တုရင်တောင်
တုရင်တောင်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းအနောက်ဘက်၊ ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့် အကွာတွင် တည်ရှိသည်။ တုရင်တောင်သည် ပုဂံနယ်နိမိတ်ကို သတ်မှတ်ထားသကဲ့သို့ ရှိနေသည်။ အထူးသဖြင့် မြို့ပြနေပြည်တော်ကို ဝန်းရံကာဆီးထားသော သဘာဝမြို့ရိုးလည်း ဖြစ်သည်။ တုရင်တောင်သည် ပုဂံမြို့ပြ နယ်နိမိတ်အစလည်း ဖြစ်သည်။ တုရင်တောင်ပေါ်မှ ညောင်ဦးတစ်ဖက်(ဧရာဝတီမြစ်ကမ်း) ၌တည်ရှိသော တန့်ကြည့်တောင်စေတီ စွယ်တော်မြတ်စေတီကို လှမ်း၍ ဖူးမြှော်နိုင်သည်။ တုရင်တောင်တွင် စတုတ္ထမြောက် စွယ်တော်မြတ် ကိန်းဝပ်ရာစေတီတော်မြတ် တည်ရှိသည်။
သက္ကရာဇ် ၄၂၁ ခုနှစ်တွင် တုရင်တောင်စေတီတော်မြတ်ကို တည်ခဲ့ခြင်းဖြစ်သည်။
အမည်အမျိုးမျိုး
ပြင်ဆင်ရန်တုရင်တောင်=မြင်းကဲ့သို့ လျင်မြန်စွာ သွားတတ်ခြင်း၊ မြင်းနှင့်တူသောတောင် ဟူ၏။ တုရင်တောင်ကို တုံ့ဝပ်တောင်(ဆင်ဖြူတော် တုံ့ခနဲဝပ်ခြင်း)၊ တုပ်ဝပ်တောင်(ပဆစ်တုပ်ဝပ်တွားခြင်း)၊ တူရွင်းတောင်၊ တုရင်းတောင်၊ သက်စိုးတောင်(သက်လူမျိုးများ စိုးမိုးနေထိုင်ဖူးခြင်း)(သက်မင်းကတုံ၏ ဦးခေါင်းအား ရတနာပန်းတောင်းတွင် တင်၍ နှစ်စဉ်ကန်တော့ကြခြင်း) စသည်ဖြင့် အမည်နာမ အမျိုးမျိုး ခေါ်ကြသည်။
အနော်ရထာမင်းကြီး၏ရတနာဆင်ဖြူတော်သည် စွယ်တော်ပွားကို ပင့်ဆောင်လာကာ ဤတောင်ပေါ် ရောက်သည့်အခါ တုံ့ခနဲဝပ်သွား၍ တုံ့ဝပ်တောင်၊ ပုဆစ်တုပ်ဝပ်သွားသဖြင့် တုပ်ဝပ်တောင်ဟု ခေါ်တွင်ကြောင်း ဆိုကြသည်။ တစ်ချိန်တစ်ခါက သက်လူမျိုးများ စိုးမိုးနေထိုင်ခဲ့ဖူးကြောင်း သက်စိုးတောင်ဟူ၍လည်း ခေါ်ဆိုကြသည်။
တုရိုင်တိုင်
ပြင်ဆင်ရန်ထိုသို့ အမျိုးမျိုး ခေါ်ဆိုကြသည့်အနက် တုရိုင်တိုင်ဟူသော အခေါ်အဝေါ်နှင့် ပတ်သက်၍ ပုဂံရှေးဟောင်း သုတေသနအရာရှိ ဆရာဦးဗိုကေမှ တုရင်တောင်သည် ပုဂံနယ်နိမိတ် သတ်မှတ်ထားသလို ဖြစ်ခြင်း၊ ပုဂံနေပြည်တော်အား ဝိုင်းရံတားဆီးသည့် သဘာဝမြို့ရိုး ဖြစ်ခြင်း၊ မြို့ပြနယ်အစပ်၊ မြို့အဝင် မုခ်ဦး အထမ်းအမှတ် တုရိုင်တိုင်ကို စိုက်ထူသတ်မှတ်ထားလျှင် မင်းမှုထမ်းတို့သည်လည်း ပြည့်စုံစွာရှိရမည်။ ထို့ကြောင့် ထိုတောင်တန်းအား တုရိုင်တိုင်ရှိသော တောင်တန်း၊ မင်းမှုထမ်းတို့ နေသော ရွာကို တုရိုင်တိုင်ရွာဟု ခေါ်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ (ယခုတိုင် တူရွင်းတိုင်ရွာ ရှိနေဆဲဖြစ်သည်။)
