ဗဒုံမင်း

ဘိုးတော်ဗဒုံမင်း
(ဘိုးတော်ဘုရား မှ ပြန်ညွှန်းထားသည်)

ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (၁၇၄၅-၁၈၁၉) သည် ကုန်းဘောင်မင်းဆက်၏ ဆဋ္ဌမမြောက်မင်း ဖြစ်သည်။ နန်းသက်ရှည်ပြီး တိမ်းပါးသော် အိမ်ရှေ့စံ၏ သားတော်(စစ်ကိုင်းမင်း)ကို နန်းအပ်သည်။ နောင်သော် ဗဒုံမင်းကို ဘိုးတော်ဘုရားဟုလည်း လူသိများသည်။

ဘိုးတော်ဘုရား
Statute of king Bodawpaya.jpg
မန္တလေး နန်းတော်အတွင်းရှိ ရုပ်တု
နန်းသက်၁၇၈၂ခုနှစ် ဖေဖော်ဝါရီလ ၁၁ -၁၈၁၉ခုနှစ် ဇွန်လ ၅ [၁]
ရှေ့မင်းဆက်ဖောင်းကားစား မောင်မောင်
နောက်မင်းဆက်ဘကြီးတော်
မွေးဖွား(1745-03-11)၁၁ မတ်၊ ၁၇၄၅
မုဆိုးဖို
ကွယ်လွန်၅ ဇွန်၊ ၁၈၁၉(1819-06-05) (အသက် ၇၄)
အမရပူရ
ထာဝရ အိပ်စက်ရာ နေရာအမရပူရ
ကြင်ရာတော်သီရိပဝရ မဟာရာဇိန္ဒာ မင်္ဂလာရတနာဒေဝီ
မိဖုရား (၅၃) ပါး
သားသမီးများရွှေတောင်မင်း အပါအဝင် သားတော် (၆၁)ပါး ၊ သမီးတော် (၆၁)ပါး
စုစုပေါင်း (၁၂၂)ပါး
အမည် အပြည့်အစုံ
မောင်ဝိုင်း
စံအိမ်ကုန်းဘောင်
ခမည်းတော်အလောင်းဘုရား
မယ်တော်ခင်ယွန်းစံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ငယ်ဘဝပြင်ဆင်

အလောင်းမင်းတရားနှင့် မဟာမင်္ဂလာရတနာဓိပတိ သီရိရာဇာစန္ဒယဘွဲ့ခံ မိဖုရားခေါင်တို့မှ ၁၁၀၆ ခု၊ တန်ခူးလပြည့်ကျော် ၆ ရက် (ခရစ်နှစ် ၁၇၄၅ ခု၊ မတ်လ ၁၁ ရက်) တွင် မုဆိုးဖိုရွာ၌ မွေးသည်။ ခင်ယွန်းစံမှ ရသည့် စတုတ္ထမြောက်သား ဖြစ်သည်။ ငယ်မည်မှာ ရွှေဝိုင်း တွင်သည်။

အိမ်နိမ့်စံဘဝပြင်ဆင်

အသက် ၁၀ နှစ်တွင် သတိုးမင်းလှရွှေတောင်ဘွဲ့၊ အသက် ၁၆ နှစ်တွင် သတိုးမင်းစော၊ အသက် ၂၀ ပြည့်သော် သုဓမ္မရာဇာဘွဲ့တို့ ခံရသည်။ ခမည်းတော်နှင့် နောင်တော် ၂ ပါးတို့လက်ထက် မြဝတီမြို့၊ ဗဒုံမြို့တို့ကို စားရ၍ ဗဒုံမင်းသားဟု ထင်ရှားသည်။

မင်းဘဝပြင်ဆင်

၁၁၄၃ ခု၊ တပို့တွဲလပြည့်ကျော် ၁၄ ရက် (ခရစ် ၁၇၈၂ ခု၊ ဖေဖော်ဝါရီလ ၁၁ ရက်) တွင် မင်းအဖြစ် ရသည်။ ဗဒုံမင်းဟုပင် ခေါ်ကြသည်။

နန်းသစ်တည်ခြင်းပြင်ဆင်

၁၁၄၄ ခု၊ တပို့တွဲလဆန်း ၇ ရက်တွင် မြစ်ငယ်မြောက်ဘက်၊ ထီးပေါင်းကားရပ်၌ အမရပူရ မြို့တည်ကာ နန်းသစ်စိုက်သည်။ အမရပူရ မြို့နန်းတည်မင်းဟု အမည်ရလာသည်။

၁၁၄၅ ခုတွင် သားတော်ကြီး သတိုးဓမ္မရာဇာ ရတနာရွှေတောင်မင်း (မောင်ပေါ်) ကို အိမ်ရှေ့အရာ နှင်းသည်။ ၁၁၄၆ ခု၊ တန်ဆောင်မုန်းလတွင် ရခိုင် (ဓညဝတီ) ကို သိမ်းရန် သားတော်ကို လွှတ်သည်။ အရေးအောင်၍ တပို့တွဲလပြည့်ကျော် ၇ ရက်တွင် ရခိုင်မှ ပြန်လာသည်။ ရခိုင်မှ မဟာမုနိ ရုပ်ပွါးတော်ကိုလည်း ပင့်လာသည်။ တောင်ကုပ်လမ်းမှ သယ်ကာ ပန်းတောင်းမှ အမရပူရသို့ ရွှေဖောင်နှင့် တင်သည်။ အမရပူရ မြို့မြောက်ဘက်၌ ပြဿာဒ်နှင့်ထား၍ ကိုးကွယ်သည်။

၁၁၇၀ ပြည့်တွင် ဥပရာဇာ လူပြည်ညီးသဖြင့် မြေးတော် စစ်ကိုင်းမင်းသားကို နန်းလျာသည်။

အင်္ဂလိပ်တို့နှင့် ဆက်ဆံရေးပြင်ဆင်

တရုတ်တို့နှင့် ဆက်ဆံရေးပြင်ဆင်

၁၁၄၉ ခု၊ တန်ခူးလပြည့်ကျော် ၁ ရက်တွင် တရုတ်မှ မဟာမိတ်ပြုလိုကြောင်း သံစေလာ၍ အေးဆော်ရဲကို သံကြီး၊ လက်ရွေးကြီးမှူး နေမျိုးရွှေတောင်၊ သီဟကျော်ခေါင်၊ ဝေလုသာရတို့ကို သံလတ်ခန့်၍ လူ ၃၀၀ ကျော်တို့နှင့်အတူ လက်ဆောင်များထည့်၍ လွှတ်သည်။

၁၁၅၁ ခု၊ ကဆုန်လတွင် တရုတ်ဥတည်မင်းက သကျမုနိ ရုပ်ပွါးတော်၊ စွယ်တော်ပွါးတို့ ပို့သည်။ မြစ်ညာရှိ အုန်းတစဉ်အထိ ကိုယ်တိုင်သွားကြိုကာ ရတနာပန်းတောင်းနှင့် ခံ၍ ဘုံကိုးဆင့်ပါ ရန်နိုင်လှော်ကားထက် ပင့်ယူသည်။ တန်ဆောင်မုန်းလရောက်သော် လက်ဆောင်တို့နှင့်အတူ သမီး ၃ ပါး ပို့လိုက်ရာ သမီးကြီး တာကူငြင်ကို သီရိမဟာဂန္ဓရဒေဝီ၊ သမီးလတ် ဧကူငြင်ကို သီရိမဟာပဉ္စာလဒေဝီ၊ သမီးငယ် သံကူငြင်ကို သီရိမဟာဂန္ဓာရဒေဝီ ဘွဲ့နှင်း၍ မိဖုရားအရာ ထားသည်။

ယိုးယားတို့နှင့် ဆက်ဆံရေးပြင်ဆင်

၁၁၄၇ ခုတွင် ကိုယ်တိုင်ဦးစီး၍ တကြိမ်၊ ၁၁၄၈ ခုတွင် မင်းကြီး နန္ဒကျော်ထင်အား ဦးစီးစေ၍ တကြိမ်၊ ၁၁၅၃-၅၄ ခုတို့တွင် ဥပရာဇာ ရတနာရွှေတောင်မင်း ဦးစီး၍ တကြိမ် ယိုးဒယားအား လုပ်ကြံသည်။ အရေးမသာခဲ့။

