တိုင်တားမင်းကြီး
တိုင်တားမင်းကြီးသည် သက္ကရာဇ် ၁၁၄၃-ခုနှစ် နန်းတက်သော အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရား လက်ထက်မှစ၍ ရခိုင်ပြည်၌ အမှုထမ်းသော မှူးမတ်အမျိုးအနွယ်မှ ဆင်းသက်သည်။ အဖမှာ ရခိုင်ပြည် သံတွဲဝန် မဟာမင်းကြီးကျော်စွာဖြစ်သည်။ တိုင်တားမင်းကြီး၏ အမည်ရင်းမှာ ဦးဘိုး ဖြစ်သည်။ မွေးဖွားသည့် သက္ကရာဇ်ကို မသိရချေ။ သို့သော် ၁၂၄၅-ခုနှစ် ပြာသိုလတွင်ကျင်းပသော မြင်းခင်းသဘင်တော်၌ မင်းညီ၊ မင်းသား မှူးမတ် သေနာပတိ တစ်ဦးမကျန် စက်သွင်းရသော်လည်း ကင်းဝန်မင်းကြီး၊ တောင်ခွင်မင်းကြီးနှင့် တိုင်တားမင်းကြီးတို့မှာ သက်ရွယ်ကြီးရင့်သည်ဖြစ်၍ ခွင့်လွှတ်ခြင်းခံရသည်ကို ထောက်လျှင် ကင်းဝန်မင်းကြီးနှင့် တသက်တရွယ်တည်းလောက်ဖြစ်သည်ဟု ယူဆဖွယ်ရှိလေသည်။
သက္ကရာဇ် ၁၂၁၄-ခုနှစ် နန်းတက်သော မန္တလေးရတနာပုံ ပထမမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးလက်ထက် နန်းတက်တော်မူဦးကပင် အထူးယုံကြည်သဒ္ဓါသော မှူးမတ်သားမြေး ဖြစ်သည်နှင့်အညီ နန်းတော်အတွင်း လက်ဖက်ရည်တော်ရာထူးဖြင့် အပါးတော်တွင် မြဲစွဲထမ်းရွက်ရသည်။ ထိုနောက် စလင်း၊ ကျပင်း၊ ဆင်ဖြူကျွန်း၊ စကု၊ လယ်ကိုင်း လေးမြို့စစ်ကဲ၊ မင်းတုန်း တောင်စဉ်ခုနစ်ခရိုင်ဝန်၊ တောင်ထားဝယ် သေနတ်ဗိုလ် မိုင်းလုံမြို့ဝန်အဖြစ် ရာထူးအဆင့်ဆင့် တိုးတက်ထမ်းရွက်ရသည်။
သက္ကရာဇ် ၁၂၄၀-ပြည့်နှစ်၊ မင်းတုန်းမင်းတရားကြီး အသည်းအသန် မကျန်းမမာ ဖြစ်တော်မူခိုက်၊ ထီးနန်းအမွေ အရိုက်အရာဆက်ခံမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော် မငြိမ်မသက် ဖြစ်မည့်အရေး ပေါ်ပေါက်လာရာ၊ ကင်းဝန်မင်းကြီးစသော မှူးမတ်သေနာပတိတို့က ငြိမ်းချမ်းသာယာစွာဖြင့် ပြီးမြောက်စေရန် အားထုတ်ကြိုးပမ်းကြရာ၌ တိုင်တားမင်းကြီးသည် အရေးကြီးသည့်နေရာမှ ပါဝင်ဆောင်ရွက်သည်။ ထိုနှစ်ပင် မင်းတုန်းမင်းတရားကြီး နတ်ရွာစံတော်မူ၍ သားတော် သီပေါမင်းတရား နန်းတက်တော်မူရာ တိုင်တားမင်းကြီးအား မဟာမင်းထင်မင်းခေါင်ကျော်ဘွဲ့နှင့် ကုန်းကြောင်းရဲမက်တို့ကို ကြီးကြပ်အုပ်ချုပ်ရသော သူရဲဝန်အဖြစ် ခန့်ထားလေသည်။
