ဓုတင်

ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် အကျင့်တရား

ဓုတင် (ဓုတင်္ဂ) ဆိုသည်မှာ ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် အကျင့်တရားများ ဖြစ်သည်။ အကျဉ်းအားဖြင့် ဓုတင် ၁၃-ပါး ရှိသည်။

  1. ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို စွန့်လျက် ပံ့သကူ သင်္ကန်းကို ဆောင်ခြင်းဟူသော (ပံသကူဓုတင်)
  2. လေးထည်မြောက် သင်္ကန်းကို စွန့်လျက် သုံးထည်သော သင်္ကန်းကိုသာ ဆောင်ခြင်းဟူသော (တိစီဝရိက်ဓုတင်)
  3. လာဘ်ပို လာဘ်လျှံကို ပယ်၍ ဆွမ်းခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း (ပိဏ္ဍပါတ်ဓုတင်)
  4. လျှပ်ပေါ်လော်လီ အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်လျက် အိမ်စဉ် မကျော်မလှပ် ရပ်၍ရသော ဆွမ်းကို သုံးဆောင်ခြင်း (သပဒါနစာရိကဓုတင်)
  5. နေရာအထူးထူး၌ စားခြင်းကို ပယ်လျက် တစ်ထိုင် တစ်နေရာတည်း၌ စားခြင်းကို ဆောင်ခြင်း (ဧကာသနိုက်ဓုတင်)
  6. နှစ်ခွက်မြောက်သော ဆွမ်းဟင်းကို ပယ်၍ တစ်ခွက်တည်းနှင့်သာ သုံးဆောင်ခြင်း (ပတ္တပိုဏ်ဓုတင်)
  7. ဆွမ်းစပြီး စားနေစဉ် ကပ်လာသော ဘောဇဉ်ကို တော်ပြီတန်ပြီ ဆိုပြီး ကပ်ယူစားခြင်းကို ပယ်ခြင်း (ခလုပစ္ဆာဘတ်ဓုတင်)
  8. ဂါမဝါသီ ကျောင်းသင်္ခမ်းကို ပယ်၍ တောရကျောင်း၌ နေခြင်းကို ဆောက်တည်ခြင်း (အာရညကင်ဓုတင်)
  9. အမိုး အကာရှိသော ကျောင်းကို ပယ်၍ လွင်တီးခေါင်၌ နေခြင်း (အဗ္ဘောကာသိကဓုတင်)
  10. သုဿာန် မဟုတ်သော နေရာကို ကပ်လျက် သုဿာန်၌ နေခြင်း (သုဿာန်ဓုတင်)
  11. အမိုးအကာရှိသော ကျောင်းကို ပယ်လျက် သစ်ပင်ရင်း၌ နေခြင်း (ရုက္ခမူဓုတင်)
  12. နေရာကောင်း ကျောင်းဆောင်ကို ပယ်၍ ဖြစ်စဉ်အတိုင်း နေခြင်း (ယထာသန္တတိဓုတင်)
  13. အိပ်ခြင်းကို ပယ်၍ ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းကို ဆောင်ခြင်း (နိသဇ္ဇိဓုတင်) တို့ ဖြစ်၏။[၁][၂]
ဗုဒ္ဓဘာသာ သင်္ကေတ