ထင်ရှားသော လုပ်ဆောင်ချက်များပြင်ဆင်

၁၁၄၃ ခုတွင် အင်္ဂလန်ပြည်မှ သွင်းသော ဒင်္ဂါးစက်ဖြင့် အမရပူရ၌ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများ စသွန်းသည်။

အောင်ပင်လယ်ကန်နှင့် နန္ဒာကန် (မောင်းမကန်ဟုလည်း ခေါ်) တို့ကို ဖော်သည်။ ၁၁၅၈ ခုတွင် မိတ္ထီလာကန်ကိုလည်း ဆည်ဖို့သည်။

နိုင်ငံတလွှားရှိ မင်းစိုက်ကျောက်စာတို့ကို အသစ်ပြင်စေသည်။ ဤသို့ဖြင့် မင်းပိုင်မြေ၊ သံဃာ့မြေ၊ ဘုရားမြေ ကွဲပြားသွားသည်။ အကြီးတော် တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကို ကျောက်စာဝန် ခန့်သည်။ တွင်းသင်းမင်းကြီးလည်း ထိုကျောက်စာတို့ဖြင့် ညှိကာ ညောင်ရမ်းခေတ်က ဦးကုလားရေးသော မဟာရာဇဝင်ကို ပြင်ဆင်သော ရာဇဝင်သစ်ကို ရေးသည်။ တွင်းသင်းရာဇဝင်ဟု ထင်ရှားသည်။

၁၁၄၅ ခုတွင် သာလွန်မင်းလက်ထက်ကသို့ပင် စစ်တမ်းကောက်ကာ အစုအသား ခြားနားစေပြီး အိမ်ခြေ ၂၅ ခုလျှင် တဒိုင်၊ စည်းကြပ်ကာ ဒိုင်ထမ်း ဖွဲ့သည်။ ထိုစာရင်းကို ပေတင်၍ ရွှေတိုက်တော်၌ သွင်းသည်။

အိမ်တော်ထိန်း(၃)ဦးနှင့်မိသားစုငယ်ဘဝပြင်ဆင်

ဘိုးတော်ဘုရား ဟု နာမည်မကျော်ခင် ဘိုးတော်ဘုရား၏ ငယ်နာမည်မှာ မောင်ဝိုင်း ဖြစ်သည်။ သူကို မွေးစဉ် အင်းဝနေပြည်တော်ကို မွန်ဟံသာဝတီများ ဝိုင်းရံနေသဖြင့် အလောင်းဘုရား မှ မောင်ဝိုင်း ဟု အမည်မှည့်ထားလေ၏။

ဗဒုံမြို့ကို အပိုင်စားရပြီး ဗဒုံမင်းသား ဟု လည်း မင်းအသိုင်းအဝိုင်းထဲတွင် သိကြကုန်၏။ ဘိုးတော်ဘုရား သည် အနေအထိုင် တတ်သောကြောင့် ဆင်ဖြူ ရှင်မင်း လက်ထက်တွင် မင်းသားအဆောင်အယောင်တို့နှင့် မြှောက်စား ခံရ၏။ သို့သော်လည်း စဉ့်ကူးမင်း လက်ထက်တွင် ရာထူးများ သိမ်းခံရပြီး ၉ နှစ် တိုင်အောင် အိမ်နိမ့်စံဘ၀ နှင့် မထင်မရှား နေရလေ၏။

စစ်ကိုင်းတွင် နေထိုင်ရပြီး စဉ့်ကူးမင်းမှ သုံးစွဲရန် ငွေ လုံး၀ ပေးခြင်းမရှိပေ။ ထိုကြောင့် အိမ်တော်ထိန်းမောင်ပေါ်ဦး၊ မောင်ကျော်ရွေး၊ မောင်မြတ်ထင် တို့မှ စစ်ကိုင်းတွင် လိုက်ပါ နေထိုင်ပြီး လုပ်ကိုင်ကျွေးမွေး ကြသည်။ ကိုယ်လုပ်တော် တချိူ့ လည်း ဈေးရောင်းကြရသည်။ သမီးတော်များလည်း ရက်ကန်းရက်ရ၏။ ကျော်ရွေးက မန်ကျည်းရွက်နု များ ခူး၏။ ပေါ်ဦးက မန်ကျည်းရွက်နု များကို ဈေးတွင် ရောင်းရ၏။ မြတ်ထင်ကမှာမူ အင်အားကြီးသဖြင့် ဗန်းမော်-ကောင်းတုံ သို့ လှေထိုးလိုက်ကာ ဗဒုံမင်းသားကြီး တို့ မိသားစု ကို ကျွေးမွေး ကြရလေသည်။

ဗဒုံမင်းသားကြီး၏ မိဖုရားခေါင် မယ်လွန်းမယ် ကိုယ်တိုင် ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းငင် လုပ်ရသည။ ဗဒုံမင်းသား ကိုယ်တိုင် ချည်ခင်များကို မဲနယ်ဆိုးပေးရ၏။ ဗဒုံမင်းသားကြီး၏ အိမ်တော်ထိန်း ၃ ဦးကို သားတော်၊သမီးတော် များမှ ချစ်ကြောက်ရိုသေကြ၏။ ဗဒုံမင်းသား ဘုရင်ဖြစ်သည့်တိုင် ယခင်က အတိုင်း ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ဖြင့်သာ ဆက်ဆံကြ၏။ အထူးသဖြင့် မြတ်ထင်က အလွန် အဆဲသန်၏။ စကားလုံးတိုင်း ဆဲ သော စကားလုံး ပါ၏။

ထိုသို့ ၉ နှစ်ကြာအောင် အတူတကွ ရုန်းကန်ခဲ့ရသဖြင့် မိသားစု ကဲ့သို့ ဖြစ်နေကြကုန်သည်။ ထို အိမ်တော်ထိန်း ၃ ဦးတွင် ပေါ်ဦး သည် အလွန်စကားတတ် သူဖြစ်ပြီး၊ ကျမ်းဂန်စာပေ များလည်း နှံစပ်သဖြင့် ဗဒုံမင်းသား ၏ အတိုင်အပင်ခံ လည်းဖြစ်သည်။ ပေါ်ဦးသည် မိမိ၏ သခင်ဗဒုံမင်းသားအတွက် အခွင့်အကောင်း ပေါ်တိုင်း အကြံကောင်းများလည်း ပေးတတ်၏။

မဟာသီဟသူရ စစ်ကိုင်းသို့ နယ်နှင်ဒဏ် ခံရသောအခါ သွားတွေ့ရန် အကြံပေး၏။ သို့သော် မဟာသီဟသူရ ကို ဗဒုံမင်းသားမှ မကြည်၊ မဟာသီဟသူရ လည်း မကြည်သဖြင့် မတွေ့ဖြစ်ကြပေ။ ဖောင်းကားစား မောင်မောင် အင်းဝထီးနန်းကို သိမ်းပိုက်လိုက်ပြီး ဦးရီးတော်များကို နေပြည်တော်သို့ ပြန်လာရန် လာရောက် ခေါ် ယူသော အခါ ပေါ်ဦးမှ ဗဒုံမင်းသားကို သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး အခွင့်အလမ်း ဖြစ်ကြောင်း လျှောက် တင်ခဲ့၏။

ဗဒုံမင်းသား သည် အင်းဝနေပြည်တော် ရှိ အိမ်တော်တွင် အကျယ်ချူ ပ်ခံရစဉ် နေပြည်တော် တခုလုံး ဖောင်းကားစား မောင်မောင်၏ လူများ ရမ်းကားနေကြရာ ဘုရင်အာဏာ မလွှမ်းမိုး နိုင်သောကြောင့် နေပြည်တော်တခုလုံး ဖြစ်ချင်တိုင်းဖြစ်နေတော့သည်။ ထိုကြောင့် ဗဒုံမင်းသားမှ ယခင်က အလောင်းမင်းတရား၏ သစ္စာခံများနှင့် ပူးပေါင်းကာ အင်း၀ နန်းတော်ကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

ဗဒုံမင်းသားမှ အင်းဝထီးနန်းကို အောင်မြင်စွာ သိမ်းပိုက် နိုင်ချိန်တွင် သက်တော် ၃၈ ရှိနေပြီဖြစ်သည်။ ဘိုးတော်ဘုရားဟု အမည်တွင်ခြင်းမှာ ကုန်းဘောင်နှောင်း ဘုရင် များ၏ အဘိုး ဖြစ်သောကြောင့် ဖြစ်၏။

