တိုက်ချွန်း (အောင်ဆန်းသူရိယ)

မြန်ာတပ်မတော် အရာရှိ

အငြိမ်းစားဗိုလ်ကြီး သူရ၊ အောင်ဆန်းသူရိယ တိုက်ချွန်းကို ချင်းပြည်နယ် လွီဗန်းတစ်ရွာတွင် ၁၉၂၃ ခုနှစ်၌ အဘ ဦးထန်ရေး၊ အမိဒေါ်နိုင်ဟိုက်တို့က မွေးဖွားသည်။ ငယ်စဉ်က မတူပီမြို့၌ အလယ်တန်းအဆင့် အထိ ပညာသင်ကြားခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ဗြိတိသျှ တပ်မတော်သို့ ဝင်ရောက် အမှုထမ်းသည်။ ထို့နောက် မြန်မာနိုင်ငံမှ ဗြိတိသျှတပ်များ ဆုတ်ခွာချိန် ၁၉၄၁ -၄၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ လိုက်ပါသွားခဲ့ပြီး ၁၉၄၃ -၄၄ တွင် ဗြိတိသျှတပ်များ မြန်မာပြည်သိမ်း တိုက်ပွဲဆင်နွဲသော အခါ တော်လှန်ရေးတာဝန်ကို ယူလျက် စက်မဲ့လေယာဉ်ဖြင့်လည်းကောင်း၊ လေထီးတပ်သား အဖြစ်လည်းကောင်း မြန်မာမြောက်ပိုင်း ဒေသများတွင် စွန့်စွန့်စားစား တာဝန်ယူခဲ့သည်။ ထို့နောက် ဗြိတိသျှတပ်များနှင့် အတူ မြန်မာပြည်သို့ ပြန်လည်ရောက်လာပြီး စစ်ရေး တာဝန်များကို ဆက်လက်ထမ်းဆောင်သည်။

အောင်ဆန်းသူရိယ
တိုက်ချွန်း
မွေးဖွား၁၉၂၃
ချင်းပြည်နယ် လွီဗန်းတစ်ရွာ
ကွယ်လွန်ဖေဖော်ဝါရီ ၁၈၊ ၁၉၈၈(1988-02-18) (အသက် ၆၄–၆၅)
ရန်ကုန်မြို့
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
ရာထူးအဆင့်ဗိုလ်ကြီး
ကိုယ်ပိုင်အမှတ်ကြည်း ၇၂၈၈|၅၄၅၇
တပ်ဖွဲ့အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
တိုက်ပွဲ/စစ်ပွဲများဦးစက်ကိန်ကျောင်း တိုက်ပွဲ (၁၆ ဧပြီ ၁၉၄၉)
ဆုတံဆိပ်များအောင်ဆန်းသူရိယဘွဲ့ (၁၉၅၀)

ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ရေး တာဝန်များကို သက်စွန့်ဆံဖျား ထမ်းဆောင်ခဲ့မှုကြောင့် ဗြိတိသျှ တပ်မတော်က စစ်မှုထမ်းကောင်းဆု ( Burma Gallantry Medal ) ( ဘီဂျီအမ် ) တံဆိပ်ဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ရန်ကုန်နှင့် အနီးတစ်ဝိုက်တွင်လည်းကောင်း တပ်မတော်တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသော ပြည်တွင်းသောင်းကျန်းမှု အရေးအခင်းများတွင် တပ်ကြပ်ကြီး၊ ဒုဗိုလ်၊ ဗိုလ်ကြီး ဟူသော ရာထူးအဆင့်ဆင့်ဖြင့် ပါဝင်တိုက်ခိုက်နှိမ်နင်းခဲ့သည်။ ရန်ကုန်ဆင်ခြေဖုံးရှိ သမိုင်း၊ ကြို့ကုန်း၊ အင်းစိန်၊ စော်ဘွားကြီးကုန်းဒေသများရှိ သောင်းကျန်းသူများ အခိုင်အမာတပ်စွဲထားသော နေရာများကို အမှတ် ( ၁ ) ချင်းသေနတ်ကိုင်တပ်ရင်းမှ တပ်ကြပ်ကြီးတိုက်ချွန်း ခေါင်းဆောင်သော တပ်စုသည် အသက်ကို ပဓာနမထားဘဲ စွန့်စွန့်စားစား တိုက်ခိုက်၍ သောင်းကျန်းသူစခန်းများကို တိုက်ခိုက်သိမ်းယူခဲ့သည်။ ရှမ်းပြည်နယ်၌ ကျူးကျော်သူ တရုတ်ဖြူတပ်များကို တပ်မတော်က ရွပ်ရွပ်ချွံချွံ တွန်းလှန် ဖြိုခွင်းရာတွင် ဗိုလ်ကြီး တိုက်ချွန်းပါဝင်တိုက်ခိုက်ခဲ့သည်။

