓာတ်ခံ ရှိသည်နှင့်အတူ ဒေသခံများနှင့် ပူးပေါင်း၍ ရုပ်တုကိုးကွယ်လာကြသည်။ သို့ဖြင့် ဘုရားသခင်၏လူများသည် တစ်ပါးအမျိုးသားများ၏ လက်အောက်ဩဇာခံတဖန် ဖြစ်ရပြသည်။ ခွေးမြီးကောက် ကျဉ်တောက်စွပ်သည့်နှယ် ဣသရေလလူတို့သည် ဖိစီးနှိပ်စက်မှုဒဏ် မခံနိုင်ကြသောအခါ ဘုရားသခင်အားတမ်းတကြပြန်သည်။ ထိုကာလတွင် တရားသူကြီးများ ပေါ်ထွန်းစေသည်။ သို့ဖြင့် ဤကျမ်းစာကို တရားသူကြီးမှတ်စာဟု ခေါ်တွင်ရသည်။
တရားသူကြီးမှတ်စာသည် ဩသံယေလမှ ရှံဆုန်ခေတ်ထိ နှစ်ပေါင်း ၃၂၅ နှစ်ကာလအတွင်း အဖြစ်အပျက်များ မှတ်တမ်းတင်ခြင်းဖြစ်သည်။
တရားသူကြီးဟု ဆိုသော်လည်း တရားသူကြီးထက် စစ်ခေါင်းဆောင်များဖြစ်ကြသည်။ စစ်ရေးစစ်ရာတွင် အောင်မြင်ကျော်ကြားသောအမျိုးသား သူရဲကောင်းများဖြစ်သည်နှင့်အညီ ဣသရေလလူထု၏ ငြိမ်းချမ်းရေး၊ လွတ်လက်ရေး တည်ဆောက်နိုင်ကြသည်။ ဣသရေလလူထုအား ဦးစီးခေါင်းဆောင်မည့် တရားသူကြီး(၁၂)ပါး ပေါ်ထွက်ခဲ့သည်။ အချို့တရားသူကြီးများ၏ အမည်နာမကို ကျမ်းစာမျက်နှာအများအပြားတွင် တွေ့ရှိ၍ အချို့သည် တစ်နေရာစ၊ နှစ်နေရာစများတွင်သာ တွေ့ရသည်။ ဣသရေလလူမျိုး(၉)ပါးမှ ပေါ်ထွန်းလာကြ၍ လူထုကို မက်ဆိုပိုတေးမီးယား၊ မောဘ၊ ဖိလိတ္တိ၊ ခါနန်၊ မိဒျန်နှင့် အမ္မုန်လူတို့၏ လက်ထဲမှ ကယ်လွှတ်ကြသည်။ တရားသူကြီးများခေတ်သည် ရှမွေလလက်ထက်တိုင်အောင် ထွန်းကားတည်တံ့ခဲ့သည်။
တရားသူကြီးမှတ်စာသည် သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းမှတ်ရာများသာမကပါ။ ပထမပိုင်း အခန်းကြီး(၂)ခုတွင် သမိုင်းကြောင်းဆိုင်ရာနှင့်ပရောဖက်အခန်းကဏ္ဍများလည်း ပါဝင်သည်။ တရားသူကြီးများ ကိုယ်တိုင် မှတ်တမ်းတင်ထားသောအခန်း ၃-၁၆သည် သမိုင်းကြောင်းဆိုင်ရာများသာမဟုတ်ပါ။ အချို့တရားသူကြီးများ၏ လုပ်ဆောင်ခက်များသည် တစ်ချိန်တည်းတပြိုင်တည်းတွင် စစ်ရေးအောင်မြင်မှုများ၇ှိကြသည်။ ထို့ကြောင့် ဤကျမ်းစာစောင်မှ ခုနှစ်သက္ကရာဇ်များသည် အရေးကြီးသည်။ စုစုပေါင်းအကြိမ်(၄၀၀)ပါရှိသည် (တ ၁၃:၁၉-၂၀၊ ၃ရာ ၆:၁)။
နိဂုံးပိုင်းအခန်း ၁၇-၂၁တွင် ဘာသာရေး၊ ကိုယ်ကျင့်တရား၊ လူမှုစရိုက်ဖောက်ပြန်ပျက်စီးပုံများကို ရေးသားထားသည်။ ထိုခေတ်ကာလ၏ လူနေမှုစရိုက်ကို ပုံဖော်ထားသည်။ “ထိုခေတ်ကာလ၏ ရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည့်အတိုင်းပြုကြသည်” ဟု ကွက်ကွက်ကွင်းကွင်း ရှင်းပြထားသည်။