ထိုနောက် မကြာမီ သက္ကရာဇ် ၁၂၄၀-ပြည့်နှစ် ပြာသိုလတွင် မင်းကြီးမဟာမင်းခေါင်ဘွဲ့နှင့် အတွင်းဝန်ခန့်ထားခြင်း ခံရသည်။ တိုင်တားမြို့ကိုလည်း စားရသည်။ ဤမှစ၍ တိုင်တားမင်းကြီးဟု အမည်တွင်လေသည်။
ထိုနောက် မန္တလေးနေပြည်တော်တွင် ထီရုံတစ်ရုံတည်းမလောက်၍ ၁၂၄၁-ခုနှစ် ကဆုန်လတွင် နေပြည်တော်အရပ်ရပ်တွင် ထီရုံတော် (၁၀)ရုံဖွင့်လှစ်ရာ အဆိုပါ ၁၀-ဌာနအနက် တစ်ဌာနကို ထီရုံတော်များကို ရုပ်သိမ်းသည်အထိ တိုင်တားမင်းကြီး ကြပ်မတ်ဖွင့်လှစ်ရသည်။
၁၂၄၄-ခုနှစ်တွင် တိုင်တားမင်းကြီးအား သတိုးမင်းကြီး မဟာမင်းလှမင်းခေါင်ဘွဲ့နှင့် နိုင်ငံတော်မှူးမတ်တို့တွင် အမြင့်ဆုံးရာထူးဖြစ်သော ဝန်ရှင်တော် လယ်ကိုင်းမြို့စား သေနတ်ဝန်ကြီး ဝန်ရှင်တော် တောင်ခွင်မြို့စားမင်းကြီးစသည့်ဝန်ကြီးများနှင့် တွဲဘက်၍ အဂ္ဂသေနာပတိဝန်ကြီးအရာ ခန့်ထားခြင်းခံရသည်။ လွှတ်တော်ဝန်ကြီးရာထူးနှင့် တွဲဘက်၍ သမီးတော်ဝန် တာဝန်ဝတ္တရားကိုလည်း ထမ်းရွက်ရသည်။
လွှတ်တော်ဝန်ကြီးအဖြစ် ထမ်းရွက်နေစဉ် ၁၂၄၄-ခုနှစ်မှစ၍ နိုင်ငံတော်စီးပွားရေးအတွက် အရေးကြီးသော သစ်တောလုပ်ငန်းများတွင် အခြားဝန်ကြီးများနှင့်အတူ ပါဝင်ဆောင်ရွက်ရသည်။ ၁၂၄၄-ခုနှစ်၊ ၁၂၄၅-ခုနှစ် များတွင် ရန်ကုန်မြို့ သစ်သူဌေး ဦးမွန်ထော်၊ ဦးပေါက်၊ ဦးဘိုးညှင်း၊ ဦးဘိုးမြှင့်တို့နှင့် ဧရာဝတီမြစ် ဝဲယာ သစ်တောအချို့ကို နှစ်စဉ် အခွန်တော်ထမ်းဆောင် ခုတ်လုပ်ခွင့်စာချုပ်ကို ချုပ်ဆိုရာ၌ တိုင်တားမင်းကြီး ပါဝင်ရသည်။
တိုင်တားမင်းကြီးသည် နိုင်ငံတော် ရာဇဝတ်တော်ရေးရာနှင့် စစ်မက်ရေးရာဘက်မှ သက်ဆိုင်သော လက်ရုံးရည်အမှုထမ်း ဖြစ်သော်လည်း၊ နှလုံးရည်နှင့်ဆိုင်သော သာသနာရေးဘက်တွင်လည်း ရေးကြီးခွင်ကျယ်ကိစ္စများ၌ ပါဝင်ဆောင်ရွက်လေ့ရှိသည်။ ၁၂၄၅-ခုနှစ်၊ နယုန်လတွင် သာသနာပြုဆရာတော် ကျောင်းတွင် တံဆိပ်တော်ရ ဆရာတော် (၇၃)ပါးနှင့်အတူ သာသနာရေး သာသနာမှုများကို ညှိနှိုင်းတိုင်ပင်ရေးဆွဲသော သာသနာပြုဆရာတော်အမိန့်တော်နှင့် ပညတ်ရန် အမိန့်တော် (၃၂)ချက်တို့ကို တိုင်တားမင်းကြီးက ကြပ်မတ်၍ နန်းတော်သို့ သွင်းရသည်။