ဘိုးတော်ဘုရား နန်းရလျှင် မိမိ၏ ငယ်ကျွန်များကို မြှောက်စားလေသည်။ ဦးပေါ်ဦး ကို အတွင်းဝန်မင်း အပြင် ရန်ကုန်မြို့ကိုပါ အပိုင်စား ရလေသည်။ ဦးကျော်ရွေး ကိုမူ မြေထဲမြို့ကို အပိုင်ပေးစားလေသည်။ မြတ်ထင် မှာမူ ဘိုးတော်ဘုရား အင်းဝထီးနန်းကို မသိမ်းမီ ၁ နှစ်အလိုတွင် ပင်ပန်းဒဏ်ကို မခံနိုင်တော့ သဖြင့် မိမိ၏ ရွာသို့ ပြန်ကာ ပဲစိုက်စား နေလေ၏။

ဘိုးတော်ဘုရား အထွပ်အမြတ် တို့ ရောက်သော်အခါ မြတ်ထင် မသိရှိရပေ။ဘိုးတော်ဘုရား မှာလည်း နန်းတွင်း ရေး၊ သူပုန်အရေး၊ ကို ကိုင်တွယ်နေရ သဖြင့် ငယ်ကျွန် မြတ်ထင်ကို သတိမရပေ။ ရွာတွင်လည်း ကိုယ့်ဝမ်းရေး များကိုသာ လုံးပန်းနေကြသဖြင့် အင်းဝနေပြည်တော်တွင် ဖြစ်ပျက်သည်များကို မည်သူမှ ဂရုစိုက် မအားကြပေ။ မြတ်ထင် အဆိုအရ တနေ့ တဲပေါ်တွင် နေ့ခင်း အိပ်ပျော်နေစဉ် ဝတ်ဖြူ စင်ကြယ် လူကြီးမှ လာပြီး " ဟဲ့ နင့်အရှင် အထွက်အမြတ် ရောက်နေပြီ၊ သွားတွေ့ချေ " ဟု သုံးကြိမ် တိုင်အောင် အိပ်မက် ပေးရာ အင်း၀ နေပြည်တော်အထိ လာပြီး စုံစမ်းလေ၏။

ထိုအခါမှ အုပ်ချူ ပ်မင်းလုပ်နေသူမှာ ဗဒုံမင်းသား ဖြစ်ကြောင်း သိရသောအခါ အလွန်ပျော်ပြီး အတွင်းတော် သို့ အခစား ဝင်ရန် ကြိုးစားလေသည်။ မြတ်ထင်သည် သာမန် တောသား ပုံစံသာဖြစ်သဖြင့် တံခါးမှူးမှ မပေး ဝင်ပေ။ ထို့ကြောင့် မြတ်ထင်မှ တံခါးမှူး ကို သူ့အကျင့်အတိုင်း ဆဲဆို နေလေ၏။ ထိုအချိန် အနီးအနားမှ ဖြတ်သွားသော နန်းတွင်းအပျိူ တော် မှ မြတ်ထင်၏ အသံကို သတိထားမိသဖြင့် လှမ်းကြည့်ရာ မြတ်ထင်ဖြစ်ကြောင်း သိရသဖြင့် မိဖုရားခေါင်ကြီး မယ်လွန်းမယ် ထံ ခေါ်ဆောင်သွားရလေ၏။

မိဖုရားခေါင် မယ်လွန်းမယ်လည်း မြတ်ထင် အခစား ဝင်ကြောင်း သိရသောအခါ အတွင်းတော်မှ ရုတ်ခြည်း ထွက်တော်မူလာ၏။ ထိုအခါ မြတ်ထင်က သယ်လာသော ပဲစည်းကလေးတောင်းကို ချပြီး မိဖုရားခေါင်ကြီး ၏ ခြေထောက်တော်ကို ပြေးဖက်ကာ ငိုလေသည်။ မိဖုရားလည်း " ဟဲ့ သပေါက်မသား၊ အခု မှ လာတွေ့ ရသလား " ဆိုပြီး ဝမ်းသာမျက်ရည်ဆို့လေ၏။

ထိုနောက် မိဖုရားခေါင်ကြီးမှ နန်းတော်အတွင်းသို့ ဝင်ကာ ညီလာခံ လုပ်နေသော ဘိုးတော်ဘုရားထံ အရိပ်အယောင် ပြလိုက်လေ၏။ ဘိုးတော်ဘုရား လည်း ညီလာခံ ကို စဲကာ အတွင်းဆောင်သို့ ကြွလေ၏။ အတွင်း ဆောင်ရောက်သော် ဘယ်အရေးလဲ ဟု မေးရာ မိဖုရားခေါင်မှ မျက်နှာချ ရှိခိုးနေသော လူဆီကို လက်ညိုးထိုးကာ"မောင်မောင်ဘုရား သည် အကောင်ကို သိတော်မူပါရဲ့လား"ဟု လျှောက်လေ၏။

ဘိုးတော်ဘုရားမှ ရှေ့သို့လှမ်းပြီး မိမိ၏ လက်သုံးတော် ဒေါင်းမွှေးဖြင့် ထိကာ မျှော်ဖူးစေ ဟု ဆိုလိုက်မှ မြတ်ထင် မှန်း သိသဖြင့်"ဟဲ့.. ခွေးမသား၊ နင် ခုမှ လာတယ်လား။ နင် တယ်မိုက်တာကိုး ဟဲ့၊ နင် ရွာမှာ ဘာလုပ်နေလဲ ဟု မေးတော်မူလေ၏။ မြတ်ထင်လည်း ပဲခင်းစိုက်နေပါတယ်ဘုရား"ဟု ငိုလျက် ပြန်လျှောက် လေ၏။ ဘိုးတော်ဘုရားမှ" အေး အေး ကောင်းပြီ၊ နင့်ကို ငါ ကြည့်တော်မူမည်။ ယခု နင့်သားမယားများ စားသုံးရန် ငွေဆယ်ပိဿာ ယူသွားလေ" ဟု ချီးမြင့်လေ၏။

မြတ်ထင်လည်း ထိုငွေကိုယူကာ နေပြည်တော်တွင် မိမိ၏ မိတ်ဆွေတဦးမှ ဗိုလ်ကြီး ဖြစ်နေသည်ဟု သိရသဖြင့် သွားကာ ထို ဗိုလ်ကို ငွေများ ပေးလျက် ၃ ရက်အတွင်း ဝန်ကြီးအဝတ်တန်ဆာများ ပြုလုပ်ပေးရန် ပြောပြီး နောက်လိုက်များလည်း လိုအပ်သလို ငှားပေးရန် ပြောလေ၏။ ထိုနောက် လွှတ်တော်သို့ သွားရောက်ကာ ဝန်ရှင်တော်မင်းများ ထိုင်သောနေရာတွင် ဝင်ထိုင်လေ၏။

နံနက် ငါးချက်တီးတွင် အစည်းအဝေး တက် ရန် လာကြကုန်သော အမတ်များ လည်း မြင်သဖြင့် အံ့ဩလေ၏။ လွှတ်တော်ဝန်ရှင်တော် ဖြစ်သော ဦးပေါ်ဦး လည်း အဝေးမှ တွေ့၏။ သို့သော် မြတ်ထင်ကို ကြောက်သဖြင့် မြို့ဝန် ဦးကျော်ရွေး ကို ခေါ်ကာ ဘုရင့်ထံ အရင် ဝင်ခစားကြလေ၏။

ဦးပေါ်ဦး ။ မှန်လှပါ၊ လွှတ်တော်ဝန်ကြီး ၄ ပါး သာ ခန့်ထားမြဲ ဖြစ်ရာ ယခု ဘုန်းတော်ကြောင့် ၅ ပါး ဖြစ်နေပါသည် ဘုရား။ ဘုရင် ။ ။ ဝန်ကြီး တပါး ဘယ်က ပိုနေပြန် သလဲကွယ့်။ ဦးကျော်ရွေး ။ ။ မှန်လှပါ၊ မြတ်ထင်သည် လွှတ်တော်ပေါ်တက်ပြီး ဝန်ကြီး လုပ်နေပါသည် ဘုရား။ ဘုရင် ။ ။ ဟေ.. ငါက သင်းကို ဝန်ကြီး မခန့်သေးပါဘူး၊ သင်းကို ဆုတော်ငွေတော့ သနားတော် မူထားတယ်။ သင်းကို အတွင်းတော်ခေါ်ခဲ့ကြ။ ဦးပေါ်ဦး တို့ ၃ ဦး အတွင်းတော်သို့ ပြန်လည် ရောက်ချိန်တွင် အရှင်နှစ်ပါးတို့ ပြုံးလျက် ရှိ၏။

