တိစီဝရိက်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ဆောက်တည်မည့်ရဟန်းသည် ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံဧကသီ၊ ဒုကုဋ် သင်္ကန်းကြီး ဟူသည့် သင်္ကန်းသုံးထည်ကိုသာ အသုံးပြုရ၏။ ထိုသုံးထည်မှတပါး အခြားသော သင်္ကန်းကို သုံးဆောင်ခြင်း မပြုရပေ။[၁]

ဆောက်တည်ပုံ ပြင်ဆင်ရန်

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် စတုတ္ထကစီဝရံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့် ဖြစ်စေ၊

တေစီဝရိကင်္ဂံ သမာဓိယာမိ ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊ သုံးထည်သော သင်္ကန်းကို ဝတ်ရုံလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ မြန်မာဘာသာဖြင့် ဖြစ်စေ ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

တေစီဝရိကဓုတင်ဆောင် ရဟန်းသည် သင်္ကန်းလျာပုဆိုး ရသည်ဖြစ်၍ ချုပ်ဆိုးမှုမပြုနိုင်အောင် မနာမကျန်းခြင်း စီရင်မည့်သူမရှိခြင်း အပ်စသော အဆောက်အဦ မပြည့်စုံခြင်း ဟူသော အကြောင်းရှိခဲ့သော် သိုမှီးသိမ်းထား နိုင်ခွင့်ရှိသည်၊ အပြစ်တစုံတရာ မရှိ၊ ဆိုးပြီးဖြစ်လျှင် သိုမှီးသိမ်းထားခွင့် မရှိ၊ ဓုတင်္ဂစောရ = ဓုတင် သူခိုးဖြစ်မည် [၂] ၌ကား ချုပ်ဆိုးပြီး၍ မဝတ်ရုံနိုင်သော် ပရိက္ခာရစောဠအဖြစ် အဓိဋ္ဌာန်တင် ကာ ၁၀-ရက်အထိ ထားနိုင်၏ဟု ဆိုသည်။ [၃]

ဓုတင်ဆောင် ပုဂ္ဂိုလ် ၃-မျိုး ပြင်ဆင်ရန်

ဤ၌လည်း

(၁) အမြတ်စား (= ဥက္ကဋ္ဌ) ဓုတင်ဆောင် ပုဂ္ဂိုလ်သည် သင်္ကန်းဆိုးခိုက် ဝတ်ရုံရန် သင်္ကန်းပို မထားရ၊ သင်္ကန်း ဆိုးခဲ့သော် သင်းပိုင် ကိုယ်ဝတ်တို့တွင် တထည်ထည်ကို ရှေးဦးစွာဆိုး၍ ကျန်တထည်ကို ဝတ်ရသည်၊ ၂-ထပ် သင်္ကန်းကြီးကိုမူ မဝတ်ကောင်း၊ ဤကား ရွာနီးကျောင်း၌သာ ကျင့်ရမည့် ဝတ်ဖြစ်၏။ တောကျောင်းဖြစ်မူ သင်းပိုင် ကိုယ်ဝတ် ၂-ထည်လုံး ဖွပ်လျှော်ပြီး ဆိုးနိုင်သည်၊ သို့သော် တစုံတယောက် တွေ့မြင်ခဲ့သော် အလွယ်တကူ ဆွဲယူ၍ ဝတ်နိုင်အောင် သင်္ကန်း၏အနီး၌နေရသည်။

(၂) အလတ်စား (= မဇ္ဈိမ) ဓုတင်ဆောင်ပုဂ္ဂိုလ်သည် သင်္ကန်း ဆိုးခိုက်၌ သုံးဆောင်သော သီးသန့်သင်္ကန်းကို ဝတ်ရုံလျက် သင်္ကန်းဆိုးရသည်။

(၃) အညံ့စား (= မုဒုက) ဓုတင်ဆောင်ပုဂ္ဂိုလ်သည် သဘာဂ ရဟန်းတို့၏ သင်္ကန်းကို ဝတ်ရုံလျက် ဆိုးနိုင်သည်၊ ကျောင်း၌ ရှိသော အိပ်ရာလွှမ်းကိုမူလည်း ဝတ်ရုံလျက် ဆိုးနိုင်သည်၊ သို့သော် သွားလေရာရာ ယူခွင့် မရှိ။ သဘာဝရဟန်းတို့၏ သင်္ကန်းကို ကြိုးကြား ကြိုးကြား ခေတ္တငှါးရမ်း၍လည်း ဝတ်ရုံသုံးဆောင်နိုင်သည်။ ယင်းပုဂ္ဂိုလ် ၃-မျိုးလုံး ၄-ထည်မြောက်ဆိုလျှင် (အလျား ၃-တောင် အနံ ၁-သာရှိသော) အံသကိုဋ် တထည်သာ အပ်၏၊ [၄] [၃]

အံသကုဋ် ပြင်ဆင်ရန်

(ယခုဝတ်နေကြသော အင်္ကျီနှင့်တူသောအံသကိုဋ်များကို မဆိုလို)။ အံသကိုဋ်ဆိုသည်မှာ ပခုံး၌ပတ်တင်ထား၍ ကိုယ်ရုံသင်္ကန်းကို ချွေးမစိုစေရန်ကာကွယ်သော သင်္ကန်းအပိုင်းအစဖြစ်၏။ အနံတစ်ထွာ၊ အလျား သုံးတောင်ပမာဏသာ အပ်၏။(အဋ္ဌကထာဝါဒ)