သမ္မာကျမ်းစာပါသမျှ စကားလုံးတိုင်းသည် ဘုရားသခင်တန်ခိုးမှုတ်သွင်းတော်မူသော စကားတော်များ ဖြစ်သည်ဟု ယုံကြည်လက်ခံလျှင် တရားသူကြီးမှတ်စာသည်လည်း ဝိညာဉ်ရေးရာ သင်ခန်းစာများစွာရရှိနိုင်သည်။ အချို့သင်ခန်းစားများကို ဖိနှိပ်သူ လူတန်းစား တစ်ပါးအမျိုးသားများထံမှ ရယူနိုင်သကဲ့သို့ တရားသူကြီးတို့၏ လုပ်ဆောင်ပုံတွင်လည်း ထုတ်ယူနိုင်သည်။ ဖိနှိပ်နေသော လောကဝန်ထုတ်ဝန်ပိုးများဟု ယူနိုင်သကဲ့သို့ တရားသူကြီးများသည် ဝိညာဉ်ရေးရာ သူရဲကောင်းကြီးများအဖြစ် ရှုမြင်နိုင်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်များဖြစ်သော်လည်း လူ့သမိုင်းတွင် ဂန္ထဝင်ဖြစ်၍ လက်တွေ့အသက်တာအတွက် သင်ခန်းစားများစွာ ရရှိနိုင်သည်။၁
ကျမ်းစာလေ့လာရာတွင် အစွန်းနှစ်ဖက်သည် အန္တရာယ်ကြီးမားပါသည်။ ထို့ကြောင့် လူ့စိတ်ကူး စိတ်သန်းများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါမည်။ အချို့အမည်နာမများ၏ အဓိပ္ပာယ်သည် အတိအကျ တစ်ခုတည်းယူ၍ မရ။ အဓိပ္ပာယ်အမျိုးမျိုး ပေါ်နိုင်ရာ အသင့်လျော်ဆုံး အဓိပ္ပာယ်ကောက်ယူထားသည်။
ပါဝင်သည့်အချက်များ
၁။ ရှေ့နောက်ဆင်ခြင်ြခင်း (၁:၁–၃:၆)
(က) အတိတ်ကိုပြန်လှည့်ကြည့်ခြင်း (၁:၁–၂:၁၀)
(ခ) ရှေ့သို့မျှော်ကြည့်ခြင်း (၂:၁၁–၃:၆)
၂။ တရားသူကြီးများလက်ထက် (၃:၇–၁၆:၃၁)
(က) ဩသံယေလ (၃:၇–၁၁)
(ခ) ဧဟုဒ (၃:၁၂–၃၀)
(ဃ) ဒေဗေါရနှင့်ဗာရက် (အခန်း ၄–၅)
၁။ ဘဝဇာတ်လမ်း (စကားပြေ) (အခန်း၄)
၂။ ဘဝဇာတ်လမ်း (ကဗျာ) (အခန်း ၅)
(င) ဂိဒေါင် (၆:၁–၈:၃၂)
၁။ အမှုတော်အတွက် ဂိဒေင်ခေါ်ယူခြင်း (အခန်း ၆)
၂။ ဂိဒေါင်၏ စစ်သည်တော်သုံးရာ (အခန်း ၇)
၃။ ဖိလိတ္တိတို့ကို အောင်နိုင်ခြင်း (၈:၁-၃၂)
(စ) အဘိမလက် မတရားသိမ်းပိုက်ခြင်း (၈:၃၃–၉:၅၇)
(ဆ) တောလနှင့်ယာဣရ (၁၀:၁–၅)
(ဇ) ယေဖသ (၁၀:၆–၁၈)
၁။ ဣသရေလတို့ ကံဆိုးမိုးမှောင်ကျခြင်း (၁၀:၆-၁၈)
၂။ ယေဖသက ဣသရေလတို့ ကွယ်ကာခြင်း (၁၁:၁-၂၈)
၃။ ယေဖသ၏ ကတိသစ္စာ (၁၁:၂၉-၄၀)
၄။ ယေဖသက ဧဖရိမ်လူများကို သတ်ဖြတ်ခြင်း (၁၂:၁-၇)
(ဈ) ဣဗဇနိ၊ ဧလုန်နှင့် အာဗဒုန် (၁၂:၈–၁၅)
(ည) ရှံဆုန် (အခန်း ၁၃–၁၆)
၁။ ဘုရားသခင်၏ အမွေတော်ဆက်ခံခြင်း (အခန်း၁၃)
၂။ ရှံဆုန်၏ ပွဲတော်နှင့် စကားထာ (အခန်း၁၄)
၃။ ရှံဆုန်လက်တုံ့ပြန်ခြင်း (အခန်း၁၅)
၄။ ဒေလိလက ရှံဆုန်ကိုလှည့်စားခြင်း (အခန်း၁၆)
၃။ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးခြစားခြင်း (အခန်း ၁၇–၂၁)
(က) မိက္ခာ၏ ဘာသာရေးဆောက်တည်ပုံ (အခန်း ၁၇)
(ခ) မိက္ခာနှင့် ဒန်အမျိုး (အခန်း ၁၈)
(ဂ) လေဝိအမျိုးနှင့် မယားမြှောင်များ (အခန်း ၁၉)
(ဃ) ဗင်္ယာမိန်အမျိုးနှင့် စစ်ဖြစ်ကြခြင်း (အခန်း ၂၀–၂၁)
မှတ်စု
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ The Definition of 'Judge' in OED
- ↑ Niditch 2008, pp. 2–3.
- ↑ Soggin 1981, p. 4.
- ↑ Bacon & Sperling 2007, pp. 563–66.
- ↑ Alter 2013, p. 105.