ဘုရင် ။ ။ ဟဲ့.. မြတ်ထင်၊ မောင်မင်းကို မည်သူက လွှတ်တော်ဝန်ကြီး ခန့်ထားလို့လဲ။ မြတ်ထင် ။ ။ မှန်ပါ၊ ခမည်းတော်ဘုရားကပဲ သူကောင်းပြုတော်မူမည်ဟု မိန့်ထားကြောင်းပါ။ ထိုနေ့ကမယ်မယ်ဘုရား အဆောင်မှာ မိန့်တော်မူသည်မှာ ကျော်ရွေးလည်း ဝန်ကြီး၊ ပေါ်ဦးလည်းဝန်ကြီး၊ နင်လည်းဝန်ကြီးဖြစ်မှာပေါ့ ဟု နာခံရပါတယ်၊ ယခု ကျွန်တော်မျိူး ရှိနေသော ကြောင့် ဝန်ကြီး ဖြစ်လာရပါကြောင်း ဘုရား၊ စစ်ကိုင်းဘက်မှာ ကျွန်တော်မျိူးက လှေထိုး လိုက်ကျွေး ရပါသည်ဘုရား။

ကျော်ရွေးမှာ သားတော်များ ထိန်းပြီး ရံခါ မန်းကျည်းရွက်နု ရောင်းပါသည် ဘုရား။၊ ပေါ်ဦးမှာကတော့ ဖင်ကျယ်လုပ်ပြီး မန်းကျည်းရွက် ရောင်းသလိုလို၊ ပဲလှော် ရောင်းသလိုလို နှင့် အိမ်တော်မှာ ညာနေပါသည်ဘုရား၊ ထိုကြောင့် ပေါ်ဦးထက် အောက်မကျအောင် ဆုတော်ငွေ နှင့် ဝန်ကြီးတန်ဆာများ ဝတ်ချူပ်ကာ ဝန်ကြီး ပြုပါသည်ဘုရား။

ထိုအခါ ဘိုးတော်ဘုရား နှင့် မိဖုရားခေါင်တို့မှာ အားရပါးရ ရယ်တော်မူလေသည်။ ထိုကြောင့် ငယ်ကျွန်တော် အတွက် ဘိုးတော်ဘုရား မှာ မှူးမတ်များနှင့် တိုင်ပင်ပြီး ဝန်ဌာန တခုကို မြတ်ထင် အတွက် ပြုလုပ်ပေးရလေ၏။ အက္ကပတ်မြင်းဝန် ခေါ်သော ဝန်ကြီးဌာန အသစ်တခုကို မြတ်ထင်အတွက် ဖန်တီးပေးလေသည်။

ထိုဌာနမှာ ယခုခေတ်ဆိုလျှင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ကဲ့သို့ ဖြစ်၏။ ယခု မန္တလေး မဟာမြတ်မုနိ ရုပ်ပွားတော်ကြီး ကျောင်းပရိဝုဏ် အတွင်းရှိ မြင်းဝန်တိုက် သည် ဝန်ကြီးဦးမြတ်ထင် လှူဒါန်း ထားခြင်းဖြစ်၏။[၂]

ဘုန်းနယ် (ရေစကြို)။ "မြန်မာနိုင်ငံ သာသနာ့မိခင်ကြီးများ"။

မိသားစုဘဝပြင်ဆင်

မိဖုရား ကိုယ်လုပ် များစွာရှိပြီး စာရင်းပေါက်သားသမီး ၁၂၉ ယောက် ရှိသည်။

နန်းရမိဖုရားများပြင်ဆင်

တောင်နန်းမိဖုရားပြင်ဆင်

မဟာအတုလဒေဝီ (ဒေါ်အိ) နှင့် အင်းဝဗိုလ်မှူး မင်းရဲကျော်ထင် (ဦးညွန့်) တို့မှ မွေးသည့်သမီး (မယ်လွန်းမယ်) သီရိပဝရရတနာမင်္ဂလာဒေဝီ၊ နောက် သီရပဝရမဟာရာဇိန္ဒာမင်္ဂလာရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသမီးများ ရသည် -

  • ကန္နီမင်းသမီး (အမိကြီး) သီရိမဟာရတနာဒေဝီ
  • တောင်တွင်းကြီးမင်းသမီး (မကေ) သီရိမဟာတိလောကရတနာဒေဝီ၊ နောက် သီရိတိလောက မဟာဘတ္တာသုရတနာဒေဝီ
  • မြေဒူးမင်းသမီး မအုန်း

မြောက်နန်းမိဖုရားပြင်ဆင်

သပွတ်ကြေးတိုင် ဦးမြတ်ထွန်းနှင့် လွှဲပါရွာသူ ရှင်ဖရုံတို့မှ မွေးသည့်သမီး (မယ်လွန်းသူ) သီရိမဟာစန္ဒာဒေဝီ၊ နောက် သီရိမဟာစန္ဒာဘိရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် -

  • ရွှေတောင်မင်းသား (မောင်ပေါ်)
  • ပြည်မင်းသား (မောင်ရွှေမှုံ)

ဒုတိယ မြောက်နန်းမိဖုရားပြင်ဆင်

ရွှေဘိုမြို့ ဆီးတောရွာမှ ဦးမိုး၏ သမီး ကျောက်မော် ကျောက်ပန်းတောင်းမြို့စား မိဖုရားနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် -

  • (မြစ်သား စကုမြို့စား) ကျောက်မော်မင်းသမီး ရွှေနန်းမြင့်
  • မက္ခရာမင်းသား မောင်ပျိုး
  • လှိုင်မင်းသား (မောင်ရိုး) သီရိဓမ္မရာဇာ

အလယ်နန်းမိဖုရားပြင်ဆင်

ဟံသာဝတီရောက်မင်းလက်ထက် လုံးပေါ မြင်းစာရေး ဦးစံထွန်း (ဗဒုံမင်းလက်ထက် ကျီဝန် ဖြစ်လာ) ၏ သမီး (မယ်လွန်းပု) သီရိမဟာနန္ဒာဒေဝီ၊ နောက် သီရိမဟာနန္ဒာဘိရတနာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် -

  • ဟင်္သာတမင်းသမီး (မမင်းတုတ်) သီရိမဟာရတနာပဘာဒေဝီ
  • သား ငယ်ကလွန်
  • သမီး ငယ်ကလွန်
  • ပုသိမ်မင်းသား သုဓမ္မရာဇာ

ဆောင်ရမိဖုရားများပြင်ဆင်

တောင်ရွှေရေးဆောင်မိဖုရားပြင်ဆင်

စလေ ဓနုဖြူစား (မယ်အောင်) မင်္ဂလာဒေဝီ၊ နောက် သီရိမဟာမင်္ဂလာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီးများ ရသည် -

  • ပုဂံမင်းသား (မောင်ပေ) သတိုးမင်းဖျား
  • ယောမင်းသမီး သီရိဥပ္ပလဒေဝီ
  • သန်လျင်မင်းသား
  • ကနောင်မင်းသား (သာထွန်းအောင်) သီရိသုဓမ္မရာဇာ

မြောက်ရွှေရေးဆောင်မိဖုရားပြင်ဆင်

လှိုင်းတက် အမြင့် ကာမမြို့စား (ရှင်ဝက်) ရတနာမဟေ၊ နောက် ရတနာဒေဝီ၊ နောက် သီရိမဟာသုဓမ္မာဒေဝီနှင့် ပေါင်းသင်းရာ အောက်ပါသားသမီများ ရသည် -

  • ပခန်းမင်းသား (မောင်ဖဲကြီး) သတိုးမင်းရဲကျော်ခေါင်

မြို့စားရွာစားမိဖုရားများပြင်ဆင်

ယင်းတော်မိဖုရားပြင်ဆင်

အလောင်းမင်းတရားနှင့် ကိုယ်လုပ်တော် ရုဇာမဟေတို့မှ မွေးသော (မင်းရွှေမြ) သုစန္ဒာဒေဝီ၊ နောက် သီရိသုစန္ဒာဒေဝီနှင့် သား ၁၊ သမီး ၂ ရသည်။