၁၂၄၇-ခုနှစ် နင်းကြမ်းသစ်တော ဘုံဘိုင်ဘားမား သစ်မှုကြီး ပေါ်ပေါက်လာရာ၊ ယင်းနှစ် ဝါခေါင်လတွင် လွှတ်တော်က စီရင်မိန့်ချမှတ်ရာတွင် တိုင်တားမင်းကြီး ပါဝင်ဆုံးဖြတ်ရသည်။ ထိုနောက် အင်္ဂလိပ်တို့နှင့် စစ်မက်ဖြစ်ပွားမည်ရှိရာ မြန်မာမင်း၏ နန်းတော်လွှတ်တော်၌ အချို့က လက်နက်အင်အားချင်းမတူ၍ လျှော့ပေးသင့်သည်။ အချို့ကမူ တင်းတင်းမာမာ ခုခံတိုက်ခိုက်သင့်သည်ဟု သဘောနှစ်ခွ ကွဲလွဲကြရာ တိုင်တားမင်းကြီးသည် အညံ့မခံ အရှုံးမပေး၊ မည်သို့ပင်ဖြစ်စေ ခုခံတိုက်ခိုက်သင့်သည်ဟု သဘောရသူတို့ဘက်မှ ပါဝင်၍ စစ်မက်ပြင်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်သည်။ ထိုနောက် တန်ဆောင်မုန်း လပြည့်ကျော်(၈) ရက်နေ့ အင်္ဂလိပ်များ တက်ရောက်ပြီးလျှင် သီပေါမင်းတရားအား နန်းမှချ၍ ဖမ်းယူဆောင်ကြဉ်းသွားသည်အထိ ကင်းဝန်မင်းကြီးစသော မှူးမတ်သေနာပတိတို့နှင့်အတူ ဆောင်ရွက်လေသည်။
ထိုနောက် ၁၂၄၇-ခုနှစ် နတ်တော်လပြည့်ကျော် (၁၁)ရက်နေ့မှစ၍ သီပေါမင်းပိုင် မြန်မာနိုင်ငံတော်ကို အင်္ဂလိပ်အစိုးရက သိမ်းယူကြောင်း ကျေညာပြီးသော် နေပြည်တော်၌ ကျန်ရစ်သော မြန်မာမင်း၏ မှူးမတ်များကိုပင် လွှတ်တော်ကောင်စီဖွဲ့၍ ဆက်လက်အုပ်ချုပ်စေရာ ကင်းဝန်မင်းကြီးနှင့်အတူ တိုင်တားမင်းကြီးလည်း ကောင်စီတွင် ပါဝင်ဆောင်ရွက်ရလေသည်။ သို့သော် မကြာမြင့်မီပင် အင်္ဂလိပ်တို့က မယုံကြည်သဖြင့် တိုင်တားမင်းကြီးအား ရုတ်တရက်ဖမ်းဆီးကာ အိန္ဒိယနိုင်ငံ၊ ဩရိဿနယ်၊ ကတ်တက်မြို့သို့ ပို့ထားလေသည်။ ကတ်တက်မြို့တွင် ငါးနှစ်ခန့်မျှ နေရပြီးနောက် ၁၂၅၂-ခုနှစ်လောက်တွင် အင်္ဂလိပ်အစိုးရက မြန်မာပြည်သို့ပြန်ပို့ရာ ရန်ကုန်မြို့ အလုံရပ်၊ ဂျင်မခါနာအနီး နေအိမ်တွင် ၁၂၅၈-ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်အနိစ္စရောက်သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ ၅