တရုတ်ပြေးကျောက်စာတွင် တုရင်္ဂဂီရိဟု တွေ့ရှိရပြီး စူဠာမဏိကျောက်စာတွင် တုရင်တောင်ဟူ၍လည်းကောင်း၊ စောရဟန်းသိမ်ကျောက်စာတွင် တုရင်းတိုင် ဟူ၍လည်းကောင်း၊ ပျူစောထီး၏ ဆရာရသေ့သည် တုရင်တောင်တွင် သတင်းသုံးသည်ဟု ရွှေစည်းခုံသမိုင်းသစ်ကျမ်းတွင် ဖော်ပြပါရှိလေသည်။
တုရင်တောင်ကား ဘုရားအလောင်းနုစဉ်က ဆဒ္ဒန်ဆင်မင်းဘဝ တစ်ကြိမ်၊ ခြင်္သေ့မင်းဘဝ တစ်ကြိမ်၊ သိန်းငှက်ဘဝ တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ကျင်လည်ကျက်စားခဲ့ဖူးသည် ဖြစ်ပြီး ယခုစွယ်တော်မြတ်တင်၍ အဓိဋ္ဌာန်ဖြင့် လွှတ်သော ဆင်ဖြူတော်သည် ဤတောင်ထိပ်၌ စတုတ္ထအကြိမ်မြောက် ဝပ်တော်မူသည်။
တောင်တစ်ခွင် ပတ်ဝန်းကျင်
ပြင်ဆင်ရန်တုရင်တောင်တန်း၏ တောင်ဘက်အဆုံးသည် ကျောက်ပန်းတောင်းနယ်၊ ဂွေးချိုရွာတွင် အဆုံးသတ်သည်။ ဂွေးချိုတောင်၊ မိုလာတောင်ဟု ခေါ်ကြသည်။ တက်မရွာအနီးမှ တောင်ကို တက်မတောင်၊ ပန်းကုံးစပင်ရွာမှတောင်ကို ပန်းကုံးပင်တောင်၊ ဒါန်းရွာအနီးမှတောင်ကို ဒါန်းတောင်ဟု ခေါ်ကြသည်။ တုရင်တောင်၏ အနောက်ဘက်တွင် ပုဂံခေတ်၊ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး တူးဖော်ခဲ့သော မြကန်ရှိသည်။
ရွာများ
ပြင်ဆင်ရန်တောင်၏ အရှေ့ဘက်တွင် တောင်ပရွာ၊ တောင်ရှေ့ရွာ၊ ကုန်းရွာ၊ မန်ကျည်းစောက်ရွာ၊ ဝါခင်းကြီး၊ စုတည်ရွာ၊ ထန်းနောင်းဝန်းရွာ တို့ရှိသည်။ အနောက်ဘက်တွင် တုရွင်းတောင်ရွာ၊ ညောင်တိုရွာ၊ လက်ဝဲရွာ၊ သဲပြင်တောရွာ၊ အနောက်အုံ၊ ချောင်းရှည်၊ ချောင်းဝ၊ ငလင်းတုတ်၊ ပန်းကုန်းပင်၊ အုတ်လှေကား၊ ညောင်ပ၊ ပဒိုင်းရွာတို့ တည်ရှိသည်။
တုရင်တောင်ကြောတွင် အလောင်းစည်သူမင်းကြီးက မိမိမအိုသေးကြောင်း သူခိုးယောင်ဆောင်၍ မြင်းစီးပြီး အစွမ်းပြသောနေရာ ဖြစ်သည်ဟု ရှေးဟောင်းမြန်မာ ရာဇဝင်များ၌ ဆိုထားသည်။ ထို့ကြောင့် ပုဂံအလှနှင့် ပုဂံသားတို့ စွမ်းအားကို ဖော်ကျူးသော နေရာဟု ဆိုကြခြင်း ဖြစ်သည်။ ရှင်အရဟံ ပရိနိဗ္ဗာန်စံသောအခါ တုရင်တောင်ခြေ၌ အန္တိမဈာပန ကျင်းပပြုလုပ်ခဲ့သည်ဟု လည်းဆိုကြသည်။ အဆောက်အဦ မှန်သမျှ ကျောက်ဆစ်အနုပညာ မှန်သမျှ တုရင်တောင်မှ ကျောက်တုံးကျောက်သားများ ဖြစ်သည့် အလျောက် ပုဂံဂုဏ်ဆောင် တုရင်းတောင် ဟူ၍လည်းဆိုကြသည်။