ရေနံချောင်းမိဖုရားပြင်ဆင်

ယိုးဒယားဝန် ကျော်ခေါင်ကျော်သူ၏ သမီး သီရိစန္ဒာမဟေသီနှင့် အောက်ပါသားသမီးများ ရသည် -

  • ပတိမ်းမင်းသား မင်းရဲကျော်စွာကျော် (မောင်ရွှေလွတ်)

ထရံကာမိဖုရားပြင်ဆင်

သိန္နီစော်ဘွား၏ သမီးကို သီရိမြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။

မိုးမိတ်မိဖုရားပြင်ဆင်

မိုးမိတ်စော်ဘွား၏ သမီးကို သီရိတိလောကဒေဝီ ဘွဲ့နှင့် မိဖုရားမြှောက်သည်။ ဟန်လင်း စကုမြို့တို့ စားရသည်။ သားသမီးများမှာ -

  • ဓနုဖြူမင်းသမီး သီရိသုရတနာပဘာဒေဝီ
  • မကွေးမင်းသမီး သီရိသီလဒေဝီ (မင်းရွှေမှုတ်)
  • မိုးမိတ်မင်းသား မဟာဓမ္မရာဇာ (မောင်ခန့်ကျော်)
  • မြတောင်မင်းသမီး သီရိသုရတနာစန္ဒာဒေဝီ (မင်းပတ္တမြား)
  • ကွပ်ရွာမင်းသမီး သီရိရတနာမလ္လာဒေဝီ

မတ္တရာမိဖုရားပြင်ဆင်

တလုပ်မြို့ဇာတိ သီရိကျော်သူ၏ သမီး (ရှင်မင်းလှ) သီရိရတနာမဟေသီနှင့် ပေါင်းဖက်ရာ အောက်ပါသားသမီးများ ရသည် -

  • ရွှေကူမင်းသား မင်းရဲကျော်စွာ (မောင်ခိုင်)
  • လယ်ကိုင်းမင်းသား မင်းရဲမင်းလှငယ် (မောင်မှတ်)

မိတ္ထိလာမိဖုရားပြင်ဆင်

ဟံသာဝတီရောက်မင်း၏သား ရွှေတောင်မင်းသားနှင့် မင်းထိပ်ပန်တို့မှ မြင်သော သမီး မင်းစီစီနှင့် ရင်းနှီးရာမှ အောက်ပါသားသမီးများ ရသည် -

  • မင်းခင်းမင်းသမီး သီရိမလ္လာနန္ဒာဒေဝီ (ရှင်မင်းနှစ်)
  • မိတ္ထိလာမင်းသမီး သီရိသုရတနာနန္ဒာဒေဝီ (ရွှေအိမ်ရှင်)
  • ရွှေကူမင်းသမီး သီရိရတနာဒေဝီ (ရှင်မင်းစစ်)

လှိုင်းတက်မိဖုရားပြင်ဆင်

ကသာမိဖုရားပြင်ဆင်

အသည်ဝန်ကြီး မင်းကြီးဇေယျသူ၏ သမီးဖြစ်ပြီး မြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။

ဇရွံမိဖုရားပြင်ဆင်

မွေးရင်းစော်ဘွား၏ သမီးကို သီရိရုဇာမဟေ ဘွဲ့နှင့် မိဖုရားမြှောက်သည်။

တလုပ်မြို့စား မိဖုရားပြင်ဆင်

တရုတ်မြော်မိဖုရား ဟုလည်း လူသိများသည်။ မိုးကောင်းစော်ဘွား၏ သမီးဖြစ်ပြီး သီရိမြတ်စွာမဟေ ဘွဲ့နှင့် မိဖုရားတင်သည်။ ရသော သားသမီးများအား အောက်ပါအတိုင်း ဖြစ်သည် -

  • သံတွဲမင်းသား မဟာသုဓမ္မရာဇာ

ဝေသာလီမိဖုရားပြင်ဆင်

ဝေသာလီမင်း၏ သမီး စွန်ပါဝတီကို သီရိမဟာဝိမလာဒေဝီ ဘွဲ့နှင့် နန်းတင်သည်။ မအူ ၄ ရွာ စားရသည်။ ရသော သားသမီးများ အောက်ပါအတိုင်း ဖြစ်သည် -

  • မိုးကောင်းမင်းသား သတိုးမင်းဖျား

သပြေ ၅ ရွာစား မိဖုရားပြင်ဆင်

သီပေါစော်ဘွား၏ သမီးကို ရာဇဒေဝီ ဘွဲ့နှင့် နန်းတင်သည်။ ရသော သားသမီးများ အောက်ပါအတိုင်း ဖြစ်သည် -

  • သီပေါမင်းသား သတိုးမင်းရဲစည်သူ (မောင်ဘဲကလေး)

ကိုယ်လုပ်များပြင်ဆင်

ရှင်ဖရုံပြင်ဆင်

အောက်ပါသားသမီးများ ရသည် -

  • ဝန်းသိုမင်းသား မင်းရဲမြတ်စွာ (မောင်ရွှေအပ်)

အခြားပြင်ဆင်

ရှင်မင်းစီပြင်ဆင်

ရွှေဘိုမြို့ ရွှံ့စက်ရွာမှ ဦးပု၏ သမီးဖြစ်ပြီး ဗဒုံမင်း ဘုရင်မဖြစ်မီ သေသည်။ မြင်သော သားသမီးများအား အောက်ပါအတိုင်း ဖြစ်သည် -

  • တောင်ငူမင်းသား မင်းရဲကျော်ခေါင် (မောင်ရွှေပုံ)

ကုသိုလ်တော်များပြင်ဆင်

စစ်ကိုင်း အိမ်တော်ရာ၌ အောင်မြင်လောကစေတီ တည်သည်။

၁၁၆၂ ခုတွင် ပြည်သူပြည်သားတို့အား စပါး တင်းတသိန်း ဝေသည်။

မင်းကွန်း၌ ပုထိုးကြီးတည်ရန် ကြိုးပမ်းသော်လည်း လက်စမသတ်နိုင်ခဲ့။ သို့သော် သွန်းပြီးသည့် ခေါင်းလောင်းကြီးမှာ မြန်မာ့အကြီးဆုံးခေါင်းလောင်းအဖြစ် ထင်ရှားသည်။