မည်သူထံ ဆောက်တည်ရမလဲ ပြင်ဆင်ရန်

ယင်း ဓုတင်တို့ကို ဆောက်တည်လိုသောရဟန်းသည် သက်တော်ထင်ရှား ဘုရားရှင့်အထံတော်၌ ဆောက်တည်ရ၏၊ ဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့လျှင် မဟာသာဝကထံ, မဟာသာဝက မရှိခဲ့လျှင် ရဟန္တာထံ, ရဟန္တာ မရှိခဲ့လျှင် အနာဂါမ်ထံ, အနာဂါမ်မရှိခဲ့လျှင် သကဒါဂါမ်ထံ, သကဒါ ဂါမ်မရှိခဲ့လျှင် သောတာပန်ထံ, သောတာပန် မရှိခဲ့လျှင် ပိဋက ၃-ပုံဆောင် ရဟန်းထံ, ပိဋက ၃-ပုံဆောင် ရဟန်းမရှိခဲ့လျှင် ပိဋက ၂-ပုံ ဆောင်ရဟန်းထံ, ပိဋက ၂-ပုံဆောင် ရဟန်း မရှိခဲ့လျှင် ပိဋက ၁-ပုံဆောင် ရဟန်းထံ, ပိဋက ၁-ပုံဆောင် ရဟန်းမရှိခဲ့လျှင် နိကာယ် ၁-ပါး ပါးဆောင်နိုင်သောရဟန်းထံ, နိကာယ်ဆောင် ရဟန်းမရှိခဲ့လျှင် အဋ္ဌကထာများ၌ လိမ္မာတတ်မြောက်သော ရဟန်းထံ, အဋ္ဌကထာ၌ လိမ္မာတတ်မြောက်သောရဟန်း မရှိခဲ့လျှင် ဓုတင်ဆောင် ရဟန်းထံ ဓုတင်ဆောင် ရဟန်း မရှိခဲ့လျှင် စေတီရင်ပြင်ကို တံမြက် လှည်းပြီး ဆောင့်ကြောင့် ထိုင်လျက် သက်တော်ထင်ရှားဘုရားရှင့်ထံ၌ ရွတ်ဆိုသကဲ့သို့ ရွတ်ဆိုဆောက်တည်ရသည်[၃][၄]

ဓုတင်ဆောက်တည်ထိုက်သူ ၁၀-ဦး ပြင်ဆင်ရန်

  • (၁) ယုံကြည်မှု “သဒ္ဓါ”ရှိသူ၊
  • (၂) မကောင်းမှုမှ ရှက်ကြောက်တတ်သူ၊
  • (၃) တည်ကြည်မှု သမာဓိရှိသူ၊
  • (၄) အံ့ဖွယ်သရဲကို မပြုတတ်သူ၊
  • (၅) အကျိုးစီးပွါးနှင့်စပ်သဖြင့် နေလေ့ ရှိသူ၊
  • (၆) လောဘ မရှိသူ၊
  • (၇) သိက္ခာ ၃-ပါးကို အလိုရှိသူ၊
  • (၈) မြဲမြံစွာ ဆောက်တည်တတ်သူ၊
  • (၉) ကဲ့ရဲ့လေ့ မရှိသူ၊
  • (၁၀) မေတ္တာပွား နေလေ့ရှိသူ ဟူသော ဤပုဂ္ဂိုလ် ၁၀-ဦးတို့ သည်သာ ဆောက်တည်ထိုက်၏။ [၅] [၄]

ခေါင်းတည် ပဓာနဓုတင် ၃-ပါး ပြင်ဆင်ရန်

သပဒါနစာရိကဓုတင်ကို ဆောင်နိုင်လျှင် ပိဏ္ဍပါတ်ဓုတင်ကိုလည်း ဆောင်နိုင်တော့သည်။ ဧကာသနိက်ဓုတင်ကို ဆောင်နိုင်လျှင် ပတ္တပိုဏ်ဓုတင်, ခလုပစ္ဆာဘတ်ဓုတင်တို့ကိုလည်း ဆောက်နိုင်တော့သည်။ အဗ္ဘောကာသိကဓုတင်ကိုဆောင်နိုင်လျှင် ရုက္ခမူဓုတင်, ယထာသန္ထတိကဓုတင်တို့ကို အထူးဆောင်ဖွယ် မရှိပြီ။ သို့ဖြစ်၍ ယင်း ဓုတင် ၃-ပါးကို ခေါင်းတည် ပဓာနဓုတင်ဟု ဆိုသည်။ အာရညကင်ဓုတင်, ပံသုကူဓုတင်, တိစီဝရိက်ဓုတင်, နိသိဇ်ဓုတင်, သုသာန်ဓုတင်၊ ယင်း ဓုတင် ၅-ပါး တို့ကား တခြားဓုတင်တို့နှင့် ရောနှော စပ်သွယ်ခြင်း မရှိသော ဓုတင်တို့ ဖြစ်ကုန်၏ (ဝိသုဒ္ဓိ၊၁၊၇၉)။