အင်းစိန်တစ်ဝိုက်တိုက်ပွဲများတွင် ဗိုလ်တိုက်ချွန်း၏ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်၍ နိုင်ငံတော်၏ ရန်သူများကို ချေမှုန်းနှိမ်နင်း နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရက ၁၉၄၉ ခုနှစ်တွင် သူရဘွဲ့ကို ချီးမြှင့်ခဲပြီး တစ်ဖန် ၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၄ ) ရက် လွတ်လပ်ရေးနေ့တွင် ဘွဲ့ထူးဂုဏ်ထူးများ ကြေညာသောအခါ ဗိုလ်တိုက်ချွန်းအား သူရသတ္တိဆိုင်ရာ ဘွဲ့များတွင် အမြင့်မားဆုံး ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ ကို ချီးမြှင့်ကြောင်း ကြေညာခဲ့ပြန်သည်။ ရန်ကုန်မြို့တွင် ကျင်းပသော ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်သည့် အခမ်းအနားတွင် ဗိုလ်တိုက်ချွန်းအား နိုင်ငံတော် သမ္မတကြီးက ရွှေချိန်နှစ်ကျပ်သား ရှိသော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ဗိုလ်ကြီးသူရ၊ အောင်ဆန်းသူရိယ တိုက်ချွန်းသည် နိုင်ငံ့တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်ပြီးနောက် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး မတူပီမြို့တွင်ပြန်လည်နေထိုင်ခဲ့သည်။ ထို့နောက် ၁၉၇၂ - ၇၄ ခုနှစ်တွင် မတူပီမြို့နယ် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၄ -၇၇ ခုနှစ်တွင် မတူပီမြို့နယ် သမဝါယမ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ထမ်းဆောင်ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပသောအခါ အငြိမ်းစားဗိုလ်ကြီး ဦးတိုက်ချွန်းသည် ချင်းပြည်နယ် မတူပီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ၁၉၇၇ ခုနှစ်တွင် မတူပီမြို့နယ် လုပ်ငန်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပလက်ဝမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဘွဲ့ရရှိပုံအကျဉ်း ပြင်ဆင်ရန်

၁၉၄၉ ခု ဧပြီလတွင် အင်းစိန်မြို့ကို အခိုင်အမာစိုးမိုးထားသည့် ကေအင်ဒီအို သောင်းကျန်းသူများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင် ၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား ရန်သူတို့၏ ဝိုင်းဝန်းပစ်ခတ်ခြင်းကို ခံနေရစဉ် ဗိုလ်တိုက်ချွန်းသည် ရန်သူများအတွင်းဝင်ရောက်ကာ အများအပြားကျဆုံးအောင် သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သည်။ ဗိုလ်တိုက်ချွန်းသည် ယင်းသို့ စံတင်လောက်သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ပြုလောက်သည့် စွန့်စားခြင်းတို့ဖြင့် ၁၀-၄-၄၉ နေ့ စော်ဘွားကြီးကုန်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၆-၄-၄၉ နေ့ ဦးစက်ကိန်ကျောင်း တိုက်ပွဲတွင်လည်းကောင်း၊ ၁၈-၄-၄၉ နေ့ ရန်သူ့ခံကတုတ်ကိုချေမှုန်းတိုက်ခိုက်ရာတွင်လည်းကောင်း အသက်ကို ပဓာနမထားပဲ ရဲဝံစွန့်စားစွာ တာဝန်ထမ်းရွက်ခဲ့သည့်အတွက် နိုင်ငံတော်၏ အမြင့်ဆုံးစွမ်းရည်ဘွဲ့ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ချီးမြင့်ခံရသူဖြစ်သည်။ [၁]

ဘဝနိဂုံး ပြင်ဆင်ရန်

အငြိမ်းစားဗိုလ်ကြီး သူရ အောင်ဆန်းသူရိယ တိုက်ချွန်းသည် ၁၉၈၈ ခုနှစ်၊ ဖေဖော်ဝါရီ ( ၁၈ ) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ပထမဇနီး ဒေါ်ဘောင်ချေးနှင့် ဒုတိယဇနီး ဒေါ်ကွမ်းခမ် နှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။ [၂]

ကျမ်းကိုး ပြင်ဆင်ရန်

  1. mmcybermedia.com [16]
  2. တက်ကသိုလ်စိန်တင်၊ အောင်ဆန်း သူရိယ တိုက်ချွန်း၊ ၂၀⁠၀၃။