ဘဝနိဂုံးပြင်ဆင်

၁၈၁၉ ခု၊ ဇွန်လ ၅ ရက်တွင် နတ်ရွာစံသည်။


 
အမရပူရနန်းတော် ခရစ်နှစ် ၁၇၉၅ ခုနှစ်
 
အမရပူရနန်းတော် ရာဇပလ္လင်

အောက်ပြည်အရပ်မှ မွန်တို့ ပုန်ကန်သည်ကိုလည်း နှိမ်နှင်းရသည်။သာဿနာရေးဆိုင်တွင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြေရှင်းစေပြီး မဟာယနဆန်သည့် ပွဲကျောင်းဝါဒကို နှိမ်နှင်းရန် ကြိုးပမ်းဆောင်ရွက်သော်လည်း ထိရောက်သောအောင်မြင်မှုတို့ ရရှိသည်မတွေ့ရပေ။ ထို့ပြင် အိန္ဒိယသို့ သံတမန်များ စေလွတ်ပြီး ဗေဒင်နှင့် ဗြဟ္မဏဆိုင်ရာကျမ်းများကို ယူဆောင်လာစေကာ မြန်မာဘာသာသို့ပြန်ဆိုရန် အားပေးခဲ့သည်။ ရှေး အယူအဆများနှင့် ဆန့်ကျင်ပြီး တိုးတက်သည့် အတွေးအခေါ်အယူအဆများကို သွပ်သွင်းလိုသော်လည်း အယူအစွဲကြီးသည့် ပြည်သူနှင့် လက်အောက်ခံများကြောင့် အရာမထင်ပေ။ ထင်ရှားသည့် ပျော်တော်ဆက်သက်တော်ရှည်အမတ်ကြီးမှာ ဦးပေါ်ဦး ဖြစ်သည်။ အိမ်ရှေ့မင်းသားဦးပေါ်မှာ ဘိုးတော်ဘုရား အသက်ရှိစဉ်ပင် နာမကျန်းဖြစ်ကာ ကွယ်လွန်သည့်အတွက် မြေးတော်နှစ်ပါးဖြစ်သည့် စစ်ကိုင်းမင်းသားနှင့် သရက်မင်းသားတို့ အပြိုင်နန်းလျာဖြစ်လာပြီး နောက်ဆုံးတွင် စစ်ကိုင်းမင်းသားအိမ်ရှေ့အရာရကာ ဘိုးတော်ဘုရားလွန်လျှင် နန်းစံသည်။ မြန်မာ့သမိုင်းတွင် ဘကြီးတော် မင်းအဖြစ်လည်း လူသိများသည်။ ဘိုးတော်ဘုရားသည် ၁၁၄၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၁၄၆ ခုနှစ်တွင် တစ်ကြိမ် ရာဇာဘိသေက မုဒ္ဓါဘိသေခံပြီးလျှင် ထီးဆောင်းမင်္ဂလာ မဟာဥကင်သဖွင့်တော်မူ၍ သီရိပဝရ တိလောကပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ တံဆိပ် နာမံများကို ခံတော်မူသည်။ ၁၁၆၆ ခုနှစ်တွင် သီရိ မဟာသုဘတ္တာဟူသော ဆင်ဖြူမ တစ်စီးနှင့် ၁၁၆၈ ခုနှစ်တွင် နိဗ္ဗာန ပစ္စယနာဂရာဇာ ဆင်ဖြူတစ်စီးကို ရတော်မူ၍ ရွှေစက်တင်တော်မူပြီးလျှင် ဆဒ္ဒန်ဆင်မင်းသခင်ဘွဲ့ ခံတော်မူသည်။

ဘိုးတော်ဘုရားသည် ခမည်းတော်၏ ဆန္ဒအရ ကုန်းဘောင်မင်းဆက်တွင် စတုတ္ထမင်းဖြစ်ရန် ရှိသော်လည်း နောင်တော် ဆင်ဖြူရှင်မင်းက သားတော် စဉ့်ကူးမင်းအား အရိုက်အရာ လွှဲအပ်ခဲ့သဖြင့် တူတော်များဖြစ်သော စဉ့်ကူးမင်းနှင့် ဖောင်းကားစားမင်းတို့အား ဖယ်ရှင်းပစ်ပြီးနောက်မှထီးနန်းကို ဆက်ခံရသဖြင့် ကုန်းဘောင် မင်းဆက်တွင် ဆဋ္ဌမမင်းဖြစ်ခဲ့ရသည်။ နန်းတက်စတွင် ဘိုးတော်ဘုရားသည် ထီးနန်းအန္တရာယ်ကြောင့် မင်းဆွေစိုးမျိုး မှူးမတ်မှုထမ်းကောင်းအမြောက်အများတို့ကို ကြံစည်ကြောင်းသံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့ရသည်။ တရုတ်မြန်မာ စစ်ပွဲတွင် ထင်ရှားသော ဝန်ကြီးမဟာသီဟသူရ ကို မရှုတ်မချ ဝန်ကြီးအရာနှင့် သူကောင်းပြုသော်လည်း မကြာမြင့်မီ ညီတော် စည်သာ မင်းသားနှင့် ထီးနန်းကြံစည်ကြောင်းသံသယရှိသဖြင့် ထုံးစံနှင့်အညီ စီရင်တော်မူခဲ့သည်။ ဘိုးတော်ဘုရားသည် ပထမံဘိုးဘိုးအောင် ကိုလည်းထီးနန်းကြံစည်ကြောင်းသံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့သည်။ ပထမံ ဘိုးဘိုးအောင်သည် ဝ တလုံးက နှစ်လုံးဖြစ်အောင် တတ်နိုင်ရုံမက ဘယ်လိုမှ သတ်၍ မသေဟု ဖေါ်ပြကြသည်။ ၁၁၄၄ ခုနှစ်တွင် ငဖုန်းဆိုသူ ရှမ်းအမျိုးသား တစ်ယောက်က မိမိကိုယ်ကို ဟံသာဝတီ ရောက်မင်းတရားကြီး၏ သားတော် မင်းရဲမြတ်ဖုန်းဟုဆိုကာ ဖောင်းကားစား မောင်မောင်၏ ကြွင်းကျန်ပုန်းလျှိုး နေသေးသော ကျေးကျွန်တို့နှင့် ပေါင်း၍ နန်းမြို့တွင်းသို့အတင်းဝင်ရောက် ပုန်ကန်ရာ နှိမ်နင်းတော်မူပြီးနောက် ငဖုန်းနှင့် အပေါင်းပါတို့ကို ကွပ်မျက်တော်မူရသည်။ ပုသိမ်နယ်မှ မွန် ၃ဝဝ ကျော်တို့သည် ရန်ကုန်သို့ ချီတက် တိုက်ခိုက်သိမ်းယူကြသည်ကိုလည်း နှိမ်နင်းရသည်။ ၁၁၄၅ ခုနှစ်တွင် ဘိုးတော်ဘုရားသည် သားတော်ကြီး သတိုး ဓမ္မရာဇာဘွဲ့ခံ ရတနာရွှေတောင်မင်းကို အိမ်ရှေ့အရာ နှင်းတော်မူရာ ညီတော် ပင်းတလဲမြို့စား စိတ်ထောင့်၍ ထီးနန်းကို ကြံစည်သဖြင့် ထုံးစံနှင့်အညီ စီရင်ရသည်။ ၁၁၇ဝ ပြည့်နှစ်တွင် သားတော် မဟာဥပရာဇာ နတ်ပြည် စံသောအခါ မြေးတော် စစ်ကိုင်းမင်းသားအား အိမ်ရှေ့နှင်းတော်မူသည်။

သက္ကရာဇ် ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလတွင် ရခိုင်ဓညဝတီပြည်ကြီးကို သိမ်းယူတော်မူမည်ဟု သားတော် မဟာဥပရာဇာကို အချုပ်ခန့်၍ အလုံးအရင်းနှင့် ချီစေသည်။ မဟာဥပရာဇာသည် စစ် ၄ ကြောင်းဖြန့်၍ ချီတက်ရာ ရခိုင်တို့ အပြင်းအထန် ခုခံတိုက်ခိုက်ကြသော်လည်း ရခိုင်တို့ရှုံးကာ သံတွဲမြို့နှင့်တကွ တောင်စဉ် ခုနစ်ခရိုင်သာမက ရခိုင်တပြည်လုံးကို မင်းနှင့်တကွ ရရှိသည်။ ရခိုင်ဘုရင်နှင့်တကွ မင်းဆွေမင်းမျိုး မှူးမတ် ပညာသည်များ၊ အလျားအတောင် ၂ဝ လုံးပတ် ၆ တောင်ရှိ အမြောက်ကြီးနှင့် ခဲယမ်းမီးကျောက် အမြောက်သေ နတ်များ၊ ဆင်မြင်းလူသူ ၃ သောင်းကျော်နှင့်တကွ ယိုးဒယားလုပ် ကြေးရုပ် ၃ဝ ကျော်တို့ကို ဆောင်ယူ၍ တပို့တွဲလပြည့်ကျော် ၇ ရက်နေ့တွင် ရခိုင်မှ ပြန်လာသည်။ ထိုပြင်ရခိုင်မင်းများ အစဉ်အဆက် ကိုးကွယ်သော မဟာမုနိ ရုပ်ပွားတော်ကြီးကိုလည်း တောင်ကုပ်လမ်းဖြင့် ပင့်ဆောင်ကာ ပန်းတောင်းမြို့ဆိပ်ကမ်းမှ ရွှေဖောင်တော်နှင့် တင်ဆောင်၍ အမရပူရမြို့သို့ရောက်လျှင် မြို့မြောက်ဘက်၌ ရွှေပြဿာဒ်နှင့် တည်ထားကိုးကွယ်သည်။ ရှေးက ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက် အောင်မြင်ခဲ့ဖူးသော်လည်း ခရီးအထောက် အလှမ်း မသင့်ခြင်းကြောင့် ကြာရှည်သိမ်းပိုက်မထားနိုင်ခဲ့ချေ။ ဘိုးတော်ဘုရား လက်ထက်တော်တွင်မှ ရခိုင်မင်းဆက် ပြတ်လေတော့သည်။

ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်လိုက်သဖြင့် မြန်မာနယ်စပ်သည် ဗြိတိသျှတို့သိမ်းပိုက်ထားသော ဘင်္ဂလားနယ်နှင့် တစ်စပ်တည်းဖြစ်ခဲ့ရာ နယ်စပ်အရှုပ်အထွေးများ ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် မြန်မာတို့အိန္ဒိယသို့စေလွှတ်သော သာသနာရေးအဖွဲ့အား ဗြိတိသျှတို့က နိုင်ငံရေး မကင်း ဟု ယူဆကာ တားမြစ်သည်။ ဤအချက်များကြောင့် ဘိုးတော်ဘုရားနှင့် ဗြိတိသျှတို့အဆက်အသွယ် ပြုလာရသည်။ သက္ကရာဇ် ၁၁၅၆ ( ခရစ်နှစ် ၁၇၉၅ ) ခုနှစ်တွင် အရှေ့အိန္ဒိယ ကုမ္ပဏီမှ ကက်ပတိန် မိုက်ကယ်ဆိုင်းအား ဘိုးတော်ဘုရားထံသို့စေလွှတ်ကာ မြန်မာဘုရင်နှင့် ကုမ္ပဏီ တို့အကြား ဖြစ်ပေါ်နေသော အရှုပ်အထွေးများကို ဖြေရှင်းစေ သည်။ ဘိုးတော်ဘုရားက ကက်ပတိန်ဆိုင်းသည် ဘင်္ဂလားအစိုး ရက စေလွှတ်သော ကိုယ်စားလှယ်သာ ဖြစ်သည်ဟု ယူဆကာ အရေးမပေးနေသည်။ သို့ရာတွင် မြန်မာမှူးမတ်များနှင့် ကက်ပတိန်ဆိုင်းသည် ကုန်သွယ် ရေး ခွင့်ပြုချက်အချို့ကို သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

 
ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း ခရစ်နှစ် ၁၇၉၅ ခုနှစ်

ကက်ပတိန်ဆိုင်း၏ အစီရင်ခံချက်အရ အရှေ့အိန္ဒိယ ကုမ္ပဏီသည် မြန်မာတို့နှင့် သံတမန်လဲလှယ်ရန်နှင့် ကုန် ကူးသန်းရောင်းဝယ်ရန် အလို့ငှါ သက္ကရာဇ် ၁၁၅၆ ( ခရစ် ၁၇၉၆ ) ခုနှစ်တွင် ကက်ပတိန် ကောက်စအား ကိုယ်စား လှယ်အဖြစ် ရန်ကုန်သို့စေလွှတ်ပြန်သည်။ ကက်ပတိန် ကောက်စသည် ၁၁၅၈ ခုနှစ်တွင် အမရပူရ နေပြည်တော်သို့ ဆန်တက်၍ ဘိုးတော်ဘုရားထံ လက်ဆောင်ပဏ္ဏာများနှင့်တကွ အဖူးအမြော်ဝင်သည်။ ကက်ပတိန်ကောက်စက မိမိအားဗြိတိသျှ တို့၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် တောင်းဆို သည်ကို မြန်မာတို့က ငြင်းပယ်သည်။ မြန်မာတို့ အမြင်တွင် ကက်ပတိန် ကောက်စသည် မြန်မာပြည်ရှိ ဗြိတိသျှ ကုန်သည်များအား ကြီးကြပ်ရန်လာသော ကုန်သည်တစ်ဦးဟု သာ မြင်သည်။ သို့ဖြင့် ကက်ပတိန်ကောက်စသည် ရန်ကုန်မှ ပြန်လာခဲ့ရသည်။

 
၁၇၉၅ ခုနှစ် မြန်မာဘုရင့်စစ်လှေ တစ်စင်း

၁၁၅၉ ခုနှစ်တွင် ရခိုင်တွင် မြို့သူကြီးငသန်တဲ ဆိုသူ ခေါင်းဆောင်သော ပုန်ကန်မှုတစ်ရပ် ပေါ်ပေါက် လာခဲ့သည်။ မြန်မာတို့သည် ငသန်တဲအား လိုက်လံတိုက်ခိုက်သောအခါ ဗြိတိသျှပိုင်နက်ဖြစ်သော ဘင်္ဂလားနယ်ထဲ သို့အလုံးအရင်းဖြင့် ခိုဝင်သည်။ မြန်မာတို့ကလည်း ဗြိတိသျှ ပိုင်နက်တွင်းသို့ပင် လိုက်လံဝင်ရောက် တိုက်ခိုက်ခဲ့သည်။ သို့ဖြစ်၍ ဗြိတိသျှနှင့် မြန်မာဆက်ဆံရေးမှာ တင်းမာသည်ထက် တင်းမာလာလေ သည်။ ကလကတ္တားရှိ ဗြိတိသျှဘုရင်ခံ ဝယ်လက်စလေသည် ဘိုးတော်ဘုရားအား သားတော် အိမ်ရှေ့မင်းနှင့် တောင်ငူမင်း တို့က နန်းချ မည်ဆိုက နန်းချနိုင်လောက်အောင် အားနည်း သည်ဟု အယူရှိသည်။ ထို့ကြောင့် ကက်ပတိန်ဆိုင်းအား အိမ်ရှေ့မင်းနှင့် တောင်ငူမင်းထံ ချဉ်းကပ်ရန် ဒုတိယအကြိမ် စေလွှတ်သည်။ သို့ရာတွင် ဝယ်လက်စလေ ထင်မြင်သကဲ့သို့ ဘိုးတော်ဘုရားသည် အားနည်းသော ဘုရင်မဟုတ်ကြောင်းကို ကက်ပတိန်ဆိုင်း သိရှိရသည်။ ဘိုးတော်ဘုရားသည် ဒုတိယ အကြိမ် ထပ်မံရောက်လာသော ကက်ပတိန်ဆိုင်းအား ပထမ ခေါက်ထက်ပင် အရေးမပေးရှိသည်။ ဗြိတိသျှ ကိုယ်စားလှယ် ထက် ပြင်သစ် ကိုယ်စားလှယ်မှာ ပိုမို၍ အရေးပေးခံရသည်ကို ကက်ပတိန်ဆိုင်း သိမြင်ခံ စားခဲ့ရသည်။ သို့ဖြစ်၍ မြန်မာ တို့ထံပါး ပြင်သစ်တို့အရေးသာနေမှုကို ဖြိုဖျက်ရန် ကလ ကတ္တားရှိ ဗြိတိသျှတို့အဖို့လိုအပ်လာသည်။ ထို့ကြောင့် ကက်ပတိန်ဆိုင်း ပြန်လာသောအခါ ကက်ပတိန်ကန်းနင်းကို ထပ်မံ၍ စေလွှတ်ပြန်သည်။

ကက်ပတိန်ကန်းနင်း အဖွဲ့သားများသည် အင်းဝသို့ သက္ကရာဇ် ၁၁၇ဝ ပြည့်နှစ်တွင် ရောက်လာကြသည်။ ကက်ပတိန်ကင်းနင်း၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အခြေ အနေသည် အင်အားနည်းပါးနေကြောင်း၊ ဗြိတိသျှတို့၏ အင်အားကို မြန်မာတို့အထင်မကြီးကြောင်းနှင့် စစ်တကောင်း နှင့် ဒက္ကားကို မြန်မာတို့တိုက်ခိုက်ရန် ကြံရွယ်နေကြောင်း ပါရှိသည်။

သက္ကရာဇ် ၁၁၇၃ ခုနှစ်တွင် သူပုန်ငသန်တဲ၏ သားငချင်းပျံသည် ဘင်္ဂလားနယ်မှ ရခိုင်သို့ဝင်ရောက် တိုက်ခိုက်သည်။ မြန်မာတို့က ငချင်းပျံကို ဗြိတိသျှတို့ အားပေးသည်ဟု ယူဆသဖြင့် ဗြိတိသျှ မြန်မာ ဆက်ဆံရေး မှာ ပိုမိုဆိုးရွားလာလေသည်။