သင်္ကန်းနှင့် စပ်သော ဓုတင် ၂-ပါး— ပံ့သုကူဓုတင်, တိစီဝရိက်ဓုတင်တို့သည်သင်္ကန်း နှင့်စပ်သော ဓုတင်တို့ ဖြစ်ကုန်၏။

ဆွမ်းနှင့်စပ်သော ဓုတင်၅-ပါး—ပိဏ္ဍပါတ်, သပဒါနစာရိက်, ဧကာသနိက်, ပတ္တပိုဏ်, ခလုပစ္ဆာဘတ် ဓုတင်တို့သည် ဆွမ်းနှင့် စပ်သော ဓုတင်တို့ ဖြစ်ကုန်၏။

ကျောင်းနှင့်စပ်သော ဓုတင် ၅-ပါး —အာရညကင် ဓုတင် ရုက္ခမူဓုတင်, အဗ္ဘောကာသိကဓုတင်, သုသာန်ဓုတင်, ယထာသန္ထတိက ဓုတင်၊ ယင်းဓုတင်တို့သည် ကျောင်းနှင့် စပ်သော ဓုတင်တို့ ဖြစ်ကုန်၏။ [၆]၌ နေသဇ္ဇိကဇုတင်ထည့်၍ ၆-ပါး လာသည်။ [၇]၌ကား နေသဇ္ဇိကဓုတင်ကို ဝီရိယနှင့်စပ်သော ဓုတင်ဟု ဆို၏[၈][၄]

လူရှင်များလည်း ဆောက်တည်နိုင် ပြင်ဆင်ရန်

ရဟန်းတို့သည် ဓုတင် ၁၃-ပါးလုံး ဆောက်တည်နိုင်ကြကုန်၏။

ဘိက္ခုနီမတို့သည် အာရညိကဓုတင်, ခလုပစ္ဆာဘတ္တိကဓုတင်တို့ကို သိက္ခာပုဒ်ဖြင့် ပယ်အပ်ပြီး ဖြစ်သောကြောင့်၎င်း, အဗ္ဘောကာသိကဓုတင်, ရုက္ခမူဓုတင်, သုသာန်ဓုတင်၊ ယင်း ဓုတင်တို့ကို ဆောက်တည်ရန် ခက်ခဲသောကြောင့် ၎င်းဓုတင် ၅-ပါးမှကြွင်းသော ဓုတင် ၈-ပါးတို့ကိုသာ ဆောက်တည်နိုင်ကြကုန်၏။

သာမဏေတို့သည် တိစီဝရိက်ဓုတင်မှ တပါး ကြွင်း ၁၂-ပါးတို့ကို ဆောက်တည်နိုင်ကြကုန်၏။

သိက္ခမာန်, သာမဏေရီ-တို့သည် ဘိက္ခုနီတို့ ဆောက်တည်နိုင်သော ဓုတင် ၈-ပါးတွင် တီစီဝရိက်ဓုတင်ကို ချန် ကြွင်းဓုတင် ၇-ပါးတို့ကို ဆောက်တည်နိုင်ကြကုန်၏။

ဥပါသကာ ဥပါသိကာတို့သည် ဧကာသနိက်ဓုတင်, ပတ္တပိုဏ်ဓုတင်တို့ကို ဆောက်တည်နိုင်ကြကုန်၏။

သို့ဖြစ်၍ ရဟန်းတို့ ဆောက်တည်နိုင်သော ဓုတင် ၁၃-ပါး, ဘိက္ခုနီတို့ ဆောက်တည်နိုင်သော ဓုတင် ၈-ပါး သာမဏေတို့ ဆောက်တည်နိုင်သော ဓုတင် ၁၂-ပါး သိက္ခမာန်, သာမဏေရီတို့ ဆောက်တည်နိုင်သော ဓုတင် ၇-ပါး, ဥပါသကာ, ဥပါသိကာတို့ ဆောက်တည်နိုင်သော ဓုတင် ၂-ပါး ဟူ၍ ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် အသီးသီး ရေတွက်ခဲ့လျှင် ဓုတင် ၄၂-ပါး ဖြစ်၏[၉][၄]

