တုပ်ကွေးရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Influenza vaccine)သည် တုပ်ကွေးရောဂါကို ကာကွယ်ပေးသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] တုပ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် လျင်မြန်စွာ ပြောင်းလဲလျက်ရှိသောကြောင့် ကာကွယ်ဆေးအမျိုးအစားအသစ်များ တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်နေရသည်။[၁] အများအားဖြင့် တုပ်ကွေးရောဂါကို အသင့်အတင့်မှ အမြင့်ဆုံးအထိ ကာကွယ်ပေးနိုင်သော်လည်း အကျိုးသက်ရောက်မှုမှာ တစ်နှစ်နှင့်တစ်နှစ် ကွဲပြားခြားနားသည်။[၁][၂] အသက်(၆၅)နှစ်နှင့်အထက် လူကြီးများကိုပေးပါက အကျိုးသက်ရောက်မှု နည်းပါးသည်။[၃][၄] ဤကာကွယ်ဆေးထိုးခြင်းဖြင့် ပျှမ်းမျှအလုပ်ပျက်ကွက်သောနေ့များ နည်းပါးသွားကြောင်းတွေ့ရသည်။[၅] ကလေးများကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် အနီးပတ်ဝန်းကျင်ရှိကလေးများကိုပါ တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်နိုင်သည်။ [၁]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့်တိုက်ဖျက်ရေး ဗဟိုဌာနမှ တုပ်ကွေးရောဂါကာကွယ်ဆေးကို အသက်(၆)လအထက် လူများအားလုံးကို နှစ်တိုင်းပေးရန်အကြံပြုထားသည်။[၁][၆] အထူးသဖြင့် ကိုယ်ဝန်ဆောင်နေသူများ၊ အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးများ၊ ရောဂါရှိသူများ၊ အမေရိကန်နိုင်ငံသားများနှင့် ကျန်းမာရေးအခန်းကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသူများသည် ဤကာကွယ်ဆေးထိုးထားသင့်သည်။[၇][၁]

တုပ်ကွေးရောဂါကာကွယ်ဆေးသည် ယေဘုယျအားဖြင့် စိတ်ချရသောဆေးဖြစ်သည်။ ကလေးများ (၅-၁၀)ရာခိုင်နှုန်းခန့်တွင် ကိုယ်ပူခြင်း၊ ကြွက်သားများ နာကျဉ်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တတ်သည်။ အချို့နှစ်များ၌ လူပေါင်းတစ်သန်းတွင် တစ်ယောက်ခန့် ဂီလန်ဘာရေး ရောဂါလက္ခဏာစု(Guillain-Barre syndrome)ဖြစ်တတ်သည်။ ဥနှင့်ပြင်းထန်စွာ မတည့်သောလူများ၊ ယခင်ကာကွယ်ဆေးအမျိုးအစားများနှင့် ပြင်းထန်စွာ ဆေးမတည့်သည့်တုံ့ပြန်မှုဖြစ်ဖူးသူများကို မပေးသင့်ပါ။ ဤကာကွယ်ဆေးကို အသက်မရှိတော့သော ရောဂါပိုးဖြင့်ပြုလုပ်ထားသောဆေးနှင့် အသက်ရှိသော်လည်း အားပျော့သည့်ရောဂါပိုးဖြင့်ပြုလုပ်ထားသောဆေး နှစ်မျိုးလုံးအနေဖြင့် ရရှိနိုင်သည်။ ကိုယ်ဝန်ဆောင်နေသူများကို အသက်မရှိတော့သော ရောဂါပိုးဖြင့်ပြုလုပ်ထားသောဆေး ပေးသင့်သည်။ ကြွက်သားထဲသို့ ထိုးနှံသည့်ဆေး၊ နှာခေါင်းထဲသို့ ဖြန်းထည့်သည့်ဆေး၊ အရေပြားအလယ်လွှာထဲသို့ ထိုးနှံသည့်ဆေးဟူ၍ အမျိုးမျိုးရှိသည်။[၁]

တုပ်ကွေးရောဂါကာကွယ်ဆေးထိုးပေးခြင်းကို (၁၉၃၀)ခုနှစ်ပိုင်းတွင် စတင်ခဲ့ပြီး အမေရိကန်နိုင်ငံ၌ (၁၉၄၅)ခုနှစ်တွင် အများအပြားရရှိနိုင်လာသည်။[၈][၉] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၁၀] (၂၀၁၄)ခုနှစ် ဆေးတစ်လုံး၏ လက်ကားဈေးမှာ (၅.၂၅)ဒေါ်လာခန့်ဖြစ်သည်။[၁၁] အမေရိကန်နိုင်ငံတွင် (၂၅)ဒေါ်လာအောက်ပေးရသည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ "Vaccines against influenza WHO position paper – November 2012." (Nov 23, 2012). Wkly Epidemiol Rec 87 (46): 461–76. PMID 23210147. 
  2. "Effectiveness and harms of seasonal and pandemic influenza vaccines in children, adults and elderly: a critical review and re-analysis of 15 meta-analyses" (July 2012). Hum Vaccin Immunother 8 (7): 851–62. doi:10.4161/hv.19917. PMID 22777099. 
  3. "Efficacy and effectiveness of influenza vaccines: a systematic review and meta-analysis." (Jan 2012). The Lancet. Infectious diseases 12 (1): 36–44. doi:10.1016/S1473-3099(11)70295-X. PMID 22032844. 
  4. "Vaccines for preventing influenza in the elderly" (Feb 17, 2010). The Cochrane database of systematic reviews (2): CD004876. doi:10.1002/14651858.CD004876.pub3. PMID 20166072. 
  5. "Vaccines for preventing influenza in healthy adults." (13 March 2014). The Cochrane database of systematic reviews 3: CD001269. doi:10.1002/14651858.CD001269.pub5. PMID 24623315. 
  6. Who Should Get Vaccinated Against Influenza။ U.S. Centers for Disease Control and Prevention (2015-11-04)။ 2015-12-08 တွင် ပြန်စစ်ပြီး။
  7. "Influenza Virus Vaccine Inactivated".
  8. Compans၊ Richard W. (2009)။ Vaccines for pandemic influenza။ Dordrecht: Springer။ p. 49။ ISBN 9783540921653
  9. Vaccine Analysis: Strategies, Principles, and Control။ Springer။ 2014။ p. 61။ ISBN 9783662450246
  10. 19th WHO Model List of Essential Medicines (April 2015)။ WHO (April 2015)။ May 10, 2015 တွင် ပြန်စစ်ပြီး။
  11. Vaccine, influenza။ 6 December 2015 တွင် ပြန်စစ်ပြီး။
  12. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 314။ ISBN 9781284057560