သင်းပိုင်အဖြစ် အဓိဋ္ဌာန်မတင်လောက်သော သင်းပိုင်အောက် အလျား အနံငယ်သော အံသကိုဋ်သည်လည်း အပ်၏ ဟု နဘူးကျင်းဆရာတော်ဘုရားကြီး ရေးသားတော်မူသည်။

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌လာသော အနံတစ်ထွာ၊ အလျား သုံးတောင်သည် ပကတိပုရိသ၏အထွာအားဖြင့် အနံသည် တစ်ထွာနှင့်လက်ခြောက်သစ်၊ အလျားသည် လေးတောင်နှင့်တစ်ထွာရှိရာ အဓိဋ္ဌာန် ဝိကပ္ပနာပြုလောက်သော အဝတ်ဟု ဆရာမြတ်တို့ မိန့်ဆိုကြ၏။ ထိုအောက်လျော့လျှင်မူ အဓိဋ္ဌာန် ဝိကပ္ပနာပြုစရာမလိုပဲ သုံးစွဲခွင့်ရှိ၏။

ဝိနယဂရုကဆရာမြတ်တို့သည် အဋ္ဌကထာစကားကို အလေးထား၍ အနံကို တစ်ထွာနှင့်လက်ငါးသစ်၊ အလျား ငါးတောင်ထွာရှိသော အံသကိုဋ်ကို တပည့်ရဟန်းတို့အား သုံးစွဲစေ၏၊ ခန္ဓာကိုယ်ကို ပတ်၍လုံအောင် အလျားကို တစ်တောင်ပိုယူထားသော်လည်း အနံကိုလျှော့၍ တစ်ထွာနှင့်လက်ငါးသစ်သာ ယူထားသောကြောင့် ဓုတင်မပျက်ရုံသာမက အဓိဋ္ဌာန်၊ ဝိကပ္ပနာမပြုပဲ ချမ်းသာစွာ သုံးစွဲခွင့်ရစေသည်။

မှတ်ချက်။ ။ ဓုတင်ဆောင်ပုဂ္ဂိုလ်အား အံသကိုဋ်နှင့် အိပ်ယာခင်းသည် အပ်စပ်သော်လည်း အိပ်ယာခင်းကိုမူ သွားလေရာသို့ မယူဆောင်ကောင်းပါ။ [၅]

ဓုတင် ပျက်စီးခြင်း ပြင်ဆင်ရန်

ဝတ်လောက်ရုံလောက် လေးထည်မြောက် သင်္ကန်းကို သာယာသော ခဏ၌ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

ပံသုကူသင်္ကန်းကဲ့သို့ အခြားသူတစ်ဦးဦးကို ပြန်လှူရန်အတွက် ဟု နှလုံးသွင်း၍ အလှူခံလျှင် ဓုတင်မပျက် ဟု မှတ်ယူထိုက်ပါသည်။

တေစီဝရိက ဓုတင်ဆောင်ရကျိုး ပြင်ဆင်ရန်

(၁) ကိုယ်ကိုစောင့်ရှောက်နိုင်ရုံ သင်္ကန်းဖြင့် ရောင့်ရဲခြင်း၊ (၂) သို့ဖြစ်၍ငှက်နှယ်အလား သွား လိုရာရာ အလွယ်တကူ ဆောင်ယူသွားလာ နိုင်ခြင်း၊ (၃) ကိစ္စနည်းခြင်း၊ (၄) ဝတ္ထသန္နိဓိမရှိခြင်း၊ (၅) ခေါင်းပါးသော အသက်မွေးမှု ရှိခြင်း၊ (၆) အပ္ပိစ္ဆတာ စသော အကျိုးများပြီးခြင်း။ ယင်းအကျိုးများကို ရနိုင်သည်[၆][၃]

တိုက်တွန်းချက် ပြင်ဆင်ရန်

အပိုအလွန်ဖြစ်သော သင်္ကန်း၌တပ်မက်သော တဏှာကို ပယ်စွန့်၍ သိုမှီးသိမ်းဆည်းခြင်းကို ကြဉ်ဖယ်သော၊ တိစီဝရိက်ဓုတင်ကိုဆောင်သော ပညာရှိသော ယောဂီရဟန်းသည်၊ ရောင့်ရဲလွယ်ခြင်းတည်းဟူသော သုခချမ်းသာကို သိနားလည်သူဖြစ်ပေသည်။ ထို့ကြောင့် မိမိ၏တောင်ပံဖြင့် လိုရာခရီးကိုသွားနိုင်သော၊ တောင်ပံသာလျှင် ဝန်ထုပ်ဝန်ပိုးရှိသော ငှက်ကဲ့သို့ မိမိ၏ကိုယ်၌ ဝတ်ရုံထားသော သင်္ကန်းမျှဖြင့်ပင် လိုရာခရီးသို့ ချမ်းသာစွာသွားလိုသော ရဟန်းသည် တိစီဝရိက်ဓုတင် ကျင့်ဝတ်ပဋိပတ်၌ မွေ့လျော်ပျော်ရွှင်ခြင်း ကို ပြုသင့်လှပါပေတော့၏။ [၇]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. (ဝိသုဒ္ဓိ၊၁၊၆၂)။ (ဝိမတိ၊ဋီ၊၁၊၃၁၃)
  3. ၃.၀ ၃.၁ ၃.၂ တိပိဋကအဘိဓာန် အတွဲ-၁၁
  4. (ဝိသုဒ္ဓိ၊၁၊၆၂)။
  5. သဗြဟ္မစာရီ-ဓမ္မဝိနယ
  6. (ဝိသုဒ္ဓိ၊၁၊၆၃)
  7. သဗြဟ္မစာရီ-ဓမ္မဝိနယ