ဓုတင်နှင့်စပ်၍ ပုဂ္ဂိုလ် ၄-မျိုး ပြင်ဆင်ရန်

(၁) အရှင်ဗာကုလကဲ့သို့ ကိုယ်တိုင်သာ ဓုတင် ဆောင်၍ တပါးသူတို့အား ဓုတင်ဆောင်ရန် မဟောပြော မဆုံးမသော ပုဂ္ဂိုလ်သည် ဓုတသာ မည်၍ ဓုတဝါဒ မမည်။

(၂) အရှင်ဥပနန္ဒကဲ့သို့ ကိုယ်တိုင်မူကား ဓုတင်မဆောင်, တပါးသူတို့အားသာ ဓုတင်ဆောင်ရန် ဟောပြော ဆုံးမသော ပုဂ္ဂိုလ်သည်ဓုတဝါဒသာ မည်၍ ဓုတ မမည်။

(၃) အရှင်လာဠုဒါယီကဲ့သို့ ကိုယ်တိုင်လည်း ဓုတင်မဆောင် တပါးသူတို့အား လည်း ဓုတင်ဆောင်ရန် မဟောပြော မဆုံး မသော ပုဂ္ဂိုလ်သည် ဓုတလည်း မမည် ဓုတဝါဒလည်း မမည်ပေ။

(၄) အရှင်သာရိပုတ္တရာ (ဝိသုဒ္ဓိ), အရှင်မဟာကဿပ(အံ၊ဋ္ဌ), အရှင်ပိဏ္ဍောလဘာရဒွါဇ(ဥဒါန၊ဋ္ဌ)ထေရ်တို့ကဲ့သို့ ကိုယ်တိုင်လည်း ဓုတင်ဆောင်, တပါးသူတို့အားလည်း ဓုတင်ဆောင်ရန် ဟောပြော ဆုံးမသော ပုဂ္ဂိုလ်သည် ဓုတလည်း မည်, ဓုတဝါဒလည်း မည်၏ [၁၀][၄]

ရာဂ ဒေါသ မောဟ ငြိမ်းနိုင် ပြင်ဆင်ရန်

ရာဂစရိုက် မောဟစရိုက် ရှိသူသည် ဓုတင်တို့ကို မှီဝဲသုံးဆောင်သင့်၏။ ဓုတင်တို့ကို မှီဝဲ သုံးဆောင် ခြင်းဟူသည် ဆင်းရဲခြိုးခြံစွာကျင့်မှု ကိလေသာ ခေါင်းပါးစေသော နေမှုပင် ဖြစ်၏။ ဆင်းရဲခြိုးခြံစွာ ကျင့်မှုကိုမှီ၍ ရာဂငြိမ်းနိုင်သည်။ ကိလေသာ ခေါင်းပါးစေရန် မမေ့မလျော့ မပေါ့မဆ နေသူမှာ မောဟငြိမ်းနိုင်သည်။ ဒေါသစရိုက်ရှိသူသည်လည်း အာရညိကဓုတင်, ရုက္ခမူလိကဓုတင်တို့ကို မှီဝဲ ဆောက်တည်သင့်သည်၊ တောကျောင်း, သစ်ပင်ရင်းတို့၌ တဦးတယောက်နှင့်မျှ မထိခိုက် ရအောင် နေသူမှာ ဒေါသလည်း ငြိမ်းတော့၏ [၁၁]။ ဓုတင်ဆောင် ပုဂ္ဂိုလ်တို့ ရနိုင်သောဂုဏ် ၁၈-ပါးနှင့် ဓုတင် ဥပမာများ [၁၂]-ကြည့်။[၄]