ဝဇ္ဇီတိုင်း ဝေသာလီပြည်ကြီးကို အစိုးရသော မင်းက လည်း ၁၁၅၈ ခုနှစ်တွင် လက်ဆောင်ပဏ္ဏာများနှင့် တကွ သမီးတော် စွံပါဝတီကို ဆက်သ၍ ဘဝါးကျွန်အဖြစ်ခံရာ ဝေသာလီမင်းသမီးအား သီရမဟာ ဝိမလာဒေဝီ ဘွဲ့ဖြင့် မြှောက်စားလေသည်။ ထို့နောက် စွံပါဝတီ၏ ညီမတော် ရွတ်ပုရိ၊ ပဒုမ္ပနီ ဥပေါထရာ သမီးကညာ ၃ ပါးကို ဝေသာလီမင်းက ဆက်သ၍ ဘဝါးကျွန်းအဖြစ် ခံတော်မူသည်။

မဇ္ဈိမတိုက် ၁၆ တိုင်းကလည်း အထူးထူးသော လက်ဆောင် ပဏ္ဏာတို့ဖြင့် နှစ်စဉ်မပြတ် ဆက်သပို့ရောက်သည်။ သီဟိုဠ် မင်းကလည်း သာသနာတော် တည်ထွန်းပွင့်လင်းအောင် မစပြုစုတော်မူပါမည့်အကြောင်း အထူးထူးသော လက်ဆောင် များဖြင့် ခြေတော်ဦးခိုက်၍ သီဟိုဠ်တစ်ကျွန်းလုံး နှင်းအပ် ဆက်သသည်။

၁၁၇၄ ခုနှစ်တွင် မဏိပူရ ကသည်းစော်ဘွား မဟာ ရာဇာနှင့် ဇူပရာဇာတို့မသင့်မတင့် ရှိသောကြောင့် ဇူပရာဇာ ထွက်ပြေးလာ၍ ဘိုးတော်ဘုရားထံ ခြေတော်ဦးခိုက် ခိုဝင် လာသည်။ မဟာရာဇာဇူပရာဇာ ညီနောင် ၂ ဦး သင့်တင့်ရန် ဖြန်ဖြေဖို့မဟာရာဇာအား အခေါ်လွှတ်ရာ မလာမရောက် နေသဖြင့် ချီတက်တိုက်ခိုက်စေရာ မဏိပူရမြို့ကို သိမ်းယူ

ရရှိလေသည်။

 
မင်းကွန်းခေါင်းလောင်းတော်ကြီး

သာသနာရေးဘက်၌လည်း ဘိုးတော်ဘုရားသည် အထူးဂရုပြုကာ ဆောင်ရွက်တော်မူ၏။ စစ်ကိုင်း အိမ် တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဘိုးတော်ဘုရား ၏ ကောင်းမှုတော်များ ဖြစ်သည်။ မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင် မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။ မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅ ခန့်အချိန်ရှိသော ကြေးခေါင်းလောင်းကြီး ကိုလည်း ဘိုးတော်ဘုရားက သွန်းလုပ် လှူဒါန်းတော်မူသည်။

နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၅၆ မြို့သို့တစ်မြို့လျှင် ပိဋကတ်တော် တစ်စုံနှင့် သံဃာတော် ၅ ပါးကို သာသနာပြု စေလွှတ်တော်မူသည်။ သီဟိုဠ်မှလည်း သာသနာပြုစုပါမည့်အကြောင်း လျှောက်ထားသဖြင့် ပိဋကတ် စာပေနှင့် ရဟန်းတော်များပို့၍ သာသနာပြုသည်။ သီရိဓမ္မာ သောက မင်းကြီးသည် မုဋ္ဌောဘုရားများကို တစ်ချိန် တစ်ခါ တည်း တည်လုပ်သကဲ့သို့ဘိုးတော်ဘုရားသည် မြန်မာနိုင်ငံ အရပ်ရပ်ရှိဌာန ၂၃ဝ ၌ ရွှေဂူ ၂၃ဝ ကို တစ်ချိန်တည်း တည်တော်မူသည်။ ထိုပြင် သပိတ်မှောက်အောက်တိုင် ပြိုပျက်နေသော ဟံသာဝတီ-မော်ဓောရှင် စေတီတော်ကို ပြန်လည်တည်လုပ်ရန် ဝန်ကြီးမဟာသီဟသူရအား ကံကျွေး လက်ခ ငွေတော်ပေးအပ်၍ စေလွှတ်ပြင် ဆင်တော်မူစေသည်။

ပြိုကျပျက်စီးသော အခြားထင်ရှားသည့် ဘုရားစေတီတော် များကိုလည်း အသစ်တည်၍ ရွှေထီးထွတ်တင် လှူတော်မူ သည်။ ရဟန်းသံဃာတော်များ အတင်ဂိုဏ်း အရုံဂိုဏ်းဟူ၍ ဂိုဏ်းကွဲကြရာ ဘိုးတော်ဘုရားက ကျောင်းတိုက် အပြင်အပသို့ ထွက်ကြွတော်မူသည့်အခါ သင်္ကန်းကို ရုံသင့်သည်ဟု အရုံ ဂိုဏ်းကို အနိုင်ပေး၍ ဆုံးဖြတ်ကာ သာသနာတော်အား တညီ တစ်ညွတ်တည်း ဖြစ်စေခဲ့သည်။

ဘိုးတော်ဘုရား လက်ထက်၌ အနောက်အိန္ဒိယ မဇ္ဈိမဒေသ တိုင်းကြီးရပ်ရပ်သို့လည်း မှူးမတ်အရာရှိတို့ကို ပညာတော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာကျမ်းများ၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့်သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် ဘင်္ဂလီ၊ နာဂရီ၊ သက္ကတဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း ၁ဝဝ ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင် ပါဠိဘာသာ၊ မြန်မာဘာသာ ပြန်ဆိုစေသည်။ အိန္ဒိယနိုင်ငံတစ်ဝန်းကို လှည့်လည်ခဲ့သော မြန်မာမှူးမတ်တို့သည် မဟာဗောဓိပင်ကို ဝင်ရောက်ဖူးမြော်၍ ဗောဓိပင်ပွား နှစ်ပင်ကို ပင့်ဆောင်ခဲ့ကြသည်။

ဘိုးတော်ဘုရား၏ မိဖုရားခေါင်ကြီးကား မင်းသီရိရန္တဇ သမီးတော် မဟာအတုလ ဒေဝီနှင့် အင်းဝ ဗိုလ်မှူးတို့၌ ၁၁ဝ၅-ခုနှစ်တွင် မြင်သည့် သမီးတော် အောင်မြေဘုံကျော် ကျောင်းဒါယိကာမ သီရိပဝရ မဟာရာဇိန္ဒာ မင်္ဂလာရတနာဒေဝီ ဖြစ်သည်။ ၁၁၂၂ ခုနှစ်တွင် မင်းတရားကြီးနှင့် စုလျားရစ်ပတ်၍ ၁၁၆၈ ခုနှစ် တပေါင်းလတွင် နတ်ပြည်စံသည်။

ဘိုးတော်ဘုရားတွင် သားတော်၊ သမီးတော်ပေါင်း (၁၂၂)ယောက်ရှိသည်တွင် သမီးတော် (၆၁)ပါး၊ သားတော် (၆၁)ပါးဖြစ်သည်။

ဘိုးတော်ဘုရား လက်ထက်၌ မှူးကောင်းမတ်ကောင်း သူရဲကောင်းတို့သာ ပေါသည်မဟုတ်၊ စာဆိုပညာရှိကြီးများစွာ ထွန်းကားခဲ့သည်။ မင်းလက်ဝဲသုန္ဒရ၊ တွင်းသင်းမင်းကြီး မဟာစည်သူ၊ ဝက်မစွတ်မြို့စား နဝဒေး၊ အမတ်ကြီး ဦးပေါ်ဦး၊ သာချင်းဆရာကြီး ဦးအောင်ဖြိုး၊ ဝန်ကတော် မယ်ခွေမင်းဘူးဆရာတော် ဦးဩဘာသ စသည်တို့သည် ဘိုးတော်ဘုရား လက်ထက် ကျော်ကြားသော စာပြုစာဆို ပညာရှိကြီးများ ဖြစ်သည်။ [၃]

ထင်ရှားသူများပြင်ဆင်

ကိုးကားပြင်ဆင်

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named cb-4
  2. ညိုမြ၏ "ကုန်းဘောင်ခေတ်ရှာပုံတော်" စာအုပ်
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)