ရရှိနိုင်သည့် အကျိုးများ ပြင်ဆင်ရန်

ဤဓုတင်များကို ဆောင်ခြင်းဖြင့်-

  1. အသက်မွေး စင်ကြယ်ခြင်း၊
  2. ချမ်းသာကျိုး ရှိခြင်း၊
  3. အပြစ်မရှိ၊
  4. သူတစ်ပါးတို့အား ဒုက္ခမပေး၊
  5. ဘေးမရှိ၊
  6. သူတစ်ပါးကို မနှိပ်စက်၊
  7. အမှန် ကြီးပွား၏၊
  8. ကုသိုလ်တရား မဆုတ်ယုတ်၊
  9. မာယာ စဉ်းလဲခြင်း မရှိ၊
  10. သေခြင်းကို စောင့်တတ်၏၊
  11. တောင့်တတိုင်း ပေး၏၊
  12. သတ္တဝါ အားလုံးကို ဆုံးမတတ်၏၊
  13. စောင့်စည်းသော အကျိုး ရှိ၏၊
  14. လျောက်ပတ်သော အကျင့် ဖြစ်၏၊
  15. ကိလေသာတို့ မမှီမကပ်နိုင်၊
  16. ကိလေသာမှ လွတ်၏၊
  17. ရာဂကုန်၏၊
  18. ဒေါသကုန်၏၊
  19. မောဟကုန်၏၊
  20. မာန်တက်မှုကို ပယ်၏၊
  21. ဝိတက်ကို ဖြတ်၏၊
  22. ယုံမှားသင်္ကာမှ ကူးမြောက်၏၊
  23. အပျင်းကို ပယ်ဖျောက်၏၊
  24. မမွေ့လျော်ခြင်းကို ဖျောက်၏၊
  25. သည်းခံတတ်၏၊
  26. အတုမရှိ မြတ်သော အကျင့်တည်း၊
  27. မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိ၏၊
  28. နိဗ္ဗာန်သို့ ရောက်၏- ဟူသော အကျိုးထူး အကျိုးမြတ်များကို ရနိုင်ခြင်းကြောင့်လည်း ဤ မြတ်သော ဓုတင်အကျင့်များကို ကျင့်ရန် ဆောင်ရန်အပ်သည်။

[၁၃]

ကိုးကား ပြင်ဆင်ရန်

  1. Myoukoo Syadaw's article & website
  2. ဝိသုဒ္ဓိ၊၁၊၅၇။ သုတ္တနိ၊ဋ္ဌ၊၂၊၂၁၃။ ထေရ၊ဋ္ဌ၊၂၊၃၂၃-၄။
  3. (ဝိသုဒ္ဓိ၊၁၊၅၉)
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ တိပိဋကအဘိဓာန် အတွဲ-၁၁
  5. မိလိန္ဒ၊၃၃၃။
  6. သုတ္တနိ၊ဋ္ဌ၊၂၊၇၆-
  7. အံ၊ဋ္ဌ၊၂၊၂၈၄ ဝိသုဒ္ဓိ၊၁၊၇၉-
  8. (ဒီ၊ဋ္ဌ၊၃၊၁၉၈−၉။ အံ၊ဋ္ဌ၊၂၊၂၈၁-၄။ ဝိသုဒ္ဓိ၊၁၊၇၉။ သုတ္တနိ၊ဋ္ဌ၊၂၊၇၅-၆။ စူဠနိဋ္ဌ၊ ၁၁၂-၅)
  9. (ဝိသုဒ္ဓိ၊၁၊၈ဝ)
  10. (အံ၊ဋ္ဌ၊၁၊၁၂၆-၇။ ဝိသုဒ္ဓိ၊၁၊၇၈။ ဥဒါန၊ဋ္ဌ၊၂၊၂၂၉)
  11. (ဝိသုဒ္ဓိ၊၁၊၇၉)
  12. မိလိန္ဒ၊၃၃၃-၃၄၁
  13. Myoukoo Syadaw's article & website